ကျွန်မ မျက်လုံးတွေက သာမောင်ကြီး မုန့်သိုင်းခြုံ ဆိုတဲ့ ဆိုင်းဘုတ်ဆီ မျက်စိ ရောက်သွားတာနဲ့ ဆတ်ခနဲ တစ်ဖက်ကားလမ်းကို ကူးလိုက်တယ်။ ဆိုင်ရှေ့ ရောက်တော့ မုန့်ရဲ့ မွှေးပျံ့တဲ့ ဆွဲဆောင်မှုကြောင့် ကျွန်မနဲ့ ညီမလေး အပြုံးတွေ ကိုယ်စီနဲ့ တံတွေးတွေ အကြိမ်ကြိမ် မျိုချနေခဲ့ရတယ်။
"မုန့်ဝယ်မှာလား ကလေးတို့"
မုန့်လုပ်နေတဲ့ ဦးလေးကြီးက သွားရဲရဲတွေ ပေါ်အောင် ပြုံးပြရင်း လှမ်းမေးတယ်။
"မုန့် နှစ်ခုပေးပါ ဦးလေးသာမောင်"
"ဟေ... ငါ့နာမည်ကိုတောင် ခေါ်ဝယ်နေကြပါလား၊ တယ်လိမ္မာတဲ့ ကလေးတွေပဲဟေ့"
ဦးလေးသာမောင်ရဲ့ နှစ်လိုဖွယ် အပြုံး၊ လိုက်လျော ခင်မင်ဖွယ် ဆက်ဆံမှုတွေကြောင့် ကျွန်မတို့ အမှန်တကယ် ခင်မင်သွားရကာ ဦးလေးသာမောင်ရဲ့ မုန့်ဆိုင်ကပင် မခွာချင်တော့။ ဦးလေးသာမောင် လုပ်တဲ့ မုန့်ကလည်း နူးအိပြီး ကြက်ဥ၊ သကြား၊ အုန်းသီးဆံတွေနဲ့ဆိုတော့ အတော်လေးကို စားကောင်းခဲ့တယ်။ ပွဲတော်ရက် တစ်လျှောက်လုံး ကျွန်မနဲ့ ညီမလေး ဦးလေး သာမောင်ရဲ့ ဆိုင်က မခွာတော့ ပါဘူး။ ဒါတောင် ပွဲတော်ရက်က လေးရက်တည်း။ ရပ်ကွက်ဘုရားပွဲလေး ဖြစ်ပေမယ့် ဇာတ်ပွဲပါတာကြောင့် အတော်လေး စည်ကားပါတယ်။ သဘောကောင်းတဲ့ ဦးလေး သာမောင်နဲ့ သာမက သူ့မိန်းမ ဒေါ်ရင်နဲ့ပါ ကျွန်မတို့ ရင်းနှီး ကြတယ်။
"ဦးလေးသာမောင်တို့ အိမ်က ဘယ်မှာလဲဟင်"
ကျွန်မအမေးကို ချက်ချင်းမဖြေဘဲ ဦးလေးသာမောင်က သွားတွေအကုန်ဖွင့်ပြီး သဘောတကျ ရယ်နေ လိုက်သေးတယ်။
"ဒါ ဦးလေးသာမောင်ရဲ့ အိမ်ပေါ့ ကလေးရဲ့။ အဲဒီ ပွဲကြီးပြီးရင်တော့ နောက်တစ်မြို့။ အဲဒီမြို့ရဲ့ ပွဲခင်းဟာလည်း ဦးလေးသာမောင်ရဲ့ အိမ်ပဲလေ။ အဲ နောက်တစ်မြို့ရောက်ရင်လည်း အဲဒီလိုပဲပေါ့"
အသက် တစ်ဆယ့်သုံးနှစ် အရွယ် ကျွန်မ အတွက် ဦးလေးသာမောင်ရဲ့ စကားတွေကို နားမလည်ခဲ့ပါ။ အူကြောင်ကြောင်ကြည့်နေတဲ့ ကျွန်မကိုဒေါ်လေးမယ်ရင်က"ညည်းတို့ ဦးလေးက ဆယ့်နှစ်ပွဲ ဈေးသည်ကိုးကွယ့်။ ဘယ် အိမ်ခြေရာခြေ ရှိလိမ့်မလဲ"
ဒေါ်လေးမယ်ရင် ပြောတဲ့ ဆယ့်နှစ်ပွဲ ဈေးသည်ဆိုတာကို နားလည်ခြင်းမရှိတဲ့တိုင် မှတ်မှတ် သားသား လေးတော့ ရှိခဲ့ပါတယ်။
