Sunday, October 21, 2012

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင် ငါးရာဦးခန့် နှုတ်ထွက်ပွဲကျင်းပ မည်ဟုသိရ



ပါတီတွင်းဗဟိုဦးစီးစနစ် ကျင့်သုံးနေ မှုများအား လက်မခံနိုင်တော့၍ ပုသိမ်မြို့ စကားဝါလမ်း တွင်ဖွင့်လှစ်ထားသည့်   အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှ ပါတီဝင် ငါးရာဦးခန့်သည် လာမည့် အောက်တိုဘာလ  ၂၇ ရက်နေ့တွင် ပါတီဆိုင်းဘုတ် ဖြုတ်ချခြင်းနှင့် ပါတီမှနှုတ်ထွက်ပွဲ ကျင်းပသွား မည်ဖြစ်ကြောင်း သိရှိရသည်။


“ပါတီအောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေကို ပါတီဗဟိုက
 သေသေချာချာမသိ ပါဘူး၊အဆင့်ဆင့်ကို စာနဲ့ အကြိမ်ကြိမ် တင်ပြပေမဲ့လည်း
 အနားပြာတွေရဲ့စကားက လွဲလို့ ကျနော်တို့ပါတီဝင်တွေရဲ့ အသံကို
နားမထောင်ပါဘူး၊

 အဆိုးဆုံးက ကျနော်တို့ကို နေရာသမားတွေ၊ ခုံသမားတွေလို့ ပြောကြတာတွေပါဘဲ၊
 နောက်ပါတီတွင်းမှာ ရွေးချယ်မှုတွေက အများပြည်သူရဲ့ သဘောဆန္ဒနဲ့ ရွေးချယ်
တာမျိုး မဟုတ်ဘဲ ဗဟိုဦးစီးစနစ်မျိုးနဲ့ နီးရာလူကို နေရာပေးတာမျိုးတွေဟာ
ဒီမိုကရေစီစနစ်မဟုတ်လို့ လက်မခံနိုင်ပါဘူး၊ အမှန်အတိုင်းပြောတော့ ကော်မရှင်က
ထုတ်ပယ်ခံခဲ့ ရတယ်၊ရုံးကိုလည်း တရားမ၀င်ရုံးလို့ ကြေငြာခံရတယ်” ဟု
ပါတီဝင်တစ်ဦးဖြစ်သူ ဦးမြင့်စိုးမှ ပြောပြသည်။

ပါတီမှ နှုတ်ထွက်ခြင်းအခမ်းအနားကို ယင်းနေ့ နံနက် ၁၀ နာရီတွင် စတင်ပြုလုပ်မည်ဖြစ်ပြီး နေ့လည်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ
ပါတီဝင်အင်္ကျီများကို မီးရှို့သည့် အစီအစဉ်ပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။

ပါတီအတွင်း မညီမျှမှုများရှိနေ၍ လွန်ခဲ့သည့် သြဂုတ်လအတွင်းက အဆိုပါရုံးတွင်
 ပြည်တွင်း ပြည်ပမှ သတင်းစာဆရာများ ခေါ်ယူ၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်အား ပြုလုပ်ကျင်းပခဲ့သည်။

 ယင်းသတင်းစာ ရှင်းလင်းပွဲကျင်းပခဲ့ပြီးနောက် ဦးဆောင်သူများဖြစ်သူ(၃)ဦး ပါတီမှ
ရပ်နားခြင်းခံခဲ့ ရပြီး အဆိုပါရုံးအား တရားမ၀င်ရုံးအဖြစ် ကြေငြာခဲ့သည့်။

တိုင်းညီလာခံ ကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာအေးကြူ ဦးဆောင်သည့် အဖွဲ့သည် အောက်တိုဘာ(၂၀)ရက် နေ့တွင် NLD မြို့နယ်ရုံးမှ လူကြီးတချို့ကိုခေါ်ယူ၍
ဗဟိုညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦး၏ ညွှန်ကြားချက်အရ မြို့နယ်ရုံးအား
 ပိတ်သိမ်းကာ ဆိုင်းဘုတ်နှင့်အလံ အပ်နှံရန် ပြောဆိုခဲ့ကြောင်း သိရသည်။

“ဒီရုံးမှာရှိတဲ့သူတွေက  ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကိုရော ဗဟိုဌာနချုပ်ကော တိုင်းကော်မရှင်၊ခရိုင်ကော်မရှင်နဲ့ မြို့နယ်ကော်မရှင်အဖွဲ့ကိုရော  တိုက်ခိုက်နေတာကြောင့် ဒီရုံးကိုဖျက်သိမ်းရတာ”ဟု တိုင်းညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ အေးကြူက ပြောကြားသည်။

လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင် ပုသိမ်မြို့သို့ ဒေါ်အောင်ဆန်းစုကြည်
လာရောက်စဉ်က မြို့နယ်ရုံးအား ဖျက်သိမ်းရန်မလိုဘဲ ဖျက်သိမ်းသူအား ၎င်းကိုယ်တိုင်
အရေးယူမည်ဟု မှာကြားခဲ့ကြောင်း၊ရုံးနှစ်ရုံးပူးပေါင်း၍ ညီညွတ်စွာလုပ်ဆောင်ရန်
မှာကြားခဲ့သော်လည်း လက်ရှိအနေအထားတွင် ဒေါ်အောင်ဆန်းစုကြည် မှာကြားခဲ့ခြင်းနှင့် အောက်ခြေတွင် ဖြစ်ပေါ်နေသည့် အခြေအနေများသည် ဆန့်
ကျင်ဘက်ဖြစ်နေကြောင်း သိရသည်။

 “ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာနဲ့ အောက်ခြေမှာ ဖြစ်နေတာနဲ့က ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

ကျနော်တို့ခေါင်းဆောင်ပြောခဲ့တာက ပူးပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက်
ဖို့ပြောတာပါ။ ဒီရုံးကို ဘယ်သူဖျက်မယ်ပြောလဲ။ ဖျက်တဲ့လူကို ကျမကိုယ်တိုင် အရေးယူမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့ပါတယ်”လို့ ဒေါက်တာသန်းထိုက်မှ
 ပြောပြသည်။

အောက်တိုဘာလ ၂၀ရက်နေ့ နံက်ပိုင်းတွင် ဗဟိုညီလာခံကျင်းပရေး ကော်မရှင်
 ဥက္ကဌ ဦးတင်ဦးသည် ပုသိမ်မြို့သို့ လာရောက်၍ တိုင်း၊ ခရိုင်၊မြို့နယ် ၊ရပ်ကျေး ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့များနှင့် တွေ့ဆုံခဲ့သော်လည်း ပါတီတွင်းဖြစ်ပွားနေသည့် အဆင်မပြေမှုများကို တစ်ဘက်နှင့် တစ်ဘက် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ခြင်း
မရှိကြောင်းသိရသည်။

“ကျနော်တို့မြတ်နိုးတဲ့ ဒီမိုကရေစီဟာ ကျနော်တို့ပါတီတွင်းမှာ လက်မခံနိုင်တဲ့
အဆင့်ရောက်နေလို့ ကျနော်တို့ဒီမှာဆက်နေရင်လည်း အဓိပ္ပာယ်မရှိတော့ဘူးလို့ ယုံကြည်လို့ နှုတ်ထွက်တာပါ။

သတင်းစာ ရှင်းလင်းပွဲမှာ ပါဝင်ခေါင်းဆောင်ခဲ့တဲ့သူအားလုံးနဲ့ နောက်ထပ်ပါတီဝင် ၂၀၀ နဲ့ ၅၀၀ ကြားမှာ နှုတ်ထွက်ကြမယ်လို့ သိရပါတယ်။ နှုတ်ထွက်မယ့်လူတွေစုပြီးတော့ ကျနော်တို့ ဘာကြောင့် နှုတ်ထွက်ရတယ်ဆိုတာကို သတင်းမီဒီယာကနေတဆင့် ပြောပြမယ်။

 ပြောပြပြီးတဲ့အခါမှာ ကျနော်တို့ တသက်လုံး မျှော်မှန်းချက်ကြီးစွာနဲ့ ရင်းနှီး
တည်ဆောက်ခဲ့တဲ့ ဒီပါတီကြီးဟာ တကယ်တော့ ကျနော်တို့ မျှော်လင့်တဲ့
ဒီမိုကရေစီ မပေးစွမ်းနိုင်ဘဲ ဗဟိုဦးစီးစနစ်နဲ့ ကျနော်တို့ကို နှိပ်ကွပ်နေတဲ့အတွက် ဆက်နေဖို့အကြောင်းမရှိတော့ဘူးလို့ ကြေညာပြီး နှုတ်ထွက်မှာပါ ”ဟု
ဦးသန်းဝင်းမှ ပြောပြသည်။

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအား ယခုနှစ် နှစ်ဆန်းပိုင်းတွင်
ဦးတင်ဦး ကိုယ်တိုင် လာရောက် ဖွင့်လှစ်ပေးခဲ့သောရုံးဖြစ်ပြီး၊ အောင်နိုင်ရေး
ကာလ တစ်လျှောက် ရပ်ကျေးကိစ္စရပ်များ၊ ရုံးဖွင့်လှစ်ရေးကိစ္စရပ်များ၊ စည်းရုံးရေးကိစ္စရပ်များအား ဆောင်ရွက်ခဲ့ကြောင်းသိရသည်။ယခုကဲ့သို့
ပါတီကိစ္စရပ်များမဆောင် ရွက်တော့သည့်နောက်ပိုင်းတွင် လူမှုရေးလုပ်
ငန်းများကိုသာ ဆက်လက် ဆောင်ရွက်တော့မည် ဟုလည်းသိရသည်။

“ကျနော်တို့ ပူးပေါင်းဖို့ အမျိုးမျိုးကြိုးစားခဲ့ပါတယ်။ လူငယ်အဖွဲ့နဲ့ ကော်မရှင်အဖွဲ့တွေပေါင်းပြီး ရှေ့ဆက်အလုပ်လုပ်ကြဖို့
ညှိနှိုင်းပေးခဲ့ပါတယ်။ အဲဒီလိုညှိနှိုင်းပေးတာကို သူတို့က လက်မခံပါဘူး။
 နောက်ဆုံးကျတော့ ရုံးဖျက်ဖို့ ရုံးဆိုင်းဘုတ်ဖြုတ်ချဖို့အထိ သူတို့က
 တောင်းဆိုလာတယ်။

 အနားပြာတွေနဲ့ နောက်ဝင်လာတဲ့ လူသစ်တွေပေါင်းပြီးတော့ ပါတီအပေါ်
 သစ္စာရှိရှိလုပ်လာခဲ့တဲ့ လူဟောင်းတွေကို ကန်ထုတ်တဲ့အနေအ
ထားဖြစ်နေပါတယ်။

အဲဒါကို ဗဟိုကလူကြီးတွေသိအောင် တင်ပြသော်လည်း လူကြီးတွေက
ဒါကို ထိန်းသိမ်းပေးခြင်း မရှိဘဲနဲ့ ဘက်လိုက်ပြီးဆောင်ရွက်တဲ့အခါကျတော့
အဲဒီအပေါ်မှာ ကျနော်တို့ အရမ်း ၀မ်းနည်းမိတယ်” ဟု ဒေါက်တာသန်းထိုက်မှ
 ပြောကြားခဲ့ပါသည်။

Eleven Media Group

No comments:

Post a Comment