Friday, November 9, 2012

ကမ်းဝေး ငါးဖမ်းသင်္ဘောများ ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းနေ၊ ဒေသခံတံငါသည်များ လုပ်ငန်းကို စွန့်လွှတ်


FishingBoatnearbeach


ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်ရှိ ကမ်းနီးငါးဖမ်းလုပ်ကွက်များ တွင် ကမ်းဝေး ငါးဖမ်းလှေများ ကမ်းနီးသို့လာရောက် ငါးဖမ်းနေခြင်းေ ကြာင့် ဒေသခံ လက်လှော်လှေ တံငါသည်များမှာ မိမိတို့လုပ်ငန်းကို စွန့်ခွါသွားရကြောင်းသတင်းရရှိသည်။

ကမ်းဝေး ငါးဖမ်းလှေများသည် ကမ်းနီးသို့ဝင်ရောက်ငါးဖမ်းခြင်းကြောင့် လက်လှော်လှေ ငါးဖမ်းပိုက်များကို အမြဲတမ်း စက်လှေကြီးပန်ကာဖြင့် တိုက်မိကာ ငါးဖမ်းပိုက်များပျက်စီးခြင်း၊ လှေငယ်များကို တိုက်မိကာ လှေနစ်မြုပ်ဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများမှာ စိတ်အနှောင့်အလှော်ဖြစ်ကာ မိမိတို့ လုပ်ငန်းကို စွန့်ခွါသွားရကြောင်းသိရသည်။
"ညနော်တို့ သဲကုန်းမှာဆိုရင် အရင်က လက်လှော် ငါးဖမ်းလှေတွေ အများကြီးရှိတာ၊ အခြားစီးပွါးရေးမှ မရှိတာ၊ ဒီငါးဖမ်းလုပ်ငန်းကို တပိုင်တနိုင်လုပ်ကိုင်ပြီး အသက်မွေး ၀မ်းကြောင်းပြုကြရတယ်၊ ကမ်းဝေး ငါးဖမ်းလှေသမားတွေဟာ ကမ်းနီးကို လာပြီး ငါးဖမ်းပိုက်ကြီးတွေနဲ့ ဆွဲလိုက်တော့ ကမ်းနီမှာ ရှိတဲ့ ငါးတွေ ကုန်ပါကုန်ပြီး၊ ပိုက်တွေ၊ လှေတွေကိုလည်း ခဏခဏ ၀င်တိုက်တော့ ပိုက်တွေ၊ လှေတွေဆုံးရှုံးမှုတွေက အရမ်းကိုများလာတယ်၊ ကြာလာတော့ လူတွေလည်း စိတ်အနှောင့်အလှော်ဖြစ်ပြီးတော့ ငါးမဖမ်းတော့ဘဲ ကြုံရာကျပန်းကို လုပ်ကိုင်နေကြရတော့တယ်" ဟု ပုန်းညှက်ရွာသားတစ်ဦး ပြောပြချက်အရသိရသည်။
ရခိုင်ပြည်နယ်တွင် ကမ်းဝေးငါးဖမ်းလုပ်ငန်းကို ကမ်းခြေနှင့် ငါးမိုင်အကွာတွင် သတ်မှတ်ထားပြီး၊ ကမ်းနီးငါးဖမ်းလုပ်ငန်းကို ကမ်းခြေ၏ ငါးမိုင်အတွင်းတွင် သတ်မှတ်ထားသော်လည်း ကမ်းဝေးငါးဖမ်းသင်္ဘောများက ကမ်းနီးငါးဖမ်း လုပ်ကွက်များသို့ ၀င်ရောက်ငါးဖမ်းနေခြင်းကြောင့် ကမ်းနီးငါးဖမ်းလုပ်ငန်းများ အခက်အခဲ ဖြစ်နေကြောင်းသိရှိရသည်။
ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ်အစ၊ သံတွဲမြို့နယ်ရှိ အဆုံး၊ ငါးဖမ်းကွက် အေ (၂၁) ကမ်းနီးငါးဖမ်းလုပ်ငန်းများတွင် ကမ်းဝေး ငါးဖမ်းသင်္ဘောများ လာရောက် ဖမ်းဆီးနေခြင်းကြောင့် အခက်အခဲ ကြုံနေရခြင်းကို ပုန်းညှက်ကျေးရွာမှ ကမ်းနီး ငါးဖမ်းလုပ်ငန်းပိုင်ရှင် ကိုအောင်ကျော်ဇောက ပြောသည်။