"မယ်ရင် ထမင်းလေး ခူးပါဟဲ့။ လူမကျခင် လွေးထားရတာပေါ့"
"ဟုတ်ကဲ့ပါတော်၊ တော်ကြိုက်တတ်တဲ့ ခရမ်းချဉ်သီး အူဖောက်ချက်လေးနဲ့ပဲ စိမ်းလေး နှပ်ထားပါရဲ့"
ဒေါ်လေးမယ်ရင်ရဲ့ အပြုံးက ကျေနပ် ကြည်နူးတဲ့ အပြုံး။ ထမင်းလုတ်ကြီးတွေ တစ်လုတ်ပြီး တစ်လုတ် စားနေတဲ့ သူ့ယောက်ျားကို ကြည့်ပြီး ပျော်ရွှင် ကျေနပ်တဲ့ အပြုံးမျိုး။ ကျွန်မတို့ကတော့ ကလေးပီပီ မုန့်စားလိုက်၊ ဦးလေးသာမောင်တို့ လင်မယားကို အကဲခတ်လိုက်နဲ့ပေါ့။
ဦးလေးသာမောင်က သီချင်းလေး တကြော်ကြော်နဲ့ မုန့်တွေ တစ်ခုပြီး တစ်ခု လုပ်တယ်။ မုန့်တွေ လုပ်ပြီး ညောင်းလာနေတဲ့ ဦးလေးသာမောင်ကို ဒေါ်လေးမယ်ရင် နင်းနှိပ်ပေးတယ်။ တစ်ဦး အထာကို တစ်ဦးသိပြီး ယုယကြင်နာမှုရှိတဲ့ ဦးလေးသာမောင်တို့ လင်မယားကို ကြည့်ရတာ စိတ်ကြည်နူး စရာ ကောင်းပါတယ်။ ပကာသန မဖက်တဲ့ သူတို့ဘ၀က ပျော်ရွှင် ဖွယ်ရာ အတိ။
"ဦးလေးသာမောင် နောက်နှစ်ဘုရားပွဲကျရင်လည်း လာဦးမှာလားဟင်"
ညီမလေးရဲ့ အမေးကို ဦးလေးသာမောင်က မဆိုင်း မတွပင် ပြန်ဖြေပေးခဲ့တယ်။
"လာမှာပေါ့ ကလေး ရယ်။ ဒီပွဲခင်းကြီးဟာ ဦးလေးသာမောင်ရဲ့ အိမ်လို့ ဆိုခဲ့ပြီပဲ။ နောက်တစ်နှစ် ပွဲခင်းဟာ ကိုယ့်အိမ်ဆိုတော့ ပြန်လာရမှာပေါ့ ကလေးရဲ့"
"ဟေး... ပျော်လိုက် တာ။ သမီးတို့ ဦးလေးသာမောင်ရဲ့ မုန့်ကို တစ်နှစ်လုံး လွမ်းနေမှာ"
ညီမလေးရဲ့ဟန်ဆောင်မှုကင်းမဲ့စွာ ခုန်ပေါက်နေတဲ့အတွက် အိုးမည်းလက်အစုံ ပေနေတဲ့ ဦးလေးသာမောင်ကပါ ကပြတယ်။ ဒေါ်လေးမယ်ရင်က မုန့်ကော်တဲ့ သံယောက်မကြီးနဲ့ တဒေါက်ဒေါက် ခေါက်ကာ ပါးစပ် စည်းချက် လိုက်ပေးတယ်။ ကျွန်မတို့ တော်တော် ပျော်ခဲ့ကြပါတယ်။
အမေက ထမင်းစားဖို့ အော်ခေါ်ရင် ဦးလေးသာမောင်က "လွှတ်လိုက်မယ် ကလေးတို့ အမေရယ်၊ စိတ်မပူနဲ့ဗျ နော်" လို့ ပြန်အော်ကာ ကျွန်မတို့ ညီအစ်မကို အပြန် မုန့်တွေ ထည့်ပေးကာ ကားလမ်းကို သေချာ ကူးပေးလိုက်တယ်။
ဦးလေးသာမောင်ရဲ့ မုန့်ဆိုင်ကအစွန်မှာဆိုတော့ ကျွန်မတို့အိမ်နဲ့ အတော်နီးပါတယ်။ အိမ်ရှေ့က ထွက်ကြည့်ရင် ဦးလေးသာမောင်ရဲ့ ဆိုင်ကို မြင်နေရတယ်လေ။
