Thursday, November 1, 2012

လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ် နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်) အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲ အချိန် ခန့်က လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူများအနက်  ဗိုလ်မှူးအဆင့်ရှိ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံး လျှက်ရှိသည်ဟု သိရသည်။
ပျောက်ဆုံးသွားသူမှာ အသက် ၅၅ နှစ်အရွယ် ဗိုလ်မှူးစောရိုး(စောကီးဒို့)ဖြစ်ပြီး ထိုင်းဘက်ကမ်းရှိ အသိတယောက်ထံသို့ G-3 ဗိုလ်မှူးစောဆဲဂေ၀ါးသော၊ ဗိုလ်မှူးစောတာ မလာတို့နှင့်အတူ အလည်သွားပြီး မြန်မာဖက်ခြမ်းသို့ ပြန်လာခဲ့ရာ   သေဘေထာ့ကမ်းနံ ဘေး ရောက်ခါနီး ရေစီးသန်သည့် နေရာတခု အရောက်တွင်  လှေတိမ်းမှောက် သွားခဲ့ခြင်းဖြစ်သည်။

တပ်မဟာ(၇) ဆေးတပ် တာဝန်ခံ ဗိုလ်ကြီး စောအယ်မွီးက “(သေ့ဘေ့ထာ့)ကမ်း မရောက်ခင် သောင်လေး တခု ရှိတယ်။ အဲဒီ သောင်နဲ့ ကမ်းနားကြားမှာ ရေစီးကြမ်းတဲ့  ရေခပ်နက်နက်နေရာတခုရှိတယ်။ အဲဒီမှာ လှေမှောက်တာ။ ဗိုလ်ရိုးက ရေမကူး တတ်ဘူး။ ဂျီသရီး(ဗိုလ်မှူးစောဆဲဂေ၀ါးသော)က ဗိုလ်ရိုးကို လှမ်းဆွဲလို့ အချင်းချင်း  လက်ကိုင်မိကြသေးတယ်။ နောက် ဗိုလ်ရိုးက သူ့ လက်ကို လွှတ်လိုက်တယ်တဲ့”ဟု
 ကေအိုင်စီသို့ ပြောသည်။

ဗိုလ်မှူးစောရိုးသည် ဗိုလ်မှူးစောဆဲဂေ၀ါးသောအား ၎င်းနှင့်အတူ ရေထဲသို့ မျှောပါ မသွားအောင် လက်လွှတ်လိုက်ခြင်း ဖြစ်နိုင် သည်ဟုလည်း ဗိုလ်ကြီးအယ်မွီးက  ခန့်မှန်းပြောဆိုသည်။ သို့သော် ပျောက်ဆုံးသွားသော ဗိုလ်မှူးစောရိုးအား ယမန်နေ့ ညနေကစ၍ ရှာဖွေခဲ့သေယ်လည်း ယနေ့ ညနေအထိ မတွေ့ရှိ ရသေးကြောင်း သိရသည်။

“လူတယောက်ဟာ ရေနှစ်ရင် ၂၄နာရီကြာမှ အလောင်းပြန်ပေါ်တယ်လေ။ ဒါပေမဲ့ အခုထိတော့ ပျောက်ဆုံး နေဆဲပဲ”ဟု ဗိုလ်ကြီးစောအယ်မွီးက ယနေ့ညနေတွင်  ပြောဆိုသည်။

တောင်ငူဇာတိဖြစ်သည့် ဗိုလ်မှူးစောရိုးသည် ကေအဲန်ယူ တပ်မဟာ(၅)တွင် ဒုထောက်ပို့မှူး အဖြစ် တာဝန်ယူ လျှက်ရှိပြီး အသက် ၅၀ အရွယ် ဇနီး နော်မာချူးလာနှင့် သမီး ၃ဦး ရှိသည်။

ကေအိုင်စီ

No comments:

Post a Comment