ကဲ သူငယ်ချင်းတို့၊ ဒီနေ့တော့ အလုပ်နားရက်လေးကို အပြင်မထွက်ပဲ အတီးကိုယ်တိုင် ဝင်ရောက်လေးလာခဲ့ရဖူးတဲ့ လျှို့ဝှက်ရှေးဟောင်း မြေအောက်ဥမင်တခုအကြောင်းကိုတင်ဆက်ပေးပါရစေ။(အမှန်က ပိုက်ဆံကုန်မှာဆိုးလို့ သာဖြစ်တယ်)
ဒီအကြောင်းကို မပြောခင်မှာ ရှေးမြို့ဟောင်းနဲ့ ဘုရားတွေရှိ လှိုဏ်တွေနဲ့ ရည်ရွယ်ချက်ကို အရင်ရှင်းလင်းပါရစေ။ရှေးလူကြီးတွေဟာ
အကြောင်းအမျိုးမျိုးကြောင့် ရှေးဟောင်းသာသနိက အဆောက်အဦးတွေနဲ့
စေတီဘုရားပုထိုးတချို့တွေဆီမှာ ဥမင် လှိုဏ်ခေါင်းတလျှောက်တွေ
ဖောက်လုပ်ခဲ့ကြပါတယ်။ဘာရည်ရွယ်ချက်တွေနဲ့ အပင်ပန်းခံပြီး တော့
ဖောက်ခဲ့ကြသလဲဆိုတာကို အတီး လေ့လာမိသလောက်တင်ပြပေးပါ့မယ်။ ပြီးရင်တော့
သူငယ်ချင်းတို့ သိထားတာလေးတွေနဲ့ အမြင်တွေကို သုံးသပ်ဆွေးနွေးကြတာပေါ့
မဟုတ်ဘူးလား။
(၁) ရှေးဟောင်း အဆောက်အဦးများတွင် ပင်လယ်ဝသို့ မြစ်ဝထိရောက်အောင် ဥမင် ဖောက်လုပ်ကာ ထိုဥမင်မှ တဆင့် ရေတို့ကို လိုချင်သည့် အဆောက်အဦးနေရာထိရောက်အောင် ဝင်ရောက်စေပြီး အဆောက်အဦး၏အပူချိန်ကို ထိန်းညှိပေးခြင်း
အားလုံးသိကြတဲ့ အတိုင်းပါပဲ။ ရေရဲ့သဘောဟာ ကုန်းမြေထက် စာရင် အပူရှိန်ကို စုပ်ယူနည်းပါးပီး ပတ်ဝန်းကျင်ကို အေးမြစေတယ်။ညအခါရောက်လို့ရှိရင်လည်း စုပ်ယူထားပြီးတဲ့ အပူရှိန်ကို ကုန်းမြေလောက် ကြီးမြန်မြန်ဆန်ဆန် မကုန်ခန်းစေပဲ တဖြေးဖြေးနဲ့ ပြန်ထုတ်ပေးပြီး အနီးအနားကို နွေးထွေးစေတယ်ဆိုတာကိုတော့ လူတိုင်းသိရှိကြပြီးဖြစ်ပါတယ်။ ရှေးရှေးတုန်းက လူကြီးတွေဟာ ဒီနည်းလမ်းကို အသုံးပြုပြီးတော့ပဲ အဆောက်အဦးတွေနဲ့ အပူချိန်ကို ထိန်းညှိပေးလိုက်တာပါပဲ။ဒီပညာရပ်ဟာ သူ့ခေတ်သူ့အခါမှာတော့ အဆင့်အမြင့်ဆုံး ပညာရပ်(High Tec)တခုဖြစ်ခဲ့တာပေါ့။
အနီးစပ်ဆုံးဥပမှာပေးရရင်တော့ ရှေးဟောင်းပုဂံမြို့က ဘုရားပုထိုး တချို့နဲ့ ရွှေတိဂုံဘုရားကြီးပဲဖြစ်ပါတယ်။ပုဂံမြို့ရှိ ဘုရားအတော်များများကတော့ ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲမှူနဲ့ အတူ ဂူတွေရော။စေတီတွေပါ မျောပါပျက်စီးကုန်ပြီဖြစ်လို့လေ့လာရန်မလွယ်ကူတော့ပေမဲ့လည်း ရွှေတိဂုံဘုရားကြီးကတော့ အခုထိလေးလာလို့ရနိုင်ပါသေးတယ်။အာဏာပိုင်နဲ့ ဘုရားဂေါပက လူကြီးတွေ ရဲ့ ခွင့်ပြုချက်ရမယ်ဆိုရင်ပေါ့။(ဟဲဟဲ ကြပ်ပေးလိုက်ပြီ)။ကမ္ဘာမှာဆိုရင်တော့ ဒီနည်းပညာကို သုံးထားတဲ့ အဆောက်အဦးကတော့ ကမ္ဘောဒီးယားနိုင်ငံက နာမည်ကျော် အန်ကောဝတ်ကျောင်းတော်ကြီးပဲဖြစ်ပါတယ်။ပုဂံခေတ်နဲ့ခေတ်ပြိုင်ဖြစ်ခဲ့ပြီး ကမ္ဘာ္ဘ့အကြီးဆုံး ဟိန္ဒုဘာသာ ပုထိုးတော်ကြီး(တကယ်တော့ ထေရဝါဒနဲ့ မဟာယာန များပါရောနှောလျှက်ရှိ)ကိုကြည့်ချင်းအားဖြင့် ဒီနည်းပညာရပ်ဟာ ရှေးခေတ်က အရှေ့တောင်အာရှ ဒေသမှာ အတော်အတန်ထွန်းကားခဲ့တာ မြေကြီးလက်ခတ်မလွဲနိုင်ပါဘူး။ ဒီပညာရှင်တွေဟာလဲ ပုဂံအပါအဝင် အနီးအနားဒေသတော်တော်များများကို ပျံ့နှံ့နေထိုင်ခဲ့ကြတယ်လို့ယူဆမိပါတယ်။ကွာခြားချက်ကတော့ အန်ကောဝတ် ကျောင်းတော်ကြီးဟာ တခုတည်းကိုပဲ သဘာဝကျောက်တုံးကြီးများနဲ့ နှစ်ပေါင်းများစွာ အချိန်ယူဆောက်လုပ်ခဲ့ပြီးတော့ ပုဂံဒေသက စေတီပုထိုးများကတော့ လက်ဖြစ်အုတ်တွေအသုံးပြုပြီး များများနဲ့ မြန်မြန် တည်ဆောက်ခဲ့ကြတာပါပဲ။(မြန်မာတွေလေ သိတယ်မဟုတ်လား)ရလဒ်ကတော့ ပုဂံဘုရားများဟာ သဘာဝမြေကြီးကို အသုံးပြုထားတဲ့ အတွက် နှစ်ပေါင်းများစွာကြာလာတဲ့အခါမှာတော့ မြေကြီးတို့ရဲ့ သဘောအရ မြေဩဇာ အသွင်ဆောင်ကာ အပင်များပေါက်လာပြီး ထိန်းသိမ်းဖို့ အလွန်ခက်ခဲနေပါပြီ။
(၂) ရှေးမြန်မာတွေဟာ ဥမင်တလျှောက်သွယ်တန်းထားတဲ့ ဒီရေအားကို အသုံးပြုပြီးတော့ လိုအပ်တဲ့ စက်ယန္တရားများကိုလည်ပတ်စေခြင်း
အနီးစပ်ဆုံးဥပမာကတော့ ရွှေတိဂုံဘုရားဌာပနာတိုက်အတွင်းရှိ သုံးစက္ကန့်လည်ပြီး တစက္ကန့်နားတတ်တဲ့ ဓားစက်လှံစက်ကြီးပဲဖြစ်ပါတယ်။ဒီအကြောင်းနဲ့ပတ်သတ်ပြီး ကျွန်တော် အရင်ရေးသားပြီးဖြစ်တဲ့ စက္ကေ္ကာမပညာရပ်များအကြောင်းမှာအကျယ်တဝင့်ရေးသားပြီးဖြစ်လို့ ဒီမှာတော့ မရေးသားပေးတော့ပါဘူး။စိတ်ဝင်စားသူများကျွန်တော့ပို့စ်အဟောင်းကိုသာ သွားရောက်ဖတ်ရှူဖို့တိုက်တွန်းပါရစေ။