ပွဲပြီးတဲ့ မနက်မှာတော့ ဦးလေးသာမောင်တို့ အထုပ်အပိုးတွေ ပြင်ဆင်ပြီးနေပြီ။ ဦးလေး သာမောင်က ဒေါ်လေးမယ်ရင်ရဲ့ ဆံနွယ် အရှည်ကြီးကို သေချာ ဖြီးသင်ပေးတယ်။ ဒေါ်လေးမယ်ရင်ကလည်း ဦးလေးသာမောင် အတွက် လမ်းခရီးမှာ စားဖို့ လက်ဖက်လေးက အစ သေချာ ချိုင့်ထဲ ထည့်ပြီး ပြင်ဆင်နေသလို ကွမ်းယာလေးနဲ့ ဆေးလိပ်လေးပါ သေချာ ထုပ်ပိုးနေတယ်။
"မယ်ရင် ကျုပ်တို့ အချိန်မလင့်ခင် သွားရအောင်လား"
"ရှင့်သဘောပါတော်"
ဦးလေးသာမောင်တို့ ဇနီးမောင်နှံကို ခွဲရမှာမို့ ၀မ်းနည်းနေခဲ့တယ်။ သို့သော် တစ်ဦးအပေါ်တစ်ဦး ယုယ ကြင်နာမှု ရှိသော ဦးလေးသာမောင်တို့ကို ကြည့်ပြီး ၀မ်းသာရတယ်။ ဘ၀ရဲ့ သာယာမှု၊ ပျော်ရွှင်မှု၊ ချမ်းမြေ့မှု ဆိုတာတွေကို ဘာမှ နားမလည်ခဲ့ပေမယ့် ဦးလေးသာမောင်တို့ ဆီမှာ ရှိလိမ့်မယ်လို့ ကျွန်မ ထင် ခဲ့တယ်။
"ကလေးတို့ရေ ကျုပ်တို့ သွားဦးမယ်။ နောက်နှစ်ကျတော့ တွေ့ကြရမှာပေါ့။ အဲဒီကျရင်တော့ ကျုပ်လက်ရာ မုန့်သိုင်းခြုံ ကောင်းကောင်း စားကြပေါ့"
ဦးလေးသာမောင်တို့ ကားပေါ် တက်သွားတဲ့ အထိ ကျွန်မတို့ ငေးမော ကျန်ရစ်ခဲ့တယ်။ ကျွန်မကတော့ အဲဒီ အချိန်က စပြီး ဦးလေးသာမောင်ရဲ့ မုန့်သိုင်းခြုံ ပူပူလေးကို အလွမ်းကြီး လွမ်းနေခဲ့ပါတယ်။
ဘီးတစ်ချောင်းနဲ့ ဆံပင် ရှည်တွေကို ရှင်းရင်း အခန်းထောင့်က မရှင်းရသေးတဲ့ အ၀တ်အိတ်ကို လှမ်းကြည့်ကာ သက်မချရတယ်။ အိမ် ပြန်မလာ ဖြစ်တာ အတော်လေး ကြာနေပြီ။
"မမနေချို။ နေညိုတို့ ပွဲခင်းသွားပြီး မုန့်စားရအောင်"
"ဟင်...၊ ဘုရားပွဲ စပြီလား"
ကျွန်မရဲ့ အလန့်တကြား အမေးကြောင့် ညီမလေးက မျက်စောင်းလေး ၀င့်ကာ ကျောင်းသွားတက်တာနဲ့ ကိုယ့်ရပ်ကွက် ဘုရားပွဲလေးကိုတောင် မေ့နေပြီလား ဆိုတဲ့ အကြည့်မျိုးလေး ကြည့်နေတယ်။
"ဟယ် ဟုတ်ပါရဲ့၊ မေ့နေလိုက်တာ"
"ဆင်းလာခဲ့တော့နော်၊ ပြီးရင် နေညိုကို မုန့်ဝယ်ကျွေးရမှာ"
ပြေးထွက်သွားတဲ့ ညီမလေး ကျောပြင်ကို ငေးကြည့်မိရင်း အရင်ကလို စကတ်တိုလေးနဲ့ မဟုတ်တော့ဘဲ ထဘီကို သပ်ရပ်စွာဝတ်နေပြီဖြစ်တဲ့ ဆယ်တန်းကျောင်းသူပင်ဖြစ်နေပါရောလားလို့ တွေးမိကာ ပြုံးသွားရတယ်။
