ဖားကန့်ဒေသ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အကူ အညီများကို ကမ္ဘာ့ကုလမဂ္ဂက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပထမဆုံး အကြိမ်ပေးပို့မည်ဟု ကချင်နှစ်ခြင်းအသင်းတော် အတွင်းရေးမှူး(နယ်) က ပြောသည်။“ပစ္စည်းကားခြောက်စီး၊ ယူအင်န်ရုံးကားငါးစီး စုစုပေါင်း ၁၁ စီး မနက်ဖြန် (ဖေဖော် ၀ါရီ ၁၇) ရက် မနက် ၇ နာရီမှာ စထွက်လာမယ်လို့
မြစ်ကြီးနားယူအင်န်ရုံးက အကြောင်းကြားပါတယ် ” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။
ဖားကန့်ဒေသတွင် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၃၆ ခု ရှိပြီး နေအိမ်များတွင် တိမ်းရှောင်နေသူများ အပါအ၀င် ဒုက္ခသည်တစ်သောင်းကျော်ရှိကြောင်း ဒုက္ခသည်များကို အကူအညီပေးနေကြသူများထံမှ သိရသည်။
ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ အကူအညီများ ပေးအပ်ရန် အစိုးရက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့သို့ မကြာမီရက်ပိုင်းအတွင်း ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
ဖားကန့်ဒေသရှိစစ်ဘေးဒုက္ခသည်များကို ကချင်နှစ်ခြင်းအသင်းတော်၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ အပါအ၀င် ဘာသာရေး၊ လူမှုရေးအဖွဲ့များက စောင့်ရှောက်ကူညီမှုများ ပေးနေခြင်းဖြစ်ပြီး နိုင်ငံတကာ အဖွဲ့ အစည်း များမှ အကူအညီများကို လိုအပ်နေဆဲဖြစ်သည်။
“ပြည်တွင်း NGO တွေနဲ့ အလှုရှင်တွေရဲ့ကူညီမှုတွေရှိပါတယ်။ ယူအင်န်ရဲ့အကူအညီ ကတော့ မရ သလောက်ပဲ တကယ်ဒုက္ခရောက်နေတဲ့သူတွေဆီကို ဘာအကူအညီမှ မရောက်သေးဘူး” ဟု အထက်ပါ အတွင်းရေးမှူးက ပြောသည်။
“ကျွန်တော်တို့ သန်ဘက်ခါလောက်တော့ အကူအညီတွေပို့ဖို့ လုပ်နေတယ်။ ပို့ပေးနိုင်မယ်လို့ မျှော်လင့် ပါတယ်”ဟု ရန်ကုန်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးခွဲမှ အရာရှိတစ်ဦးက ကချင်ပြည်နယ်သို့ အကူအညီများပေးပို့ရန် စီစဉ်နေမှုကို ရှင်းပြသည်။
ဖားကန့်ဒေသရှိစစ်ဘေး ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်နေသော အကူအညီများ မှာ ကျောင်းသားများအတွက် ထောက်ပံ့ရေးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ရေနှင့်ကျန်းမာရေးစောင့် ရှောက်မှု များကို ကူညီစောင့်ရှောက်နေသောအသင်းအဖွဲ့များထံမှ သိရှိရသည်။
7Day News Journal

No comments:
Post a Comment