Sunday, August 26, 2012

ကြွက်များဖျက်ဆီးမှုကြောင့် ပြောင်းစိုက် ခင်းများပျက်စီး



ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် အောက်ဆင်ဘိုမြို့နယ်ခွဲရှိ ကျေးရွာများ တွင် သြဂုတ် ၂ဝ ရက်မှစ၍ မရေမတွက်နိုင်အောင် များပြားလှသော ကြွက်အုပ်ကြီး ဖျက်ဆီး စားသောက်မှုကြောင့် ပြောင်းခင်းဧက အများအပြား ပျက်စီးခဲ့ကြောင်း သိရသည်။

ဆင်ဘိုမြို့နယ် ခွဲတွင် ဆင်ဘို၊ ဝဲကြီးညောင်ပင်သာ၊ မြင်သာ၊ ရေနား၊ ပင်လုံ ကျေးရွာတို့မှ တောင်သူများ စိုက်ပျိုး ထားသော ပြောင်းဖူးစိုက်ခင်း ခန့်မှန်းဧက ၅ဝ ခန့်မှာ ကြွက်များဖျက် ဆီးခြင်းကြောင့် ပျက်စီးခဲ့ရသည်။ ၎င်းကြွက်များမှာ အလျား ၆ လက်မခန့်နှင့် အလေးချိန် ငါးကျပ်သားမှ ၅ဝကျပ်သား အထိရှိပြီး ဝမ်းဗိုက် အဖြူရောင်နှင့် ခန္ဓာကိုယ် အနက်ရောင်ရှိသည်။ အဆိုပါ ကြွက်များကို မြို့နယ်ခွဲမှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံကျေးရွာ သားများ ဝိုင်းဝန်းနှိမ်နင်းမှုကြောင့် ကြွက် ကောင်ရေ ၁၈ဝဝ ကျော်ခန့်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့သည်။

၎င်းကြွက်များသည် ဝါးပင်များသီးပွင့်သည့် ဝါးတောများသို့ သွားရောက်ရာ မှတစ်ဆင့် ယခုကဲ့သို့ ပြောင်းဖူး ခင်းများကို ဝင်ရောက်ဖျက်ဆီး စားသောက် ခြင်းဖြစ်သည်။ သြဂုတ် ၂၂ ရက်မှစ၍ ဧရာဝတီမြစ် အနောက်ဘက် ကမ်းရှိ ပင်တော်၊ တောပင်လုံနှင့် မန်ကင်းကျေးရွာ များဆီသို့ ဧရာဝတီမြစ်ကြောင်း အတိုင်း စုန်ဆင်းကူးခပ် ကြရာတွင်လည်း စက်လှေများနှင့် မြစ်အတွင်း လိုက်လံနှိမ်နင်း သတ်ဖြတ်နေရကြောင်း၊ ၎င်းတို့မှာ တစ်ဖက်ကမ်း ဝါးတောရှိ ဝါးသီးများ ပွင့်ရာသို့ ကူးခပ်သွားလာ လျက်ရှိသည်ကို တွေ့မြင်ရကြောင်း ဒေသခံပြည်သူ တစ်ဦးထံမှ သိရှိရသည်။

From: MWD

No comments:

Post a Comment