ပိုက်ဆံအိတ် ယူကာ ညီမလေးနောက်သို့ လိုက်လာခဲ့တယ်။ ဟိုးအရင်က အမေ ပေးလိုက်တဲ့ ဆယ်တန်လေးတွေ ကျစ်ကျစ်ပါအောင် ဆုပ်ကာ ညီမလေး လက်ဆွဲပြီး ပွဲခင်းတစ်လျှောက် ပြေးလွှားခဲ့ဖူးပေမယ့် ယခုအခါမှာတော့ ပိုက်ဆံအိတ်လေး လက်ကကိုင်ပြီး ဣနြေ္ဒရရ လျှောက်နေရတဲ့ အသက် ၂၀ ကျော် အရွယ် မိန်းကလေး တစ်ယောက် ဖြစ်နေခဲ့ပြီ။ သာမောင်ကြီး မုန့်သိုင်းခြုံ ဆိုတဲ့ ဆိုင်းဘုတ်လေးကို မျက်စိတစ်ဆုံး ရှာဖွေနေမိတယ်။
"မမနေချို ဘာကို ရှာနေတယ် ဆိုတာ နေညို သိပါတယ်။ ဒါပေမယ့် မမနေချို စေ့စေ့စပ်စပ် ရှာဖွေမှရမှာနော်"
ညီမလေးရဲ့အပြုံးက လျှို့ဝှက်တဲ့အပြုံး။ ကျွန်မလည်း ဇွဲမလျှော့ချင်ဘူး။ မတွေ့ရင် နောက်တစ်ခေါက် ဖြတ်လျှောက်ပြီး ထပ်ရှာမယ်လို့ စိတ်ကူးထားပြီးသား။
"နေညို မုန့်ဟင်းခါး သောက်ချင်တယ် မမနေချို။ ရန်ကုန် မုန့်ဟင်းခါးမှနော်"
ညီမလေးက ရယ်ဟဟလေးနဲ့ ဆိုလာတယ်။ မုန့်ဟင်းခါးဆိုမှ ငါးရနံ့လေးက နှာခေါင်းဆီသို့ လာရောက် ထိတွေ့တယ်။ ဆိုင်းဘုတ်ကို မျက်စိဝေ့ကြည့်မိတယ်။ သာမောင်ကြီးရဲ့ ရန်ကုန် မုန့်ဟင်းခါး။ ကျွန်မ မျက်စိ မမှားပါဘူး။ သေချာအောင် ထပ်ကြည့်နေတဲ့ ကျွန်မကို ညီမလေးက လက်ဆွဲပြီး ဆိုင်ထဲ ၀င်စေတယ်။
"ကြက်ဥ၊ ငါးဖယ်နဲ့ အစုံ နှစ်ပွဲ" ဟု ညီမလေးက လှမ်းမှာတယ်။ ဆံပင်ဖြူစ ပြုနေတဲ့ လူတစ်ယောက်ရဲ့ နောက်ကျောကို မြင်ရရုံနဲ့ ဦးလေး သာမောင်မှန်း ကျွန်မ သိလိုက်ပြီ။ ကြည့်စမ်းပါဦး။ ကျွန်မနဲ့ မတွေ့ဖြစ်ကြတာ ငါးနှစ်၊ ငါးနှစ်လောက်တော့ ရှိမှာပဲ။ ရန်ကုန် ကျောင်းသွားတက်ရတဲ့ အချိန်တွေရယ်၊ အလုပ်ဝင်လုပ် ဖြစ်တဲ့အချိန် တွေရယ်....။ အရာရာ ပြောင်းလဲ နေခဲ့ပါလား။
"ကိုသာမောင် ဟိုမှာ ပန်းကန်တွေ ပုံနေတယ်။ သွားဆေးလိုက်စမ်းပါရှင်၊ အားရင် ထိုင်နေတာပဲ။ ပြောကို မပြောချင်ဘူး"
စူးစူးရှရှ အသံပြင်းပြင်းကြောင့် ဦးလေးသာမောင်ကို လှမ်းခေါ်ဖို့ ပြင်နေတဲ့ ညီမလေးရဲ့ပါးစပ်လည်း ဦး တစ်လုံးနဲ့ ရပ်တန့်သွားတယ်။ လာချပေးတဲ့ မုန့်ကို တစ်ဇွန်း ခပ်မြည်းလိုက်တော့ လျှာဖျားမှာ စွဲသွားပြန်တယ်။ ဦးလေးသာမောင်ရဲ့ လက်ရာပဲ ဆိုတဲ့ အသိက ပို၍ စားကောင်း နေပြန်တယ်။ ညီမလေး မျက်နှာက ဘာမှ မမေးနဲ့ ကိုယ့်ဘာသာ အဖြေရှာ ဆိုတဲ့ ပုံစံမျိုး။
