Tuesday, August 28, 2012

တပ်မတော်သား အမျိုးသား လွှတ်တော် ကိုယ်စားလှယ်မှ ဆွေးနွေး တင်ပြခြင်း


၁။       လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီး၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသူ များအားလုံး နိုင်ငံတော် အကျိုးစီးပွားကို အပြည့်အဝ စွမ်းဆောင် နိုင်ကြ ပါစေ ကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ကြည်း ၁၇၃၁၉ ဗိုလ်မှူးကြီး အောင်သီဟ ဖြစ်ပါတယ်။
 
၂။     ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ဒသမမြောက်နေ့မှာ ပျော်ဘွယ် မဲဆန္ဒနယ်မှ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်စိုးက တင်သွင်းခဲ့တဲ့ အဆိုနဲ့စပ်လျဉ်း၍ အပြုသဘောနဲ့ ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ 
 
လေးစားအပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးခင်ဗျား
 
၃။  လွှတ်တော်၊ အစိုးရနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး တို့အကြား မပြေလည်မှုဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စု အဆင့်ဆိုတဲ့ စကားရပ်ကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ အညီ ဆုံးဖြတ်ခဲ့မှုက စတင်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်ရဲ့ မူလအစကို အသေးစိတ် လေ့လာ ကြည့်ပါ က နိုင်ငံတော် သမ္မတ ကိုယ်စား ပြည်ထောင်စု ရှေ့နေချုပ်က ၂-၂-၂ဝ၁၂ ရက်နေ့တွင် လွှတ်တော် အသီးသီးက ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင်အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်း အဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ်ခြင်း ရှိ/မရှိ အနက် အဓိပ္ပာယ် ဖွင့်ဆိုပေးရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးသို့ လျှောက်လွှာ တင်သွင်းခဲ့တာကို တွေ့ရ ပါတယ်။ လျှောက်လွှာ တင်သွင်းခဲ့မှုနှင့် ပတ်သက်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးမှ '' ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ၂ ပုဒ်မခွဲ(စ) တွင်လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ဇ) တွင်လည်းကောင်း၊ အမျိုးသား လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ(ဇ) တွင်လည်းကောင်း ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းကို ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုထားသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက် များကို ကိုးကားပြီး လွှတ်တော် အသီးသီးက ဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင် အဖွဲ့တို့အား ပြည်ထောင်စု အဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ 
 
၎။ လွှတ်တော် အသီးသီးကို လေ့လာ ကြည့်မယ်ဆိုရင် ပြည်သူ့ လွှတ်တော်က ဖွဲ့စည်းထားသည့် ကော်မ တီ၊ ကော်မရှင် (၂၅)ခု၊ အမျိုးသား လွှတ်တော်က ဖွဲ့စည်း ထားသည့် ကော်မတီ၊ ကော်မရှင် (၂၁)ခု စုစုပေါင်း (၄၆)ခု ရှိကြောင်း လေ့လာ တွေ့ရှိ ရပါတယ်။ ကော်မတီ၊ ကော်မရှင် များဟာ လိုအပ်ချက် အရ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်း များနှင့် ဆက်ဆံရသည့် အခါ၊ မှတ်တမ်း မှတ်ရာနှင့် အချက် အလက်များ တောင်းခံ ရသည့်အခါ၊ မေးမြန်းရန် လိုအပ်၍ ဆက်သွယ် ခေါ်ယူ ရသည့်အခါ များတွင် အဆင်မပြေမှု အချို့ ရှိနေကြောင်း လည်းကြားသိ နေကြရပါတယ်။ လိုအပ်ချက်အရ ခေါ်ယူ တွေ့ ဆုံ မေးမြန်းရန် ရှိပါက အဆင့်အတန်းကို တိတိကျကျ သတ်မှတ် ဖော်ပြမှုမရှိခြင်း၊ ခေတ်နှင့် လျှော် ညီစွာ ပြောင်းလဲ လာနေသည့် ဆက်ဆံမှုပုံစံ ပြောင်းလဲမှု အရွေ့ကို နားလည် သဘောပေါက်မှု အားနည်းခြင်း တို့ကြောင့် ဆက်ဆံရေး နယ်ပယ် အသီးသီးတွင် ပြဿနာများဟာ သေးရာကနေ တဖြည်းဖြည်း ကြီးမား လာကြတာကို တွေ့ရ ပါတယ်။ အဲ့ဒီအခါ အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုကြားမှာ အားပြိုင်မှု ဆိုတာတွေ ရှိလာကြ ပါတယ်။ ကောင်းသော အားပြိုင်မှု မဟုတ်ဘဲ လုပ်ပိုင်ခွင့်နှင့် အခွင့်အာ ဏာ ဘက်ကို ဦးတည် သွားနေမယ် ဆိုရင် အဆိုးဘက်ကို ရောက်ရှိ သွားနိုင်ပါတယ်။ လွှတ်တော် အသီးသီးမှာ ဖွဲ့စည်းထားတဲ့ ကော်မတီ၊ ကော်မရှင်များနဲ့ ပြည်ထောင်စု အဆင့်လို့ သတ်မှတ်ထားခြင်း ခံကြရတဲ့ အဖွဲ့/ ဌာနများ အကြား အားပြိုင် ရာကနေ '' ပြည်ထောင်စုအဆင့် '' သတ်မှတ်ချက်ဆိုတဲ့ စကားရပ်ဟာ ကျယ်ကျယ် ပြန့်ပြန့်နဲ့ ကျယ်ကျယ် လောင်လောင် ဖြစ်ပေါ်လာ တာကို စိတ်မကောင်းစွာနဲ့ ကြားသိ နေကြ ရပါတယ်။
 