ကမ်းဝေးငါးဖမ်းသင်္ဘောများဖြစ်သည့် ကျော်ဇင်ဝင်း ၃. ၁၅၁၊ SHWE HLIAN TOE 1264၊ ၄၀၄ အဏ္ဏ၀ါမင်း ၄၄၊ ၄၇၀ အဏ္ဏ၀ါမင်း ၃၉၊ KTAW ZIN WIN 7. 066၊ 375 ANNA WAR MIN 99 စသည့် သင်္ဘေများက ကမ်းနှင့် ပေ(၅၀၀) ခန့်အကွာတွင် ၀င်ရောက် ငါးဖမ်းနေကြောင်း သိရှိရသည်။
ကမ်းဝေး ငါးဖမ်းသင်္ဘောများမှ ကမ်းနီးသို့ ၀င်ရောက် ငါးဖမ်းနေခြင်းကြောင့် မိသားစု ၀မ်းရေးအတွက် တနိုင်တပိုင် လုပ်ကိုင်စားသောက်နေကြသည့် လက်လှော်လှေ ငါးဖမ်းပိုက်များမှာ မကြာခဏ သင်္ဘောများဖြင့် အတိုက်ခံနေရပြီး ပိုက်များပျက်စီးနေရကြောင်း ကို သံတွဲမြို့နယ် သဲကုန်းရွာမှာ လက်လှော် ငါးဖမ်းသမား ဦးစန်းမြင့်က ပြောသည်။
"အောက်တိုဘာ ၂၈ ရက်နေ့က သင်္ဘောနံပါတ် ၁၂၆၄ ရွှေလျှံတိုးသင်္ဘောဟာ စေတီကွင်းဆင်လမ်းက ကျနော့်ပိုက်ကို တိုက်ယူသွားလိုက်တာ ညောင်ပင်သာထိပ် ရောက်မှ ညနော့်ပိုက်ကိုပြန်ရတယ်၊ ကျနော်နောက်က အားနဲ့ခတ်၊ လှေလှော်ပြီးလိုက်လာတာကို ဆလင်က မြင်ပြီးတော့ သင်္ဘောကို ရပ်ပေးပြီး ပိုက်ကိုဖော်ပေးပါတယ်၊ ပိုက် ၇ လက်မှာ ၆ လက်ပဲ အကောင်းရပါတယ်၊ တစ်လက်က အားလုံးပျက်စီးသွားပါတယ်၊ အလျော်လည်း ပြန်မရပါဘူး၊ " ဟု ဦးစန်းမြင့်က ပြောသည်။
ကမ်းဝေး ပင်လယ်ငါးဖမ်းပိုက်များဖြင့် ကမ်းနီးတွင် ၀င်ရောက် ငါးဖမ်းခြင်းကြောင့် ကြမ်းပြင်အောက်ခြေထိ ငါးဖမ်းပိုက်များဖြင့် တရွတ်တိုက် ဆွဲလိုက်ခြင်းကြောင့် ရေအောက်ကြမ်းပြင်များပျက်စီးခြင်းခြင်း၊ သန္တာ ကျောက်တန်းများပျက်စီးခြင်း၊ ငါးသားပေါက်များ ပျက်စီးခြင်းကြောင့် ငါးရရှိမှု လျှော့နည်းလာသည်။
ပထမအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ လွှတ်တော်ခန်းမ၌ စက်တင်ဘာ ၂၄ နေ့မှ ၂၈ရက်နေ့အထိ အစည်းအဝေးများတွင် ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)ကိုယ်စားလှယ်ဦးဖိုးမင်းက ကမ်းနီးငါးဖမ်းလုပ်ငန်းများလုံခြုံရေးနှင့်ကမ်းဝေးငါးဖမ်းလုပ်ငန်းများက ကမ်းနီးသို့ဝင်ရောက်ငါးဖမ်းနေခြင်းအပေါ်ထိရောက်စွာကာကွယ်ရန် အဆိုကိုတင် သွင်းခဲ့ကြရာ ကန့်ကွက်သူမရှိ ထောက်ခံခဲ့ကြသော်လည်း အကောင်အထည်ဖော်ဆောင်ရွက်မှုများ မတွေ့ရှိရသေးပေ။

No comments:

Post a Comment