"ကိုသာမောင် ဒီလာခဲ့ ဦး။ ဟော...၊ ဖျတ်ဖျတ် လတ်လတ်ကို မရှိဘူး။ တုံ့နှေးတုံ့နှေးနဲ့ တကတဲမှ ပြောမပြောချင်ဘူး"
နှုတ်ခမ်းနီတွေ၊ မိတ်ကပ်တွေ အဖွေးသားနဲ့ ဆံပင်ကောက်တွေ တခါခါရှိတဲ့ မိန်းမကြီးက ခါးကြီးထောက်ပြီး ဦးလေးသာမောင်ကို တစ်မျိုးပြီးတစ်မျိုး ခိုင်းစေတုန်း။ သူတို့ ဘယ်လို ပတ်သက် တော်စပ်ကြသည်ကို ကျွန်မ စိတ်ကူးဖြင့် တွေးမကြည့်ချင်။ စိတ်မကောင်းစွာနဲ့သာ ငေးမော ကြည့်မိတယ်။
"ဟာ ကလေးတို့၊ ကလေးတို့ မုန့်လာစားကြတယ်"
ဝမ်းသာပီတိ ဖြစ်သွားတဲ့ ဦးလေးသာမောင်ရဲ့မျက်နှာကို ကျွန်မ ငေးမောကြည့်မိတုန်း
"ဦးလေးသာမောင် နေကောင်းတယ်နော်။ ဒေါ်လေး မယ်ရင်ရော"
ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းပြတဲ့ ဦးလေးသာမောင်ရဲ့ မျက်ဝန်းတွေမှာ ဆွေးရိပ်တွေက အထင်းသား။ ဒါပေမယ့် ခဏပါပဲ၊ မျက်နှာမှာ ရှိတဲ့အပြုံးတွေက ပျောက်ကွယ်မသွားခဲ့။
"ခင်မဟာ ဦးလေးသာမောင်ရဲ့ဇနီးပါ။ သူက အလှပ မက်သလို ပါးစပ်လည်း ဆိုးတယ်။ ဒါပေမယ့် သဘောတော့ ကောင်းရှာပါတယ်"
ဒီမုန့်ကို ဦးလေးသာမောင် ချက်တာလား ဆိုတော့ ခေါင်းညိတ်ပြတယ်။ ပျော်နေတယ်ပေါ့ ဆိုတဲ့ အမေးကိုတော့ မဖြေခဲ့ပါဘူး။ ပြုံးရုံပဲ ပြုံးနေတယ်။ အဲဒီအပြုံးရဲ့ အဓိပ္ပာယ် ကိုတော့ ကောင်းကောင်း နားမလည်ခဲ့ဘူး။
"ကိုသာမောင် ဟင်းရည်ပူအောင် မီးထည့်ပါလား။ ဘာလေအိုး ဖောက်နေရတာလဲ။ တကတဲ ရှင် အားအား ယားယား"
မျက်စောင်း တ၀င့်ဝင့် ရှိတဲ့ ဒေါ်ခင်မကို ဒေါ်လေး မယ်ရင်လောက် မခင်မင်မိဘူး။
"ကလေးရေ ကျုပ်ကို ရထားတစ်စင်းလို့ မြင်ကြည့်စမ်းပါ။ ရထားတစ်စင်းဟာ ခရီးဆုံး ဘူတာရောက်ဖို့ တစ်ဘူတာပြီး တစ်ဘူတာ ၀င်နားတယ်လေ။ ပြီးမှ ခရီးဆုံးကို ရောက်တာမို့လား။ အဲဒီလိုပဲ ကျုပ်လည်း ဘူတာစဉ်တွေ ၀င်နားနေတုန်းပါ။ သံသရာ ခရီးသွား ရထား တစ်စင်းပေါ့ ကလေးရယ်"