လေးစား အပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယက ကြီးခင်ဗျား
 
၅။       ကျွန်တော်တို့ နိုင်ငံမှာ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အငြင်းပွားမှုကို ဖြေရှင်း ဆောင်ရွက် နိုင်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၆ အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို အဖွဲ့ဝင်(၉)ဦးနဲ့ ဖွဲ့စည်း ထားတာကို တွေ့ရပါတယ်။ အဖွဲ့ဝင် (၉)ဦးကို လေ့လာ ကြည့်မယ်ဆိုရင် နိုင်ငံတော် သမ္မတ၊ ပြည်သူ့ လွှတ်တော် ဥက္ကဌနဲ့ အမျိုးသား လွှတ်တော် ဥက္ကဌတို့က ရွေးချယ်ထားသည့် အဖွဲ့ဝင်(၃)ဦးစီ ပါဝင် နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး ဥက္ကဌနဲ့ အဖွဲ့ဝင်များကို ပြည်ထောင်စု လွှတ်တော်၏ သဘော တူညီ ချက်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို ပုဒ်မ (၃၂ဝ) အရဖွဲ့စည်းခဲ့ပြီး လုပ်ငန်း တာဝန်များကို ပုဒ်မ(၃၂၂)အရ အပ်နှင်း ထားတာကို တွေ့ရ မှာ ဖြစ်ပါ တယ်။ 
 
၆။   လွှတ်တော်များ အတွင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ '' ပြည်ထောင်စု အဆင့် သတ်မှတ်ချက် နှင့်ပတ်သက်၍ မပြေလည်မှုများဟာ လွန်ခဲ့တဲ့(၆) လကျော် လောက်ကစပြီး တဖြည်းဖြည်း နဲ့ ကျယ်လောင် ကျယ်ပြန့်လာတာ ကိုတွေ့ရ ပါတယ်။ ၁၄-၈-၂ဝ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး (၂၆)ရက် မြောက်နေ့တွင် လွှတ်တော် ဒုတိယ ဥက္ကဌက ရှင်းလင်း တင်ပြချက်၊ လွှတ်တော် ဥက္ကဌက ရှင်းလင်း တင်ပြချက် များအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက် များအပေါ် လွှတ်တော် ကိုယ်စားလှယ်များက ကျေနပ်ခြင်း မရှိပါသဖြင့် ၂ဝ၁၂ ခုနှစ်၊ အေပြီ လက ကိုယ်စားလှယ် (၁၉၁)ဦးက လက်မှတ် ရေးထိုးကာ ပထမအကြိမ် တင်ပြလာမှု၊ ၂ဝ၁၂ ခုနှစ်၊ သြဂုတ်လ တွင် ကိုယ်စားလှယ် အရေအတွက် (၃ဝ၁)ဦးက ဒုတိယ အကြိမ် တင်ပြလာမှု တို့နှင့် စပ်လျဉ်း ၍ လွှတ်တော် ဥက္ကဌမှ နိုင်ငံတော် သမ္မတထံ သဝဏ်လွှာ ပေးပို့မည် ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေး တင်ပြ လာခဲ့ပါ တယ်။ 
 
လေးစား အပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယက ကြီးခင်ဗျား
 
၇။   နိုင်ငံပိုင် သတင်းစာများနဲ့ မြဝတီ သတင်းစာ များတွင် မောင်အေးချမ်း (ဟားဗတ်)က မြန်မာ့ ဒီမိုကရေစီ အတွက် ခြိမ်းချောက်မှု(၃)ရပ်၊  ၁၈-၈-၂ဝ၁၂ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် မဏ္ဍိုင်များ၏ တာဝန် စသည့် ဆောင်းပါးများကို ရေးသားလာသလို၊  ၁၆-၈-၂ဝ၁၂ ရက် နေ့ထုတ် မြဝတီ သတင်းစာတွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံး အပြီးသတ် ဆုံးဖြတ်ချက် အပြည့်အစုံ ဖော်ပြခဲ့ ကြတာ တွေ့ရပြီး၊  ၂၁-၈-၂ဝ၁၂ ရက်နေ့ထုတ် သတင်းစာ များတွင် နိုင်ငံတော် သမ္မတနဲ့ ပြည်သူ့ လွှတ်တော် ဥက္ကဌများရဲ့ သဝဏ်လွှာ(၂) စောင်ကို ဖော်ပြထားခြင်း၊  ၂ဝ-၈-၂ဝ၁၂ ရက်နေ့တွင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း၊ ၂၃-၈-၂ဝ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ဒသမမြောက် နေ့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ အပြီးသတ် ဆုံးဖြတ်ချက် အပေါ် အရေးကြီးအဆို တင်သွင်းခြင်း အပေါ် လွှတ်တော် ကိုယ်စားလှယ် များက စက်ခလုပ်နှိပ်ကာ မဲပေးခဲ့ကြခြင်း၊ အလားတူ ၂၄-၈-၂ဝ၁၂ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် (၃၃)ရက် နေ့မြောက် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနှင့် ပတ်သက်၍ အရေးကြီး အဆို တင်သွင်းခြင်း များကို ပြုလုပ် လာတာ ကို တွေ့ရှိရပါတယ်။ 
 
၈။ လွှတ်တော် အသီးသီးဟာ ပြည်သူ့တို့ရဲ့ အသံကို နားထောင် နေရပါတယ်။ သန်း(၆ဝ)သော ပြည်သူ များရဲ့ အကျိုးနဲ့ နိုင်ငံတော် အကျိုးအတွက် လွှတ်တော် အတွင်းမှာ ရှိကြတဲ့ လွှတ်တော် ကိုယ်စားလှယ် အသီးသီးဟာ ဘာအစွဲမှ မရှိကြဘဲနဲ့ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက် နေကြပါတယ်။ ပြည်သူ တစ်ယောက်ထဲရဲ့ အသံဟာလဲ ပြည်သူ့ အသံပဲ မဟုတ်ပါလား။ ပြည်သူများရဲ့ အသံအသီးသီး အပေါ်မှာ လွှတ်တော် ကိုယ်စားလှယ် များရဲ့ မေးမြန်းချက်နဲ့ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်းများရဲ့ ဖြေကြားချက်၊ လွှတ်တော် အသီးသီးမှာ ရှိကြတဲ့ ကော်မတီ၊ ကော်မရှင်များရဲ့ လုပ်ဆောင်ချက်၊ ဥပဒေများ ပြဋ္ဌာန်းနေ မှု၊ ပြည်သူနဲ့ နိုင်ငံ အကျိုးအတွက် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲခဲ့မှု၊ အဆင့်ဆင့် အတည်ပြုပြီး ရေးဆွဲထားသည့် တက္ကသိုလ် ပညာရေး ဥပဒေမူ ကြမ်းကို အသစ် ပြန်လည် ရေး ဆွဲစေမှု များဟာ ပြည်သူများရဲ့ အသံကို လွှတ်တော် အသီးသီးမှ ဂရုတစိုက်နဲ့ နားထောင်ကာ ကျေနပ် ဖွယ်ရာ ဖြစ်အောင် ဆောင်ရွက် ပေးနေမှုများ ပဲဖြစ်ပါတယ်။ ပြည်သူများ ကလည်း လွှတ်တော် အသီးသီး ရဲ့ ဆောင်ရွက်ချက်၊ လွှတ်တော် ကိုယ်စားလှယ် များရဲ့ လွှတ်တော် အတွင်း ပူးပေါင်း ဆောင်ရွက်မှု များနဲ့ အာဏာ(၃)ရပ် အပြန်အလှန် ထိန်းကျောင်းနေမှု များကို ဝမ်းသာကြည်နူးမှု အပြည့်ဖြင့် ခံစားနား လည် ပေးလျက် ရှိကြပါတယ်။
 
လေးစား အပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးခင်ဗျား
 
၉။   လွှတ်တော်က ပြည်သူ့အသံကို အလေးအနက် နားထောင်ပြီး ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဆောင် ရွက် ပေးနေသလို ယနေ့ ပြည်သူများ ဟာလည်း လွှတ်တော် အသီးသီး အတွင်းမှာ နေ့စဉ်နှင့်အမျှ လုပ်ဆောင် နေမှုတွေ၊ လွှတ်တော်နဲ့ အစိုးရကြား ဆက်ဆံရေး၊ အပြန်အလှန် ယုံကြည်မှု အပြည့်နဲ့ ထိန်း ကျောင်း နေမှု အခြေအနေကို တစ်နည်းအားဖြင့် လွှတ်တော် အသီးသီး အတွင်းရှိ လွှတ်တော် ကိုယ်စားလှယ် များရဲ့အသံ၊ လွှတ်တော်ရဲ့အသံ၊ လွှတ်တော်နဲ့ အစိုးရတို့ရဲ့ အသံများကို မျက်ခြည်မပြတ် စောင့်ကြည့် နေကြ တာကို တွေ့ရပါတယ်။ ယခင်က ည(၈)နာရီ သတင်းဆိုရင် ကြည့်သူ နည်းပါး ရာကနေ ယခုအခါ လွှတ်တော် အစည်းအဝေး ရှိသည့်နေ့ သတင်းလာချိန် ဆိုလျှင် TV ရှေ့မှာ ထိုင်ကြည့် နေကြသူတွေ၊ UP TO DATE CHANNEL ကို မလွတ်တမ်း ကြည့်နေသူတွေ၊ နေ့စဉ်ထုတ် သတင်းစာပါ ဆောင်းပါးများနဲ့ လွတ်လပ် ပွင့်လင်း လာတဲ့  အပတ်စဉ်ထုတ် ဂျာနယ်များကို မလွတ်တမ်း ဖတ်ရှု လာကြသူတွေ အများအပြား ရှိလာကြပြီ ဖြစ်ပါ တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံး၏ ဆုံးဖြတ်ချက် အပေါ် သမ္မတနဲ့ လွှတ်တော်အကြား အပြန်အလှန် သဝဏ်လွှာများ ပေးပို့နေကြခြင်း၊ လွှတ်တော်များ အတွင်း အဆိုများကို အပြိုင်အဆိုင် တင်သွင်း နေကြခြင်း၊ နေ့စဉ်ထုတ် သတင်းစာ များတွင် ဆောင်းပါးများ ရေးသား နေကြခြင်း၊ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခြင်း များပြုလုပ်ကာ '' ပြည်ထောင်စု အဆင့်နဲ့ ပတ်သက်ပြီး နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ဆုံးဖြတ်ချက်'' နှင့်စပ်လျဉ်း၍ အစိုးရ၊ လွှတ်တော်နဲ့ ခုံရုံးတို့အပေါ်မှာ ပြည်သူများ အနေဖြင့် အထင်အမြင် လွှဲမှားမှုတွေကို ပေါ်ပေါက် စေနိုင်ပါတယ်။ ပြည်သူ့ အသံကို နားထောင်ပြီး ပြည်သူနဲ့ တိုင်းပြည် အကျိုးကို အလေးထား ဆောင်ရွက် နေရမယ့်အစား '' ပြည်ထောင်စု အဆင့်သတ်မှတ်ချက်'' အပေါ်မှာ လွှတ်တော်များ အနေဖြင့် ဦးစားပေးလွန်းတယ်၊ စောင်းပေး လွန်းနေတယ်လို့ ထင်မြင်ယူဆ သွားစေ နိုင်ပါတယ်။
 
