တောတွင်းရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၂၀၁၂ခုနှစ်အတွင်းမှစ၍ တပ်သားစုဆောင်ခြင်း ကို ပြုလုပ်လာခြင်းကြောင့် ဒေသခံ ရွာသူရွာသားများမှာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်ခြင်းမျိုးလည်း ရှိသည်ဟု ၄င်းက ဆက်လက်ပြောသည်။
“အိမ်ထောင်သည်ဆိုရင် တပ်သားအဖြစ် မခေါ်ဘူး၊ ကိုရင်တို့ ဘုန်းကြီးတို့ဆိုရင် မခေါ်ဘူးလေ၊ ဒါကြောင့် လူငယ်တော်တော်များများက အိမ်ထောင်ပြုလိုက်ကြတယ်၊ အိမ်ထောင်မပြုချင်တဲ့ လူငယ်တွေက တစ်ခြား ရွာတွေမှာ ကိုရင်ဝတ်ကြတယ်၊ အခု ဘယ်ရွာမဆို လူငယ်တွေ မရှိတော့ဘူး” ဟု လားရှိုးမြို့နှင့် သီပေါမြို့ အကြားရှိ ရှမ်းရွာမှ ခေးစောဝ်ဖ က ပြောသည်။
အဆိုပါမြို့နှစ်မြို့အကြားရှိ ကျေးရွာများ၌ အစိုးရအဖွဲ့အစည်း အချို့ရှိသော်လည်း ဒေသခံများအနေဖြင့် အခြားမြို့/ ရွာများသို့ ပြောင်းရွှေ့နေထိုင်ခြင်းမှာ ၄င်းတို့၏ဘ၀လုံခြုံမှုအတွက် အာမခံချက်ရှိသည်ဟု ပိုမိုယူဆသည့်အတွက် ယခုကဲ့သို့ ပြုလုပ်လာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
ရွာသူရွာသားများအား တပ်သားစုဆောင်းရန်စေခိုင်းခံရခြင်းကို ဒေသခံကျေးရွာအကြီး အကဲများနှင့် လိုက် နာခြင်းမရှိပါက အကြီးအကဲထံသို့ သေနတ်ကျည်ဆံအား စာအိတ်ဖြင့်ပို့ကာ သတိပေးတတ်သောကြောင့် အချို့ကျေးရွာအကြီးအကဲများမှာ တပ်သားများစုဆောင်း ပေးရလေ့ရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။
အဆိုပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ အား မေးမြန်းရာ၌ လက်ရှိတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်း မရှိသကဲ့သို့ တပ်သားစုဆောင်ခြင်း မျိုးလည်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေဆိုခဲ့သည်။
“တိုက်ပွဲတွေမဖြစ်တာ တော်တော်ကြာပါပြီ၊ ရှေ့တန်းသွားနေတာတွေတော့ ရှိတာပေါ့၊ နယ်မြေ အနေအထားကတော့ ငြိမ်နေတယ်လို့ပြောရမှာပါပဲ၊ အဲ့လိုတပ်သားစုဆောင်းတာ တွေရှိတယ်ဆိုတာတော့ ကျွန်တော်တို့ဘက်က မကြားပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။
၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရတပ်သားများနှင့် ရှမ်း/မြောက်ဒေသ အတွင်းရှိ တောတွင်း လက်နက်ကိုင် တပ်များအကြားတိုက်ပွဲများ မရှိသလောက်ငြိမ်သက်ခဲ့သော်လည်း လက်နက်ကိုင်တပ်များမှ
တပ်သားစုဆောင်းမှုကို ယနေ့တိုင်ပြုလုပ်နေဆဲရှိသည်ဟု ဒေသခံတို့က ဆိုသည်။
From : Myit Makha Mediagroup
No comments:
Post a Comment