(၃) မမျှော်လင့်ပဲ ကျရောက်လာတတ်သော စစ်မက်ဘေးများကြုံလာပါက မြေအောက်ဥမင်လှိုဏ်ခေါင်းများမှ ထွက်ပြေးလွတ်မြောက်နိုင်ခြင်း
ဒီနေရာမှာတော့ အားလုံးသိရှိသဘောပေါက်ကြမယ်လို့ထင်ပါတယ်။ အခက်အခဲများနှင့်ရုတ်တရက်ကြုံလာပါက ရန်သူလက်မှလွတ်မြောက်အောင် ကြိုတင်စီစဉ်ထားတဲ့ ရှေးလူကြီးများရဲ့အမြှော်အမြင်ရှိတဲ့ အစီအစဉ်တခုပါပဲ။
ဒီမှာတော့ ကျွန်တော်တို့ မြန်မာတွေက ခံစစ်ပါမဟုတ်ပဲ ရှေ့တန်း တိုက်စစ်မှာပါသုံးခဲ့ကြောင်းကိုကြုံလို့တင်ပြပါရစေ။အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်မှာ မြန်မာတွေညီညီညွတ်ညွတ်နဲ့ အိမ်နီးချင်း ယိုးဒယားကို သွားစွာခဲ့တာကို အားလုံးသိကြပြီးဖြစ်မှာပါ။ တုတ်ပြီး ဓားပြီးဆေးများထိုးထားပြီး ဘယ်သောအခါမှ မကျဆုံးသော မြို့လို့ အမည်ရတဲ့ ယုဒ္ဓယ မြို့ကို ဝါးရင်းတုတ်မှာ ထမီစပတ်ပြီး တတ်သိမ်းခဲ့လောက်အောင် ဖြတ်ထိုးဥာဏ်ကောင်းခဲ့ကြတဲ့ ကျွန်တော်မြန်မာတွေပါ။(အမှန်က ဝါးရင်းတုတ်မဟုတ်ပါ ဝါးတိုနှစ်ချောင်းကို ဆက်ထားသော နံချပ်ကူ အမျိုးအစားလက်နက်တမျိုးသာဖြစ်ပါတယ်)။ယိုးဒယားတွေက မြန်မာတွေကို အညံ့မခံ မြို့တံခါးပိတ်ကာ အထဲမှာပဲ မြို့ထဲ မရှိရှိတဲ့မြေလေးပေါ်မှာ လုပ်ကိုင်စားသောက်ကြတော့ တို့မြန်မာတွေဘာလုပ်တယ်မှတ်လဲ?။ သူတို့လိုပဲ မြို့ပြင်မှာစခန်းချ စိုက်ပျိုးလုပ်ကိုင်စားပြီး ဘယ်မှ မသွားနိုင်အောင် ပိတ်ဆို့ထားပါတော့တယ်။တချိန်ထဲမှာပဲ မြို့ပြင်ကနေမြို့ထဲရောက်အောင် ဥမင်လှိုဏ်ခေါင်းတခုကိုစတင်ဖောက်လုပ်ပါတော့တယ်။ စိတ်ဓာတ်စစ်ဆင်ရေးအနေဖြင့်လဲ တနေ့ကို အမြောက်ဆံအလုံးကျ မြို့တွင်းကိုမှန်မှန်ထုပေးပြီး ယိုးဒယားတွေကို လက်ဆောင်ပေးပါတယ်။ ကြာလာတော့ ယိုးဒယားတွေမှာလဲ အစာရေစာငတ်ပြတ်မှုဒဏ်ကတဖက်။ ဘယ်နေ့ ကိုယ့်အိမ်ခေါင်မိုးပေါ်ကို အမြောက်ဆံကျလာတော့မလဲဆိုတဲ့ စိတ်ဓာတ်ကျဆင်းမှူနဲ့ အတူ မြို့တံခါးကြီးလဲပွင့် ပြီး ကျဆုံးသွားပါတော့တယ်။
