Wednesday, March 27, 2013

၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ၊ ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့

မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တင့်ကားများ၊ တိုက်လေယာဉ်များ၊ လေယာဉ် အမြောက်နှင့် ဒုံးကျည်များ အစရှိသည့် စစ်လက်နက် ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြခဲ့ပြီး ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။



တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ စစ်ဘက်ဆိုင်ရာ အရာရှိများ အပါအ၀င် ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံခြား သံတမန်များလည်း တက်ရောက်ခဲ့ကြပါသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့ မိန့်ခွန်းတွင် တပ်မတော် အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း ဒို့တာဝန် အရေးသုံးပါးနှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိက တာဝန်ရှိကြောင်း၊ တပ်မတော်အနေဖြင့် လူတစ်ဦးအတွက်၊ လူပုဂ္ဂိုလ်တစ်စုအတွက် တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့သည်။
3.27.13
Photo: AFP
“ဘယ်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းမှုကို ထိပါး နှောက်ယှက်မယ်။ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ လွတ်လပ်ရေးကို ထိပါး နှောင့်ယှက်မယ်။ အချုပ်အခြာ အာဏာကို ထိပါးမယ်။ ပြည်ထောင်စု ပြိုကွဲစေမယ်။ တိုင်းရင်းသား ချစ်ကြည် စည်းလုံးမှုကို ပြိုကွဲစေမယ်။ ဒေသရဲ့ တည်ငြိမ် အေးချမ်းမှုကို ထိပါးစေမယ့် စွက်ဖက်မှု၊ လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆိုရင် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ထားတဲ့ တပ်မတော်က ကာကွယ်သွားမှာပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ခံစားခွင့်များ ရရှိရေးနဲ့ လိုက်နာ ဆောင်ရွက်ဖို့အတွက် တပ်မတော် သားတိုင်းက တိုင်းသူပြည်သားများနဲ့အတူ ထိမ်းသိန်း ကာကွယ်သွားမှာ ဖြစ်တယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
နိုင်ငံတ၀ှမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်မှုက မရှိမဖြစ် လိုအပ်ကြောင်းနှင့် အစိုးရက ငြိမ်းချမ်းရေးကို လိုလားသကဲ့သို့ တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးကို ပိုမို လိုလားကြောင်း ဆက်လက် ပြောကြားခဲ့သည်။
3.27.13
Photo: AFP
“နိုင်ငံတ၀ှမ်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် တည်ငြိမ် အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်။ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် အစိုးရကလည်း ငြိမ်းချမ်းရေးကို လိုလားသလို နိုင်ငံတော် ကာကွယ်ရေးမှာ အသက်ခန္ဓာတွေ ပေးအပ်ပြီး တာဝန် ထမ်းဆောင်နေကြတဲ့ တပ်မတော် အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပိုပြီး လိုလားတယ်။ ဖြစ်ပေါ်စေချင်တယ်။ နှစ်ဖက်ငြိမ်းချမ်းရေး ရဖို့ ကိစ္စကို ဆောင်ရွက်နေသူများသာ ဖြစ်တယ်။ နိုင်ငံသားများ တပ်မတော်နဲ့ စိတ်ရင်းစေတနာမှန် ဖိတ်ခေါ်ကမ်းလှမ်းတာကို ငြိမ်းချမ်းရေး စားပွဲကို လာကြမယ် ဆိုရင် ကျန်ရှိနေသေးတဲ့ လက်နက်ကိုင် အဖွဲ့နဲ့ ပဋိပက္ခတွေ ပြေလည်ရေး၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဟာ မလွဲမသွေ ဖြစ်ထွန်း ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ဒီနေရာမှာ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ပြီး စုစည်း ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု၊ ကတိတည်မှုနဲ့ တိုင်းရင်းသား ပြည်သူလူထုအပေါ် စိတ်ကောင်းစေတနာများ ထားရှိဖို့ လိုအပ်ကြောင်း ပြောကြားလိုတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါသည်။
3.27.13
Photo: AFP
တပ်မတော်အနေဖြင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသည့် သမ္မတကြီးနှင့် အစိုးရမှ လုပ်ဆောင်နေသော နိုင်ငံတော် ထာဝရ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် တာဝန်ကျသည့် အခန်းကဏ္ဍမှ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီ ကျင့်စဉ်များနှင့်အတူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“ဒီမိုကရေစီဆိုတာ ဥပဒေဘောင်အတွင်းမှာ စည်းကမ်းနဲ့ အညီ လွတ်လပ်စွာ ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်။ ဒီမိုကရေစီ စနစ်နဲ့ ချီတက်ရာမှာ တပ်မတော် အပါအ၀င် ပြည်သူတစ်ရပ်လုံး စည်းကမ်းရှိကြဖို့၊ ဥပဒေကို လေးစား လိုက်နာကြဖို့ အရေးကြီးတယ်။ တပ်မတော် အနေနဲ့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံ ပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် မှန်ကန်စွာ ရှင်သန် ဖွံ့ဖြိုးလာရင် ဒီ အသီးအပွင့်တွေကို ပြည်သူ ပြည်သားများနဲ့ အတူ တပ်မတော်လည်း ခံစားကြရမှာ ဖြစ်တယ်။ ဒီမိုကရေစီ စနစ် တည်ငြိမ် ရင့်ကျက်မှု မရှိသေးမီမှာ အတိတ်သမိုင်းကြောင်းက အဖြစ်မျိုးတွေ ဖြစ်လို့ တိုင်းပြည် ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေ မဖြစ်ဖို့ အရေးကြီးတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါသည်။
3.27.13
Photo: AFP
တပ်မတော်အနေဖြင့် နယ်ဘက်ဆိုင်ရာ ဥပဒေစည်းမျဉ်းများ၊ တပ်မတော်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအပြင် ဂျီနီဗာကွန်းဗင်းရှင်းများကို လိုက်နာလျက်ရှိကြောင်း၊ ဂျီနီဗာကွန်းဗင်းနှင့် ပတ်သက်ပြီး တပ်မတော်သားများ သိရှိအောင် သင်ကြားလျက်ရှိကြောင်း၊ စည်းကမ်းဖောက်ဖျက် ကျူးလွန်သူများကိုလည်း အရေးယူလျက်ရှိကြောင်း၊ မည်သည့်တိုင်းရင်းသားလူမျိုးကိုမှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခြင်း မရှိကြောင်း၊ လက်နက်ကိုင် ပဋိပက္ခ ဖော်ဆောင်သူတွေကိုသာ တိုက်ခိုက်နေခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။
“တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့ လေ့ကျင့် သင်ကြားပေးလျှက် ရှိတာကြောင့် တပ်မတော်ဟာ ဘယ်လို စစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်း ဖောက်ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူတယ်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါသည်။
3.27.13
Photo: EMG
ထို့အပြင် လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုခြင်းမှာလည်း တပ်မတော်၏ သမိုင်းကြောင်းတွင် လုံးဝမရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။
တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးအတွက် နည်းပညာမြင့် ခေတ်မီစစ်လက်နက်ပစ္စည်း ကိရိယာများ၊ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရေးအတွက် စစ်သည်များ၏ ပညာရေးမြင့်မားရန် လိုအပ်ကြောင်း၊ တပ်မတော်စွမ်းရည် မြင့်မားရေး အတွက် လေ့ကျင့်ရေးကို အလေးအနက်ထားကြောင်း၊ ခေတ်မီလေ့ကျင့်ရေး သင်ထောက်ကူ ပစ္စည်းများ၊ ခေတ်မီ လေ့ကျင့်ရေး နည်းနာတွေနဲ့ စနစ်တကျ လေ့ကျင့်မှုတွေကို ဆောင်ရွက်မှသာလျှင် ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီး စွမ်းရည်ထက်မြက် လာမည်ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့ပါသည်။

No comments:

Post a Comment