Friday, August 17, 2012

ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ကျောင်းသားသ မဂ္ဂစတင်ဖွဲ့စည်း



ရန်ကုန်၊ သြဂုတ်-၁၇

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းကို သြဂုတ် ၁၇ ရက် (ယနေ့)တွင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။


ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ကျောင်းသားသမဂ္ဂကို အမှုဆောင်(၇)ဦး၊ အဖွဲ့ဝင်(၃၀)ဦးနှင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး အဆိုပါ ကျောင်းသားသမဂ္ဂက ကျောင်းသားအခွင့်အရေးများကို တောင်းဆိုသွားမည်ဖြစ်ကြောင်း သမဂ္ဂနယ်လှည့် ဆက်ဆံရေး တာဝန်ခံ ကိုစည်သူအောင်က ပြောသည်။

"ကျွန်တော်တို့ အခု ကွန်ပျူတာတက္ကသိုလ်မှာ ဖြစ်နေတဲ့ ဘွဲ့ကွာခြားမှု ပြဿနာကို သမဂ္ဂအနေနဲ့ ဦးဆောင်ဖြေရှင်းသွားဖို့ ရှိပါတယ်။ ကျွန်တော်တို့ ရမယ့်ဘွဲ့က B,CSC ဖြစ်ပြီး နောက်နှစ်တက်မယ့် ကျောင်းသားတွေကို B.E ဘွဲ့ပေးမယ်လို့ပြောတယ်။ အဲဒါက ကျောင်းသားအချင်းချင်း ရန်တိုက်ပေးနေသလိုပဲ"ဟု ဒုတိယနှစ်ကျောင်းသား ကိုစည်သူအောင်က ဆိုသည်။

ကျောင်းသားသမဂ္ဂဖွဲ့စည်းရခြင်းမှာ တက္ကသိုလ်မြေပေါ်တွင် ကျောင်းသားသမဂ္ဂရုံးခန်းများ ပြန်ဖွင့်နိုင်ရန်နှင့် ကျောင်းသားများ၏ ဆုံးရှုံးနေသော အခွင့်အရေးများအား ကိုယ်စားပြု ပြောဆိုနိုင်ရန်ဖြစ်ကြောင်း တက္ကသိုလ်သမဂ္ဂဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ကိုဒီငြိမ်းလင်းက ပြောကြားသည်။ တက္ကသိုလ်သမဂ္ဂများ ဖွဲ့စည်းသည့်အခါ ဆရာ၊ ဆရာမများ၏ အားပေးထောက်ခံမှုသည်လည်း အရေးကြီးကြောင်း၊ ဖိအားပေးခံရမှုများလည်း ယခုအချိန်ထိ ရှိနေသေးကြောင်း ၄င်းကဆိုသည်။

တက္ကသိုလ်ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မှော်ဘီ GTC ၊ ပဲခူးတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်တို့တွင် ဖွဲ့စည်းပြီးဖြစ်ကြောင်း ဗိုလ်တထောင်ပညာရေးကောလိပ်တွင်လည်း ဆက်လက်ဖွဲ့စည်းရန်ရှိကြောင်း သိရသည်။

No comments:

Post a Comment