လေးစား အပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယကကြီးခင်ဗျား 
 
၁ဝ။     ကျွန်တော်တို့ရဲ့ လွှတ်တော်၊ တစ်နည်းအားဖြင့် ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ သက်တမ်းဟာ အင်မတန်မှ နုနယ်ပြီး အတိမ်းအစောင်း မခံတဲ့ အနေအထားမှာ ရှိနေပါတယ်။ မြန်မာ နိုင်ငံ မှာ ရွေးကောက်ပွဲ အပြီး အာဏာလွှဲပြောင်း ပေးအပ်မှု၊ နိုင်ငံရေးအရ ပြောင်းလဲမှု တို့ဟာ အင်မတန်မှ ညင်သာပြီး အဖက်ဖက်က အဆင်ပြေ ချောမွေ့ခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ အာရပ်ကမ္ဘာ မှာ ဖြစ်ပျက်ခဲ့တဲ့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု တွေဟာ အသက် သွေးချွေးများစွာ ပေးဆပ်ခဲ့ရပြီး တိုင်းပြည် များ ပြာပုံအတိ ဖြစ်ခဲ့ရကာ ပြည်သူများ အကြားမှာ အနှစ်နှစ် အလလက တည်ရှိခဲ့ကြတဲ့ ယုံကြည်မှု အမျိုးမျိုးဟာ ကွယ်ပျောက် ခဲ့ကြတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင် ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရှိန်နဲ့ ညင်သာစွာ သွားနေတဲ့ နိုင်ငံရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲ နေမှုများ ကို ရပ်တန့်သွားအောင်၊ တိမ်းစောင်း သွေဖည် သွားအောင် ကျွန်တော့်တို့ အနေဖြင့် ဘယ်လိုမှပင် မပြုသင့် ကြောင်းကို အထူးပင် သတိပြု သင့်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ နွေးထွေးစွာ တွေ့ဆုံ၍ အဖြေရှာခြင်း၊ ညှိနှိုင်း ပေါင်းစပ်ခြင်း၊ အပြန်အလှန် ယုံကြည်မှုများ တည်ဆောက် ကြခြင်းတို့ ဖြင့် ပြည်သူနဲ့ နိုင်ငံ အကျိုးအတွက် ပူးပေါင်း ဆောင်ရွက်ကြရန် အထူးပင် အရေးကြီး လှပါတယ်။ ကျွန်တော်တို့ အပါအ ဝင် ပြည်သူ လူထု တစ်ရပ်လုံးက လဲ ထိုကဲ့သို့ ပြုမူမှု မျိုးကို အထူးပင် လိုလား တောင့်တ နေကြ ပါတယ်။
 
၁၁။   နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးရဲ့ လုပ်ဆောင်ချက်ကို ကြည့်မယ် ဆိုရင် နိုင်ငံတော် သမ္မတက တင်သွင်းတဲ့ တင်သွင်းလွှာမှာ တည်ဆဲဥပဒေ တစ်ရပ်ဖြစ်တဲ့ လွှတ်တော် အသီးသီးဆိုင်ရာ ဥပဒေများပါ စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုရန် တင်ပြခြင်း မဟုတ်ဘဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၄)၊ ဥပဒေပြုရေး အခန်းမှာပါသော စကားရပ် ဖြစ်သည့် '' ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်း သည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်း'' ဆိုသည့် စကားရပ်ကို အဓိပ္ပာယ် ဖွင့်ဆိုရန်သာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းနဲ့ စပ်လျဉ်း၍ (၂ဝဝ၈)ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ အမျိုးသား ညီလာခံ ဆွေးနွေးချက် မှတ်တမ်းများ အရသာ အနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့ခြင်း ဖြစ်ကြောင်းကို တွေ့ရှိရ ပါတယ်။ 
 
 
 
လေးစား အပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယက ကြီးခင်ဗျား
 
၁၂။     နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၇၇ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၉ဝ၊ ပုဒ်မ ၉၁၊ ပုဒ်မ ၉၂ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၉၇ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၁)၊ ပုဒ်မ ၁ဝဝ ပုဒ်မခွဲ(က)၊ ပုဒ်မ ၁ဝ၁၊ ပုဒ်မ ၁ဝ၃ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ်(၁)၊ ပုဒ်မ ၁၁၂ ပုဒ်မခွဲ(ဂ)၊ ပုဒ်မ ၁၃၈ ပုဒ်မခွဲ(က)၊ ပုဒ်မ ၁၄ဝ၊ ပုဒ်မ ၁၅၈ ပုဒ်မခွဲ(က)၊ ပုဒ်မ ၁၆ဝ၊ ပုဒ်မ ၂၃ဝ ပုဒ်မခွဲ(က)တို့တွင် '' ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်'' နှင့် '' ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စုအဆင့် အဖွဲ့အ စည်း တစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းဝင်များ သို့မဟုတ် ပုဂ္ဂိုလ်များသည် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး ခန့်ထားသည့် ပြည်ထောင်စုအဆင့် အဖွဲ့ အစည်းနှင့် ယင်းအဖွဲ့ အစည်းဝင် သို့မဟုတ် ပုဂ္ဂိုလ်များ ဖြစ်ကြကြောင်း အနက်အဓိပ္ပာယ် ဖွင့်ဆိုရမည် ဖြစ်ပေသည်'' ဆိုသည့် အချက်ကို မူတည်၍ လွှတ်တော် အသီးသီးက ဖွဲ့စည်းထား သည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့အား ပြည်ထောင်စု အဆင့်အဖွဲ့ အစည်းအဖြစ် ထည့်သွင်း အဓိပ္ပာယ် ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်ခြင်း မရှိကြောင်းကို နိုင် ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက အပြီးသတ် ဆုံးဖြတ်ချမှတ် ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၂၄ အရ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခ ဥပဒေဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် အတည်ဖြစ်သည်ဟု ဖော်ပြပါ ရှိချက်ကို ကျွန်တော်တို့ အားလုံးက လေးစား လိုက်နာ ကြရမှာ ဖြစ်ပါတယ်။
 
၁၃။     ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးများကို လေ့လာ ကြည့်မယ်ဆိုရင် အခြေခံ ဥပဒေ ဆိုင်ရာ တရားရုံး၊ ကောင်စီ၊ ခုံရုံး၊ ရုံးခန်းမ ( Constiutional Court ,Council Fribunal Chamber ) ဖွဲ့စည်း ကျင့်သုံးသော နိုင်ငံပေါင်း (၇၆)နိုင်ငံ ရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။ ၎င်းတို့ အနက် အရှေ့တောင် အာရှနိုင်ငံများမှ ကမ္ဘောဒီးယား နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ကောင်စီ အနေဖြင့် လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင် သမာသမတ် ကျကျ လွတ်လွတ် လပ်လပ် စီရင်ဆုံးဖြတ် လျက်ရှိရာ ဥပဒေ ပြုရေးကဏ္ဍ၊ အုပ်ချုပ်ရေး ကဏ္ဍနှင့် တရားစီရင်ရေး ကဏ္ဍကြီး(၃)ရပ် အပြန်အလှန် ထိန်းညှိမှု အတွက် အရေးပါသော အဖွဲ့အစည်း တစ်ရပ် ဖြစ်ကြောင်း လေ့လာ တွေ့ရှိရ ပါတယ်။ ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံး အနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်နှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ် များတိုးတက်ရန် ဆောင်ရွက် နေသည့်အပြင် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် လုပ်ငန်းများကို ဆောင်ရွက် နေခြင်းကြောင့် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီး နိုင်ငံသားများ၏ အခွင့်အရေး လွတ်လပ်မှုများ ကာကွယ် စောင့်ရှောက် ရာတွင် ပိုမို တိုးတက်စေရေး အတွက် အစဉ်ကြိုးပမ်း နေသည့် အဖွဲ့ အစည်း ဖြစ်ကြောင်း လေ့လာ တွေ့ရှိပါတယ်။ အင်ဒိုနီးရှား နိုင်ငံမှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင် ရာတရားရုံး၏ ဆုံးဖြတ် ချက်သည် အပြီးအပြတ်နှင့် အပြီးသတ် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက်နှင့် စပ်လျဉ်း၍ မည်သည့် ဥပဒေရေးရာမှ ကုစားမှု မရရှိနိုင်ဟု ဖော်ပြထား ရှိပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးသို့ စိန်ခေါ်မှု များဟာ ဥပဒေပြု အမတ်များရဲ့ ဥပဒေပြုမှု အာဏာကို လျော့ကျစေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံး၏ ဆုံးဖြတ်ချက် များကို ကျေနပ်မှု မရှိသည့် လွှတ်တော် ကိုယ်စားလှယ် များထံမှ အစပြု ပေါ်ပေါက် လာခဲ့ရကြောင်းနဲ့ တရားရုံး၏ ဆုံးဖြတ်ချက် များအပေါ် ပြည်သူ လူထုက ထောက်ခံမှု ပိုမို ရရှိလာသည့် အခါ အဆိုပါ တုံ့ပြန် စိန်ခေါ်မှုများ အားနည်း ယုတ်လျော့ သွားကြောင်း လေ့လာ တွေ့ရှိရပါတယ်။
 
လေးစား အပ်ပါသော ပြည်ထောင်စု လွှတ်တော် နာယက ကြီးခင်ဗျား 
 
၁၄။     နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်များဟာ လုပ်ငန်းအတွေ့အကြုံ များပြားသူ ဥပဒေကို ကြေညက် နေကြသူများ ဖြစ်ကြပြီး နိုင်ငံတော် သမ္မတနဲ့ လွှတ်တော် ဥက္ကဌ (၂)ဦးတို့မှ ရွေးချယ်ကာ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားကြသူများ ဖြစ်ပါတယ်။ ၎င်းတို့ အနေဖြင့် ဘက်လိုက်ခြင်း ကင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ(၃၂ဝ)မှ ဥပဒေပုဒ်မ (၃၃၆) အထိ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် နေသူများ ဖြစ်ကြပါသဖြင့် လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်း၊ မှားယွင်းစွာ ဆောင်ရွက် မိခြင်းတို့ မှာ ဖြစ်နိုင်ဖွယ် မရှိသည့် အကြောင်းအကျိုး မဆီလျော်သော အချက် များ ဖြစ်ပါတယ်။ ယခုကဲ့သို့ စွပ်စွဲ ပြောဆိုမှု များကြောင့် နိုင်ငံတော် အတွက် အသက်တမျှ အရေးကြီး သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ စပ်လျဉ်းတဲ့ အကြောင်းအရာ များကို စိစစ်ပေးရပြီး ပြည်ထောင်စု လွှတ်တော်က အတည်ပြု ထားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကို ညှိုးနွမ်းစေတဲ့ သဘော မျိုး ဖြစ်နေသည့် အပြင်၊ နောင်ပေါ်ပေါက် လာမည့် အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးကိစ္စရပ်များ အတွက် ကြီးစွာသော အဟန့် အတားများကို ဖြစ်လာ စေနိုင် ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ နုနယ်သေးတဲ့ ဒီမိုကရေစီ သက်တမ်း အတွင်းမှာ ယခုကဲ့သို့ အပြန်အလှန် စွပ်စွဲ နေခြင်း များကြောင့် အချိန်ကုန် အကျိုးမရှိ ဖြစ်ကာ ပြည်သူနဲ့ နိုင်ငံ အကျိုးအတွက် လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်များ ဆောင်ရွက်ရန် အတွက် နှောင့်နှေးမှု များရှိ လာနိုင်ပါတယ်။ အငြင်းပွားမှု သံသရာ ကြီးဟာလည်း ဘယ်တော့မှ ပြီးဆုံးနိုင်မှာမဟုတ်ဘဲ အချင်းချင်း အပြန်အလှန် ယုံကြည်မှုပျောက်ဆုံးကာ စုစည်းမှု အတွင်းအားတွေ ပျက်ပြယ် သွားနိုင်ပါသဖြင့် အပြန်အလှန် စွပ်စွဲ ပြောဆို နေကြမယ့် အစား ပြည်သူနဲ့ နိုင်ငံတော် အကျိုးအတွက် သင့်မြတ်သော အဖြေရှာနည်းကို ကျင့်သုံး သွားသင့်ပါတယ်။
 
