Friday, August 17, 2012

မြန်မာအသင်း အပေါ် မဝေဖန် လိုကြောင်း နည်းပြ ဘောဂက်စ် ပြောကြား







မြန်မာ့ လက်ရွေးစင် အသင်းအား ၄-၁ဂိုးဖြင့် အပြတ်အသတ် အနိုင်ရခဲ့ပြီးနောက် MNL All-Star အသင်း နည်းပြအဖြစ် တာဝန်ယူခဲ့သူ ဘောဂက်စ်က ပြိုင်ဘက် အသင်းအပေါ် တစ်စုံတစ်ရာ ဝေဖန်ခြင်း မပြုလိုကြောင်း ဖွင့်ဟခဲ့သည်။

ပွဲအပြီးတွင် မြန်မာအသင်း၏ ခြေစွမ်းအား သုံးသပ်ရန် မေးမြန်းခဲ့ရာ "ကျွန်တော့် အနေနဲ့ တစ်ဘက် အသင်းကို မဝေဖန် လိုပါဘူး။ ဒါကြောင့် ကျွန်တော့်ကို လက်ရွေးစင် အသင်း အကြောင်း မမေးကြပါနဲ့။ ဘာကြောင့်လဲ ဆိုတော့ ပြိုင်ဘက် နည်းပြကို လေးစားမှု အပြည့် ရှိတာကြောင့်ပါ" ဟု ရတနာပုံ နည်းပြချုပ် ဖြစ်သူက ပြောကြားခဲ့သည်။
သို့သော် ၎င်း၏ အသင်းအပေါ် လွန်စွာ အားရ ကျေနပ်မိကြောင်း ဖွင့်ဟခဲ့ကာ ၎င်းမှာကြားသည့် အတိုင်း လိုက်ကစား နိုင်ခဲ့သည်ဟုလည်း ဆိုခဲ့သည်။ "ကျွန်တော့် အသင်းရဲ့ ခြေစွမ်းကိုတော့ ကျေနပ်ပါတယ်။ ခင်ဗျား သိတဲ့အတိုင်း သူတို့နဲ့ လေ့ကျင့်ချိန်က တစ်ညနေပဲ ရခဲ့တာပါ။ ဒါပေမဲ့ အတွေ့အကြုံရင့် ကစားသမားတွေ ဖြစ်တာကြောင့် ကျွန်တော် ဘာလိုချင်တယ် ဆိုတာကို သူတို့ တန်းသိပါတယ်။ သူတို့ကို ဘောလုံးကို မြေပေါ်မှာ ထားကစားဖို့၊ ပိုင်ဆိုင်မှု အသာစီးရယူဖို့၊ အနီးကပ် တစ်ချက်ထိ အမြန်ပေးတွေနဲ့ အားပြုကစားဖို့ မှာကြားခဲ့တာကို ကွက်တိ ကစားနိုင်ခဲ့ ပါတယ်" ဟု ဘောဂက်စ်က ဆိုသည်။
ဆက်လက်၍ ဘောဂက်စ်က မြန်မာအသင်း နည်းပြ ပတ်ဆောင်ဟွာ အနေဖြင့် အားနည်းချက် များအား အချိန်မီ ကုစားသွား နိုင်မည်ဟု ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။ "မြန်မာအသင်းရဲ့ အားနည်းချက်ကို ကျွန်တော် ထောက်ပြစရာ မလိုပါဘူး။ သူတို့ နည်းပြက နည်းပြကောင်းပါ။ ဒါကြောင့် သူ့ဟာသူ ပြင်သွား ပါလိမ့်မယ်။ မြန်မာအသင်း အနေနဲ့ ဆူဇူကီး ခြေစစ်ပွဲကိုတော့ သေချာပေါက် အောင်မြင်မှာပါ။ သူတို့ ပြိုင်ဘက်တွေက ညံ့ပါတယ်။ လူရွေးချယ်မှု တွေလည်း ထပ်လုပ်ရမယ် ထင်ပါတယ်" ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment