Monday, September 24, 2012

သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်မရသူများ အသနားခံစာတင်ပြ၍ ထုတ်ယူနိုင်ဟု ဆို"

သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်မရရှိသူများအနေဖြင့် နိုင်ငံတော် သမ္မတရုံးနှင့် လူဝင်မှုကြီးကြပ်ရေနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ အသနားခံစာတင်ပြတောင်းခံနိုင်ကြောင်း နိုင်ငံကူး လက်မှတ် စိစစ်ထုတ်ဝေပေးရေးဌာန တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ တတိယပတ်အတွင်းကပြောသည်။
““ ကျွန်တော်တို့ဌာက တစ်ဆင့်ဖြစ်ဖြစ် ၊ တိုက်ရိုက်ဖြစ်ဖြစ်တင်လို့ရပါတယ်။ အကြောင်းပြချက်တစ်ခုခုနဲ့ပေါ့။ ဥပမာ ဆေးစာဖြစ်ဖြစ် ၊ သင်တန်းခေါ်စာဖြစ်ဖြစ် တစ်ခုခုပေါ့။ တင်ပြရင်လွယ်ကူမယ်လို့ အကြံပြုတာပါ”” ဟု နိုင်ငံကူးလက်မှတ်စိစစ်ထုတ်ပေးရေး ဌာန ကြယ်တစ်ပွင့်အဆင့်ရှိ အရာရှိတစ်ဦးကပြောသည်။

ယနေ့အချိန်ထိ လိုအပ်ချက် စာရွက်စာတမ်းပြည့်စုံစွာတင်ပြလျှောက်ထားပေမယ့် အကြောင်းပြချက် တစ်စုံတစ်ရာ ဖော်ပြခြင်းမရှိဘဲ နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်း မခံရသူအချို့ရှိနေသေးပြီး ၄င်းတို့အနက် အများစုမှာ နိုင်ငံရေးအရ အကျဉ်းကျခံရဖူးသူများ၊ ယခင် အစိုးရဟောင်းလက်ထက် ဖမ်းဆီးထောင်ချခြင်းခံခဲ့ရဖူးသူ ထောက်လှမ်းရေးအရာရှိဟောင်းများ၊ အကောက်ခွန်အရာရှိဟောင်းများဖြစ်ကြောင်းသိရသည်။

““ အသနားခံစာတင်ပါလို့ ကျွန်တော်သွားတုန်းကလည်းပြောပါတယ်။ ဘာကြောင့်အသနားခံစာတင်ရမှာလဲ။ ဘာအတွက်လဲ။ ဒါက သက်သက်မဲ့ လိမ်လည်မှုတစ်ခုလုပ်တာပဲ။ အမှန်အတိုင်းပဲ စာရွက်စာတမ်းပြည့်စုံတယ်ဆို ထုတ်ပေးရမှာပေါ့။ ”” ဟု ၂၀၀၆ ခုနှစ် လ ဇူလိုင်လ က လာဘ်စားခြင်းဟူသော အကြောင်းပြချက်ဖြင့် ထောင်ဒဏ် ၁၀ နှစ် (ပထမတစ်သက်တစ်ကျွန်းချခြင်းဖြစ်ပြီး အယူခံဝင်ရာတွင် အယူခံနိုင်၍ ၁၀ နှစ်ပြောင်းလဲခြင်းဖြစ်) ချမှတ်ခံခဲ့ရပြီး ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာ ထုတ်ပြန်မှုအရ ပြန်လည် လွတ်မြောက်လာခဲ့သူ အကောက်ခွန်အရာရှိဟောင်းတစ်ဦးကပြောသည်။

နိုင်ငံကူးလက်မှတ်လျှောက်ထားချိန် ၂၁ ရက်ကြာပြီးနောက် သွားရောက်ထုတ်ယူရာတွင် အထက်၏ ညွှန်ကြားချက်အရ ၄င်းအား နိုင်ငံကူးလက်မှတ်ထုတ်ပေးရန် တစ်နှစ်ဆိုင်းငံ့ထားကြောင်း နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အရာရှိကပြောကြားခဲ့သည်ဟု ၄င်းက ထပ်လောင်းပြောသည်။ ယင်းသည် မည်သည့်အတွက်ေ ကြာင့်ဟူသော အကြောင်းပြချက်တော့ပေးခဲ့ခြင်းမရှိကြောင်း ၄င်းကဆိုသည်။
““ ကျွန်တော်တို့ အနေနဲ့လည်း လျှောက်ထားတဲ့သူတိုင်းကို သတ်မှတ်ရက်အတွင်းထုတ်ပေးချင်တာပါပဲ။ ဘာမှ ညစ်မထားချင်ပါဘူး။ ဒါပေမယ့် အထက်က ဘာမှ ညွှန်ကြားချက်မရှိတဲ့ ဟာမျိုးကျတော့ ဘယ်လိုမှ ဆောင်ရွက်ပေး လို့မရပါဘူး။ ဒီလိုလူတွေကို အထက်က တိုက်ရိုက်ကိုင်တာပါ။ အထက်က ချမပေးဘူးဆို ရင်ကည်း ဘာမှ ဆောင်ရွက်ပေးလို့မရပါဘူး။”” ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအရာရှိကပြောသည်။

နိုင်ငံရေးအရ အကျဉ်းကျခံရဖူးသူများ၊ ထောက်လှန်းရေးအရာရှိဟောင်းများ၊ အကောက်ခွန်အရာရှိဟောင်းများနှင့် ယင်းနည်းတူပုဂ္ဂိုလ်အချို့သည် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ကန့်သတ်ခြင်းခံထားရပြီး သတ်မှတ် ၂၁ ရက်အတွင်းထုတ်ပေးခြင်းမခံရခြင်းမှာ ဥပဒေအရ တန်းတူအခွင့်အရေးမရရှိခြင်းဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား မင်းကိုနိုင် က ၈၈ မျိုးဆက်ကျောင်းသား ၁၉ ဦးအဖွဲ့ နိုင်ငံကူးလက်မှတ်လျှောက်ထားခဲ့ရာတွင် ၄င်းအပါအ၀င် ၃ ဦးသာ ရရှိခဲ့ချိန်က ပြောကြားခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မီဒီယာများ၌ ပြောကြားခဲ့ပြီး ၂ ရက်အကြာ ၄င်းတို့ ၁၉ ဦးအဖွဲ့တစ်ခုလုံး နိုင်ငံကူး လက်မှတ်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန တာဝန်ရှိသူမှ အကြောင်းပြန်ခြင်းကိုလက်ခံရရှိခဲ့သည်။
သို့ရာတွင် ၈၈ မျိုးဆက်ကျောင်းသားများ၁၉ ဦး အဖွဲ့ကို နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်ပြုပြီးနောက်တစ်နေ့တွင် မိမိ၏နိုင်ငံကူးလက်မှတ်လည်း ထုတ်ယူရရှိနိုင်ခြေရှိနိုင်သည်ဟု အထင်ဖြင့် သွားရောက်စုံစမ်းခဲ့သော ၂၀၀၇ ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုကြောင့် အကျဉ်းကျခံခဲ့ရသူ ၂၀၀၇ မျိုးဆက်
ကျောင်းသားတစ်ဦးကတော့ ၄င်း၏ နိုင်ငံကူးလက်မှတ်မှာ ထုတ်ယူခွင့်မရသေးဟု တုံ့ပြန်မှုသာရရှိခဲ့ကြောင်းဆိုသည်။

““ အမှန်အတိုင်းပြောရရင် ကျွန်တော်သိပ်နားမလည်ဘူး။ နိုင်ငံကူးလက်မှတ်ကို ဘယ်မူဝါဒနဲ့ပေးနေတာလဲ။ အိုကေ ဒီလူကိုပေးလိုက်ဆို ဘာပဲဖြစ်ဖြစ်ထုတ်ပေးလိုက်တာလား။ အဲဒါဆို ဥပဒေအထက်မှာ ဘယ်သူမှ မရှိဆိုတာက အလကားစာသားလိုဖြစ်နေမှာပေါ့။ အဲဒီတော့ ၀န်ကြီးကဒါမှမဟုတ် အမိန့်ပေးနိုင်သူက အာဏာရှိနေတာလား။ ဒါဆို ဒီမိုကရေစီကို သွားနေတယ်လို့ပြောတာက ဘယ်အပိုင်းမှာလဲ ၊ အပိုင်းအကန့် ကွက်ပြီးသွားနေတာလား လို့မေးရမလိုဖြစ်လာပြီ”” ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး မူဝါဒသည် ယခင်းအစိုးရဟောင်းလက်ထက် တင်းကြပ်သည့် မူဝါဒများဖြင့် တည်ဆောက်ထားခဲ့ပြီး နောက်ပိုင်း မည်သူမဆို အချက်အလက်ပြည့်စုံပါက ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ်လျှောက်ထားထုတ်ယူနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်ထုတ်ထားခဲ့ပေမယ့် ယနေ့တိုင် နိုင်ငံကူးလက်မှတ်ထုတ်ပေးမှု မူဝါဒနှင့် ပတ်သက်၍ အငြင်းပွားဖွယ်အခြေအနေပင်ရှိနေသေးကြောင်း လေ့လာသူအချို့ကပြောသည်။

““ ထောင်ကပြန်လွတ်ပြီး နောက်ပိုင်း နိုင်ငံကူးလက်မှတ်လျှောက်ထားတဲ့နေရာမှာ ၂၁ ရက်ဆိုပေမယ့် ၁၅ ရက်အတွင်း ဇာဂနာ ပတ်စပို့ရတယ်။ နောက် အသနားခံစာတင်လို့ ရတဲ့သူတွေရှိတယ်။ ဒါကသိပ်သဘာဝ မကျဘူး။ ပြည်သူကို အမှန်အတိုင်းမဟုတ်ဘဲ ။ ကျန်းမာရဲ့သားနဲ့ မကျန်းမာဘူးလိမ်တတ်အောင် အဲလိုလိမ်မယ်ဆို ကျန်းမာတဲ့သူကို မကျန်းမာဘူးလို့ ဆေးစာထုတ်ပေးတဲ့ ဆရာဝန်တွေရဲ့ကျင့်ဝတ်ပိုင်းပါလာပြီ။ နောက် ၆ လကျော်လောက်ကြာပြီး မှ ၈၈ တွေရတယ် ။ဒါတောင် အကုန်မဟုတ်ဘူး ၃ ယောက်ထဲ။ နောက် ပြောလွန်းလို့ ၁၉ ယောက်လုံးရတယ်။ မရသေးတဲ့သူတွေက အပုံကြီးရှိသေးတယ်။ အပုံကြီးဆိုတာက နိုင်ငံရေးသမားဟောင်း ၊ထောက်လှန်းရေးဟောင်း၊ စသဖြင့်ပြောတာနော်။ ဆိုတော့ မူဝါဒက ဥပဒေအတိုင်းမဟုတ်ဘူးလား။ ဟုတ်သလားဆိုတာ အငြင်းပွားဖွယ် ဖြစ်နေပြီ။”” ဟု နိုင်ငံတော်မှ ထုတ်ပြန်သည့် မူဝါဒ ၊ ဥပဒေပိုင်းဆိုင်ရာများအပေါ် လေ့လာမှုလုပ်နေသူ ပြည်ပရောက် နိုင်ငံရေးသမားတစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏အခန်းကဏ္ဍတိုင်းသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိ ရန် ဆောင်ရွက်နေချိန်ဖြစ်ပြီး ပြည်ပရောက်နိုင်ငံရေးအင်အားစုများအပါအ၀င် ယခင် စစ်အစိုးရ အုပ်ချုပ်ရေး လက်ထက် အဝေးရောက် ပြစ်ဒဏ်အသီးသီးချမှတ် ခံထားရသူများအား ပြည်တွင်းသို့ ၀င်ရောက်ခွင့်ရရှိထားပြီးဖြစ်သလို အမည်ပျက်စာရင်းမှလည်း လူ ၂၀၀၀ ကျော် ပယ်ဖျက်ပြီးဖြစ်ကြောင်းသိရသည်။

From-  Popular Myanmar News Journal

No comments:

Post a Comment