Thursday, January 10, 2013

ကချင်စစ်ရေး လွှတ်တော်တွင် အရေးကြီးအဆို တင်မည်


ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော စစ်ပဋိပက္ခကို လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်း သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ်၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်  ဒေါ်ဒွဲဘူ က ပြောသည်။ “ကျွန်မတို့က ကချင်ပြည်နယ်မှာ တိုက်ခိုက်နေတာ အမြန်ဆုံး ရပ်ဆိုင်းပေးဖို့ လွှတ်တော်မှာ အရေးကြီးအဆို အနေနဲ့ တင်သွင်းမှာပါ” ဟု ၄င်းကဆိုသည်။ လက်ရှိတွင် အစိုးရတပ်မှ
ကချင်လွတ်မြောက်ရေး တပ်များကို အရှိန်အဟုန်မြှင့် တိုက်ခိုက်နေသောကြောင့် ရေရှည်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပြိုကွဲစေနိုင်ကြောင်း၊ ထို့ကြောင့် ပြည်ထောင်စု မပြိုကွဲရေးကို ရှေးရှု၍ ပြည်တွင်းစစ်ကို အမြန်ဆုံး ရပ်ဆိုင်းသွားရန် လိုအပ်နေကြောင်း၊ လက်ရှိ ဖြစ်ပေါ်နေမှုသည် ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေး ဒုက္ခများကို ဖြစ်ပေါ်စေသည့်အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပါ ထိခိုက်လာမည်ဖြစ်ကြောင်း ဒေါ်ဒွဲဘူက ပြောသည်။ ကချင်ပြည်နယ်အရေးနှင့် ပတ်သက်၍ လွှတ်တော်တွင် အရေးကြီးအဆို တင်မည်ဆိုပါက ထောက်ခံသွားမည်ဖြစ်ပြီး လိုအပ်ပါက ဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုနှင့် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အခန်း ၇ ရှိ အချက် အချို့ကို ပြင်ဆင်ရန် လိုအပ်နေပြီး ကချင်လက်နက်ကိုင် အဖွဲ့အစည်းများမှ လိုလားနေသော ကြေညာချက် များကိုလည်း ထည့်သွင်းစဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း ဦးမင်းသူက ဆက်လက်ပြောကြားခဲ့သည်။ ကချင်ပြည်နယ်တွင် ယခုလအတွင်း တိုက်ပွဲများ အရှိန်မြင့်တက်လာသည့်အတွက် ဒုက္ခသည်ဦးရေ မြင့်တက်လာပြီး သောက်သုံးရေ ရရှိရေးအတွက် အခက်အခဲများ ဖြစ်နေကြောင်း၊ ကူညီထောက်ပံ့မှုများမှာ လုံလောက်မှုမရှိကြောင်း ဒေါ်ဒွဲဘူ၏ ပြောကြားချက်အရ သိရသည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment