
နန်းခင်ဇေယျာက ၎င်းအားမဲပေးခဲ့သော မြန်မာပြည်သူများအတွက် ပရဟိတလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။
"ညီမအနေနဲ့ ဆုရရှိတာ မြန်မာလူထုက Vote လုပ်ပေးလို့ ရတာပါ။ ညီမ ပြည်သူလူထုအတွက် ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်သွားမှာပါ။
ညီမတို့ ပအို့ဝ်တိုင်းရင်းသားတွေက ပညာတတ်တဲ့သူ နည်းပါတယ်။ သူတို့အတွက် ပညာရေးနဲ့ပတ်သက်တဲ့ ပရဟိတလုပ်ငန်း လုပ်သွားမှာပါ" ဟု နန်းခင်ဇေယျာက အောက်တိုဘာ ၂၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
Miss International ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ရာတွင် အခက်အခဲများစွာရှိခဲ့ကြောင်း၊ ကြိုတင်ပြင်ဆင်ချိန် မရရှိ၍ ထင်သလို ဆုမရရှိခဲ့ဟု သူမကဆိုသည်။ နိုင်ငံတကာတွင် မြန်မာဆိုလျှင် မသိရှိကြဘဲ The Lady (ဒေါ်အောင်ဆန်းစုကြည်) သာ သိရှိကြောင်း နန်းခင်ဇေယျာကပြောသည်။
သူမအနေဖြင့် ထောက်ခံအားပေးမှုများရှိသလို အနှောင့်အယှက်များလည်းရှိခဲ့ပြီး သူမ၏ ဖေ့စ်ဘွတ်ခ်အကောင့်များ သုံးကြိမ်တိုင်အောင် ဖျက်ဆီးခံခဲ့ရသည်ဟုဆိုသည်။ ယခုပြိုင်ပွဲကြောင့် မြန်မာနိုင်ငံကို ကမ္ဘာကသိရပြီး နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုမှာ ပိုမိုပေါ်လွင်ကြောင်း သူမကပြောသည်။
နန်းခင်ဇေယျာသည် ဧည့်လမ်းညွှန်တစ်ဦးဖြစ်၍ အနုပညာလုပ်ငန်းများသာမက ဧည့်လမ်းညွှန်တစ်ဦးအဖြစ် ဆက်လက်ရပ်တည်မည်ဖြစ်ပြီး လာမည့် ၂၀၁၃ ခုနှစ် Miss International ပြိုင်ပွဲမတိုင်ခင်အချိန်အထိ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် စာချုပ်ချုပ်ဆိုထားကာ သူမ၏ အနုပညာကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ဒေါ်တင်မာမြင့်နှင့် ဆက်သွယ် ရမည်ဖြစ်သည်။
"လာမယ့် ၂၀၁၃ ခုနှစ် Miss International ပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုကို ဖေဖော်ဝါရီလကတည်းက စမှာပါ။
ဒီပြိုင်ပွဲအတွက် ဧည့်လမ်းညွှန်မှ မဟုတ်ပါဘူး။ မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင် ပါတယ်။ နန်းခင်ဇေယျာရဲ့ ကြော်ငြာကိစ္စ၊ အနုပညာကိစ္စတွေနဲ့ပတ်သက်ရင် အန်တီကို ဆက်သွယ်ရမှာပါ။
ဒါမှမဟုတ် MTF ကို ဆက်သွယ်နိုင်ပါတယ်။ အခုကစပြီး နန်းခင်ဇေယျာက အန်တီတို့ သမီးဖြစ်သွားပြီ" ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အလုပ်အမှုဆောင် ဒေါ်တင်မာမြင့်ကပြောသည်။
"ညီမ ဒီပြိုင်ပွဲကို ပြိုင်လည်းပြိုင်ချင်တယ်။ ပြိုင်လည်းမပြိုင်ချင်ပါဘူး။ အထူးသဖြင့် ရေကူးဝတ်စုံနဲ့ ပြိုင်ရမယ့်အချိန်မှာ ညီမ အရမ်းမ၀င့်မရဲ ဖြစ်ရပါတယ်။ ရှက်လည်း ရှက်ပါတယ်။ ဒီဝတ်စုံကို ၀တ်လည်း မ၀တ်တတ်ပါဘူး။ ညီမကို ၀ိုင်းပြီး ကူညီပေးကြ ပါတယ်" ဟု နန်းခင်ဇေယျာကပြောသည်။
ခိုင်ချို
No comments:
Post a Comment