ကဲ ဒီလောက်ဆိုရင်တော့ ရှေးလူကြီးတွေရဲ့ ရည်ရွယ်ချက်တွေကို သဘောပေါက်လောက်ပါပြီနော်။ ဆက်လက်ပြီး အတီးကိုယ်တိုင် ဝင်ရောက်လေ့လာခဲ့တဲ့ မြေအောက်လှိုဏ်ဂူတခုအကြောင်းကို တင်ပြပေးပါ့မယ်။အဲဒီနေရာဟာရန်ကုန်မြို့နဲ့ အနီးဆုံးနေရာမှာရှိလို့ တချို့လဲ ရောက်ဖူးပြီးသားဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုစာ အတီးရဲ့ တက္ကသိုလ် ကျောင်းသားဘဝက အတွေ့အကြုံလေးတခုပါ။တိတိကျကျ ပြောရရင်ဖြင့် ၂၀၀၂ ခုနှစ်ကပေါ့ဗျာ။အတီးတယောက် ပညာရင်နို့သောက်စို့နေတဲ့ ကျောင်းတော်ကြီးနားမှာ ပင်လယ်ဝနဲ့ အနားမှာရှိတဲ့စေတီဘုရားတဆူထိရောက်အောင်မြန်မာဘုရင်တွေ ဖောက်လုပ်ထားတဲ့ရှေးဟောင်း မြေအောက်ဥမင်လှိုဏ်ခေါင်းတခုနေရာကို သတင်းအတိအကျရလိုက်ပါတယ်။ဟီး အတီးတယောက် အရူး အမဲသားစားမိသလိုဖြစ်ပြီပေါ့။ဒါနဲ့ ဘယ်ရမလဲ စိတ်ဝင်စားတဲ့ သူငယ်ချင်းတချို့ကိုအပြန်မှာထန်းရည်တိုက်ပါ့မယ်လို့ ပရိယယ်ဆင်ပြီးတော့စု တဖက်ကလဲ အဲတုံးက ရှိတဲ့ ချစ်သူလေးကို ခေါ်(အဲတုံးကရှိ အခုမရှိတော့ ။တခါတည်းကြုံလို့ကြေငြာလိုက်သည်)။သူ့ရဲ့ သူငယ်ချင်းများပါ ပါလာ။ ထိုသို့သော သူငယ်ချင်းကောင်မလေးများနှင့်ရင်းနှီးချင်သော အတီး၏သူငယ်ချင်း အထီးတချို့ကပါ လိုက်လာကာ အတီးဦးဆောင်သော သူငယ်ချင်းတသိုက် ရှေးဟောင်းနယ်မြေသို့ ပျော်ပျော်ကြီးချီတက်သွားပါတော့သည်။မြေအောက်လှိုဏ်ဂူ၏တည်နေရာမှာကား ပင်လယ်ဝနှင့်မနီးမဝေး။ ယခင်က နန်းတော်ရာဟု အတီးယူဆထားသော ကုန်းမြေမြင့်ကြီးတခု(ယခု စစ်တပ်မှ စခန်းချထားလျှက်ရှိ)နှင့် တန်ခိုးကြီးဘုရားတဆူတို့ အကြားဟိန္ဒုဘုရားရှိခိုးကျောင်းဆောင်တခု၏အောက်တည့်တည့်တွင်ရှိနေပါသည်။မည်သို့မည်ပုံ ဟိန္ဒုဘုရားရှိခိုးကျောင်းနှင့် မြန်မာဘုရင်များပတ်သက်သည်ကို