၁၅။    ကျွန်တော်တို့ဟာ တပ်မတော် သားကိုယ်စားလှယ် များဖြစ်သော်လည်း တိုင်းရင်း သားပြည်သူများ က ပေါက်ဖွားလာတဲ့ တပ်မတော် သားများဖြစ်ကြလို့ ပြည်သူ့ ကိုယ်စားလှယ်များပဲ ဖြစ်ပါတယ်။ ပြည်သူ့ ကိုယ်စားလှယ် များအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ခြင်း၊ ပြည်သူ နဲ့ နိုင်ငံတော် အကျိုးကို ကာကွယ် စောင့်ရှောက်ခြင်း၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ေ ရှာက်ခြင်း များကို တိုင်းရင်းသား ပြည်သူများနဲ့ ထာဝစဉ် လက်တွဲကာ ဦးလည်မ သုန် ဆောင်ရွက် သွားရ မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ တစ်မြေတည်းနေ တစ်ရေတည်း သောက်ကြ တဲ့ ညီနောင် သား ချင်းများ ဖြစ်ကြပါတယ်။ ထို့အပြင် ခေတ်အဆက်ဆက် မှာလည်း ရဲဘော်ရဲဘက် စိတ်ဖြင့် အတူ တကွလက်တွဲ ဆောင်ရွက် လာခဲ့ ကြသူများ ဖြစ်ကြပါ တယ်။ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် များဟာ ကိုယ်ကျိုးစွန့် အနစ်နာ ခံပြီး ပြည်သူ နဲ့ နိုင်ငံအ ကျိုး အတွက် ဆောင်ရွက်နေမှုအား အတူတကွ လက်တွဲကာ ပူးပေါင်း ဆောင်ရွက် သွားကြရမှာ ဖြစ်ပါ တယ်။ ပြည်သူ့အသံကို လွှတ်တော်က နားထောင်ပြီး ပြည်သူတွေ ရဲ့ အကျိုးစီးပွားအတွက် ထိထိ ရောက်ရောက် တုံ့ပြန်ဖြည့် ဆည်း ပေးနေသလို လွှတ်တော် အတွင်းက အသံတွေကိုလည်း သန်း(၆ဝ) သော ပြည်သူများက ဂရုတစိုက် အားကိုး တစ်ကြီး နဲ့အလေးထား နားထောင်နေကြတာ ဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့ အိမ်တွင်းရေးဟာ ကျွန်တော်တို့ ပဲ ဖြေရှင်း ကြရမှာ ဖြစ်ပါတယ်။ ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့ အစည်းကမှ လာရောက် ဖြေရှင်းပေးလို့ မရပါဘူး။ ခက်မကြီး (၃)ဖြာကို ဥပဒေများနှင့် အညီ အပြန်အလှန် ထိန်းကျောင်း နေကြရမှာ ဖြစ်ပါတယ်။ ကြီးသောအမှုကို ငယ်အောင်၊ ငယ်သောအမှုကို ပပျောက်အောင် စေတနာကောင်း စေတနာ သန့်တွေနဲ့ ပူးပေါင်း အဖြေရှာ သွားကြရမှာ ဖြစ်ပါ တယ်။ ငြင်းခုံရင်းနဲ့ ကောင်းမွန် သင့်မြတ် လှတဲ့ အဖြေများကို ရှာဖွေ သွားကြရမှာ ဖြစ် ပါတယ်။ ကျွန်တော် တို့ အားလုံးဟာ ပြည်သူနဲ့ နိုင်ငံတော် အကျိုးအတွက် ဂုဏ်သိက္ခာ ရှိစွာနဲ့ အတူတကွ ပူးပေါင်းကာ အလုပ်လုပ် နေသူများ ဖြစ်ကြပါတယ်။ ဘယ်သူ့ကိုမှ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် မဆောင်ရွက် လိုကြပါ ဘူး။ ဒီတော့ လွှတ်တော်အနေနဲ့ ဘာလုပ် သင့်ပါသလဲ၊ လွှတ်တော်ရဲ့ လွှတ်လပ်စွာ ဆောင်ရွက်နိုင်ခွင့်ကို ဆင်ခြင်တုံ တရားနဲ့ ထိန်းကျောင်း သွားသင့် ပါတယ်။ ဒါ့ကြောင့် လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်း ကို အပြန်အလှန် လေးစားမှု၊ ယုံကြည်မှုနဲ့ ယိုင်းပင်းမှု များဖြင့် အဖြေရှာပြီး အဆိုကို ပြန်လည် သုံးသပ် သင့်ပါကြောင်း အကြံပြု တင်ပြ ဆွေးနွေးရင်း နိဂုံးချုပ် အပ်ပါတယ်။

From: Myawaddy

No comments:

Post a Comment