ဂေါပကလူကြီးများထံတွင် စုံစမ်းပါသော်လည်း ထိုနေ့က တာဝန်ကျသော ဘုရားလူကြီးထံမှ ရေရေရာရာမသိရှိခဲ့ရပါ။မတတ်နိုင်။ ကိုယ့်ဟာကို အတွင်းသို့ဆင်း၍စုံဆန်းရပေတော့မည်။ဘုရားကျောင်း၏ခန်းမကျယ်နောက်ရှိ လျှိုဝှက်တံခါးတချပ်မှနေ၍အောက်သို့ လှေကား တခုကို ဆင်းပြီးသွားသည့်အချိန်မှာတော့ မြေအောက်တွင် နောက်ထပ် စေတီငယ်တဆူကို ဘွားကနဲ တွေ့ရှိရလေသည်။ ထိုစေတီ၏ပတ်ပတ်လည်တွင်တော့ မရေမတွက်နိုင်သော မှောင်အတိကျနေသော ဥမင်လှိုဏ်ခေါင်းများကိုစတင်တွေ့ရှိပါတော့သည်။ ထို့နောက် ရှေ့၌ရှိသော စေတီငယ်မှာပင် အန္တရယ်ကင်းဘေးရှင်း ရှိခိုးဦးချပြီးနောက်တွင်တော့ အတီးတို့ ကျောင်းသားတသိုက်၏ မဟာစွန့်စားခန်းစတင်ပါတော့သည်။မြေအောက်ဂူဟု ဆိုလိုက်သည်နှင့် နိုင်ငံခြား ရုပ်ရှင်များထဲတွင်တွေ့ရသော ခန်းမကျယ်ကြီးများ၊ကညင်ဆီမီးတိုင်များဖြင့် ထိန်ထိန်လင်းနေသောလမ်းကြောင်းများဟု ထင်လိုက်ပါက တက်တက်စင်အောင်လွဲပါလိမ့်မည်။ လက်တွေ့မှာကား ပြောင်ချော နေသော မြေသားနံရံများနှင့် မှောင်အတိကျကာ မတ်တပ်ရပ်၍ပင်မရ ခါးကုန်းကာသွားရသော လမ်းကြောင်းများပင်ဖြစ်ပါသည်။ထိုအတွက်ကြိုတင်ပြင်ဆင်လာသည့်အရာများကား ကြိုးခွေတခွေ။ဓာတ်မီးတလက်။ဖွက်၍ယူလာသော တောလိုက်ဓားမြောင်တချောင်း။ လမ်းပြလိုက်လာသော ဂေါပကလူကြီးတယောက်နှင့် ဖယောင်းတိုင်တထုပ်သာပါလာပါသည်။ မတတ်နိုင်။ရှေ့ဆက်စရာရှိတာတော့ ဆက်ရမည်ဖြစ်သည်။
စေတီငယ်၏နောက်ဖက် ကျကျ တွင် ပထမဆုံးမြင်ရသောလမ်းကြောင်းအားရွေးချယ်၍ အတီးဦးဆောင်ကာစတင်ဝင်ရောက်ပါတော့သည်။ဝင်လိုက်သည်နှင့် တပြိုင်နက်တည်းပင် လင်းဆွဲ အနည်းငယ်တို့ ထပျံကြလေသည်။ထိုလင်းဆွဲများငြိမ်အောင် ခဏစောင့်ပြီးသည့်နောက်တွင်တော့ ဂူအတွင်းသို့ဆက်လက်ဝင်ခဲ့ကြလေသည်။ ပထမ ရှေ့ဆုံးမှ သွားနေသော အတီးမှာ နောက်ဆုံးသို့ထူးဆန်းစွာပင်ပြန်ရောက်သွားပါလေသည်။အကြောင်းမှာမူ လမ်းကြောင်းများကို ဝင်္ကဘာ သဖွယ်ကွေ့ပတ်ဖောက်လုပ်ထားသောကြောင့်ပင်ဖြစ်သည်။ထိုသို့ပင် လမ်းအတော်များများကို ဖောက်လုပ်ထားသောကြောင့် အတီးတို့ လူတသိုက်သည် မူလဝင်လာရာ စေတီငယ်လေးသို့ပင်မျက်စိလည်ကာပြန်ရောက်လာပါလေတော့၏။အနောက်မှ လိုက်လာနိုင်ဖွယ်ရှိသော ရန်သူအားမျက်စိလည်အောင် အမြော်အမြင်ကြီးစွာပြုလုပ်ထားခြင်းဖြစ်နိုင်၏။ထိုသို့ ခါးကုန်းကုန်း ကုန်းကုန်းဖြင့်ပင် မိနစ်အနည်းငယ် ဒုက္ဒခံပြီးသည့်နောက်တွင်တော့ လမ်းကြောင်းရှည်တခုအားစတင်တွေ့ရှိပါလေ၏။ ထိုလမ်းကြောင်း ရှည်အတိုင်း အတော်ကြာအောင်ဝင်လိုက်သည့်နောက်တွင်တော့ လမ်းကြောင်းမှာ ပိုမိုကျဉ်းမြောင်းကာ ခါးကုန်းရသည့်အနေအထားမှ နေ၍ လေးဘက်ထောက်ကာ ဝင်ရသည့်အနေအထားသို့ရောက်ရှိသွားပါသည်။ ထိုအဆင့်တွင်တော့ ရုပ်ရှင်ကဲ့သို့ ထင်ကာ လိုက်လာသောသူများ၊မိန်းကလေးများနှင့် နဲနဲ ဝသောသူများ လက်မြှောက်၍ပြန်လှည့်သွားကြပါတော့သည်။ အတီးနှင့် ဇွဲကောင်းသော သူငယ်ချင်းလေးယောက်သာ ကျန်ပါတော့သည်။လမ်းပြပါလာတဲ့ ဂေါပကလဲ ဘယ်ရောက်သွားမှန်းမသိတော့ပါ။ ပေါက်သည့်နဖူး မထူးတော့လေသည်။သိချင်သည့်စိတ်က ပြင်းထန်သောကြောင့် လေးဘက်ထောက်ကာပင် ပိုးဟပ်များဖြင့်ပြည့်နှက်နေသော လမ်းကြောင်းအားဆက်လက်ချီတက်ကြပါတော့သည်။ထိုနည်းအတိုင်း ၁၀မိနစ်ခန့် သွားလိုက်သောအခါ လမ်းသည် အဖြေးဖြေးကျဉ်းမြောင်းသထက်ကျဉ်းမြောင်းလာကာ အဆုံးတွင်တော့ လူတကိုယ်စာ သာဝင်နိုင်သည့် တွင်းနက်ကြီးတခုသာတွေ့ရပါတော့သည်။ တွင်းထဲသို့ ဓာတ်မီးဖြင့်ထိုး၍စူးစမ်းပါသောလည်း အလင်းရောင်သာ ဆုံးသွား၏။ တွင်းကားမဆုံးသေးပဲ ရေသံများ အောက်ခြေတွင်ကြားရချေ၏။ ပါလာသော ကြိုးတခွေနှင့်မည်သို့မျှအလုပ်မဖြစ်သဖြင့် လက်လျှော့ကာ နောက်ကြောင်းသို့လေးဘက်ထောက်၍ နောက်လမ်းကြောင်းတခုရှာရန် ဆုတ်ခဲ့ရတော့သည်။ အဝင်မှနေ၍ နောက်လမ်းကြောင်းတခုအားရှာလတ်သော် မူလလမ်းကြောင်းထက်ပိုမိုကျယ်ဝန်းသော်လည်း မတ်တပ်ရပ်၍မရ ခါးကုန်း၍ပင်သွားရသည့်လမ်းကြောင်းနောက်တခုအားထပ်မံတွေ့ရှိလေတော့၏။ ထိုလမ်းကြောင်းအတိုင်း သူငယ်ချင်းလေးယောက်သား ဆက်သွားလိုက်ရာ ၁၅မိနစ်မှကြာသော ဂူ၏ နံရံများသည် ပိုမိုပြောင်ချောစိုစွတ်လာကာ အောက်ခြေတွင် ရေအနည်းငယ်ဝပ် လာလေတော့သည်။ ဆက်လက်သွားရာတွင်တော့ရွှံ့သားများဖြင့် သာ အတိပြီး၍မြေအောက်သို့ စိုက်ဆင်းသွားသော အပေါက်ဝတခုကို ဘွားကနဲမြင်ရတော့၏။သို့သော်လည်း မည်သူမှ စမဆင်းရဲ တယောက် မျက်နာ တယောက်ကြည့်နေမိကြ၏။ မတတ်နိုင်။ ကိုယ်ရေးတဲ့ ဇာတ် ကိုယ်နိုင်အောင်တော့ ကရမည်ဖြစ်သည်။ဤသို့ဖြင့်ပင် သူရဲကောင်းကြီး မောင် အတီး တယောက် ရဲဝင့်စွာဖြင့်ပင် စ၍ဆင်းလေတော့သည်၊ရွှံ့လှေခါးများမှာကား မည်မျှပင် သတိထားပါသော်လည်း ပြောင်ချောနေချင်း၊တထစ်နဲ့ထထစ် အတော် အလှမ်းကွာနေချင်းတော့ကြောင့် ပင်နောက်ဆုံးတွင်တော့ အတီး တယောက် ပန်းခြံ၌ လျှောစီး သလို ခြေကားယား၊လက်ကားယားဖြင်ပင် တွင်းထဲသို့ကျသွားပါတော့သည်။ ကံကောင်းစွာပင် တွင်း၏ အဆုံးမှာကား ခါးလယ်လောက်သာသာရှိသော မြေအောက်ရေကန် တခုရှိနေ၍ပင် အထိအခိုက်မရှိသာပင်ဖြစ်လေ၏။ထိုလမ်းကြောင်းအတိုင်းပင် နောက်မှ လိုက်လာသော နှစ်ယောက်လည်းရေကန်အတွင်းသို့ ပလုံကနဲမည်အောင် လိုက်ကျလာပါတော့သည်။ တိုတိုပြောကြပါစို့။ အပေါ်တွင် ကျန်ခဲ့သော ဓာတ်မီးနှင့်တယောက်မှာလည်း သူတယောက်တည်းနှင့် နောက်ကြောင်းပြန်မလှည့်ရဲသောကြောင့် ခဏအကြာတွင်တော့ အသံနက်ကြီးဖြင့်အော်ကာ ရေကန်အတွင်းသို့လိုက်ဆင်းလာပါတော့သည်။ ထိုရေကန်အားလေ့လာကြည့်ရာတွင်တော့ ခါးလယ်သာသာလောက် အနည်းငယ်လှုပ်ရှားမှူရှိနေသော ရေရှိချင်း။ ပြောင်ချော၍ အတန်ငယ်မြင့်မားသော အမိုးရှိချင်းတို့မှလွဲ၍ ထူးခြားမှူမရှိလှပေ။ ထို မြေအောက် ရေကန် က ဖြတ်၍ မှောင်နေသော တခြားတဖက်အား စူးစမ်းလေ့လာချင်သော်လည်း မခံနိုင်လောက်အောင် အသက်ရှုကြပ်လာချင်း။(မြေအောက်၌ အောက်စီဂျင် လျော့နည်းလာသောကြောင့်)ပါလာသော ဖယောင်တိုင်များရေ ရေစိုကာ လေးယောက်ပေါင်း ဓာတ်မီးတချောင်းသာရှိတော့ချင်း(ဓာတ်မီး အားကုန်ခဲ့သော် အမှောင်ထဲတွင် ဒုက္ခရောက်နိုင်ခြင်း၊ ထန်းရည်သောက်ချင်၍ လိုက်လာပြီးမှ အကြောက်လွန်နေပြီဖြစ်သော သူငယ်ချင်း များအား ငဲ့ညာ၍သာ နောက်ကြောင်းပြန်လှည့်ဖို့ ဆုံးဖြတ်ခဲ့ရပါတော့သည်။ ထို့နောက်တွင်သော ချောမွတ်နေသော တွင်းကြီးအား မရရအောင် ကုတ်ကပ်ပြီး ပြန်တက်ပြီး နောက်တွင်တော့ အပြင်သို့ ပြန်ရောက်လာပါတော့သည်။
အ ပြင်ရောက်ပြီးသည့်နောက်တွင်တော့ မည်သူမည်ဝါမှန်းခွဲမရနိုင်အောင် ရွှံ့လူးကာ ဘုရားကျောင်းရှေ့ ရေတွင်း၌ပင် ရေမိုးချိုး၍ထန်းရည်ဆိုင်သို့ကတိအတိုင်းပျော်ပျော်ကြီးချီတက်သွားပါလေတော့သည်။
နောက်ပိုင်း တွင်လည်း ထပ်မံ သွားရောက်ရန် ကြိုးပမ်းခဲ့ပါသော်လည်း အင်ဒီယာနာဂျုံး အတီးနောက်သို့ မည်သူမှမလိုက်ရဲပဲ ထွက်ပြေးကြခြင်း။ တယောက်တည်းလဲ ဝင်ခွင့်မပြုခြင်းစသည့်အကြောင်းများကြောင့် ယနေ့ထက်တိုင် မရောက်နိုင်တော့ချေ။ကဲ ဒီလောက်ဆိုရင်တော့ ဒီရှေးဟောင်းလှိုဏ်ဂူဟာ ဘယ်မှာရှိတယ်ဆိုတာ အကုန်လုံးရိပ်မိလောက်မယ်ထင်ပါတယ်။ မသိသေးပဲ သွားချင်တဲ့ လူများ အတွက်တော့ အတီးပြောပြလိုက်ပါ့မယ်။ ရန်ကုန်မြို့ကနေပြီး အလွန်ဆုံး တနာရီခွဲသာသာလောက် လိုင်းကားစီးရင်တောင်ရောက်နိုင်တဲ့ သန်လျင် မြို့နယ် ကျိုက်ခေါက်ဘုရားအနီး ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် နဲ့ သုံးခွ သို့ သွားရာ လမ်းမဘေး ညာဘက်ခြမ်းက ဟိန္ဒုဘုရားကျောင်းဆောင်ငယ်လေးရဲ့ အောက်တည့်တည့်မှာရှိတဲ့ ""တာဝဂူ""ပဲဖြစ်ပါတယ်။ ဪ သွားပြီးလေ့လာပြီးရင်လဲ ဘုရားကျောင်းအတွက် အလှူငွေလေးဘာလေးထည့်ဖို့ မမေ့နဲ့ဦးနော်။ဒီနေ့တော့ ဒီလောက်ပါပဲ။ နောက်ရက်မှပဲ ရန်ကုန်မြို့လယ်ခေါင်တည့်တည့် ကမ်းနားလမ်းပေါ်က လှိုဏ်တွေအကြောင်းကို တင်ဆက်ပေးပါတော့မယ်။

လူသားအားလုံးကို လေးစားလျှက် အတီး(ဝါးလုံးရှည်)
No comments:
Post a Comment