ဒီစကားကို ပြောနေတဲ့ ဦးလေးသာမောင်ရဲ့မျက်နှာမှာ လေးနက်မှုတွေ ရှိနေခဲ့တယ်။ အိမ်အပေါ် ၀ရန်တာလေးမှ ဦးလေးသာမောင်ရဲ့လှုပ်ရှားမှုတွေကို လေ့လာမိတယ်။ ပုံရိပ်တွေက မှုန်ဝါးဝါး ပေသိ လှုပ်ရှားမှုတွေကတော့ အထင်းသား။ စေတစ်လုံးကို သိမ်းပိုက်ထားတတ်သူ ဒေါ်ခင်မအပေါ် မေတ္တာ မပျက် အပြုံးတွေနဲ့ ရှိနေတဲ့ ဦးလေး သာမောင်။ စားသုံးသူတွေ အပေါ် ၀တ္တရားကျေတဲ့ ဦးလေး သာမောင်။ ဘာပဲဖြစ်ဖြစ် အရင်ကလို ဦးလေးသာမောင်ကတော့ ပျော်နေတာပါပဲလေ။
ကားပေါ် မတက်ခင် သူ့ မိန်းမခေါ် ခင်မရဲ့ မျက်စောင်းတွေကို ခံယူရင်း သတိတရ နှုတ်ဆက်သေးတယ်။ ကျွန်မ ဦးလေးသာမောင် ရှိရာ အမော တကော ပြေးလာမိတယ်။ မေးစရာ ရှိနေခဲ့တာကြောင့်ပါ။ အဲဒီမေးခွန်းကို မမေးလိုက်ရရင် ကျွန်မ အချိန် တော်တော်ကြာ စိတ်ထဲ ခုလုကြီး ဖြစ်နေမှာ။ ဦးလေးသာမောင် ရှေ့ရောက်တော့ ပြောချင်၊ မေးချင်တဲ့ စကားတွေက ချောချောမောမော ထွက်မလာပြန်။
"ကလေး ဘာပြောချင်လို့လဲ ပြောလေကွယ်"
"ဟိုလေ...၊ ဟိုလေ မုန့်သိုင်းခြုံ လုပ်ရတာနဲ့ မုန့်ဟင်းခါး ချက်ရတာ ဘယ်ဟာ ပိုပြီး ပျော်စရာ ကောင်းလဲလို့ပါ"
"ဟား... ဟား..."
သွားရဲရဲကြီးတွေ ပေါ်အောင် ဟိုးအရင်က အတိုင်း တဟားဟား ရယ်ပြီးကာမှ
"တစ်မျိုးစီပေါ့ ကလေးရယ်" လို့ တိုးလျညင်သာစွာ ဖြေပေးခဲ့တယ်။ တဖြည်းဖြည်းနဲ့ ဦးလေးသာမောင်ရဲ့ မြင်ကွင်းက ဝေးလို့ သွားပြန်တော့တယ်။
"မေမေ သား ပွဲဈေး သွားချင်တယ်။ မုန့်လည်း စားချင်တယ်။ ခုလိုက်ပို့၊ ခုလိုက်ပို့လို့"
ထဘီစ ဆွဲပြီး တစ်တွတ်တွတ် ပူဆာနေတဲ့ သားကို ကြည့်ပြီး ကျွန်မ မဆူရက်။ ရန်ကုန်မှာဆို သူ့ခမျာ မလွတ်လပ်ရှာ။ အဖေက တစ်မျိုး၊ အဘွားက တစ်မျိုး၊ အဒေါ်တွေက တစ်သွယ် စောင့်ကြည့် ချုပ်ချယ်ခြင်း ခံရတာ။ မြေးဦးလေးဆိုတော့ အရိပ်လိုကြည့်ပြီး ချစ်ကြတဲ့ အသိုက်အ၀န်းမှာ လွတ်လပ်မှု နည်းရှာခဲ့တယ်။ ကျွန်မ အမေ နေမကောင်းလို့ မြို့ပြန်လာတော့ ဘုရားပွဲနဲ့ တိုက်ဆိုင်နေတယ်။ လူတွေ သွားလာ စည်ကားနေပြီး ဆိုင်းသံ ဗုံသံတွေကြောင့် သားက ဖင်တ ကြွကြွ။
ကျွန်မကတော့ ညီမလေး နေညိုကို လွမ်းမိတယ်။ အိမ်ထောင်ရက်သား ကျကာ အမျိုးသားရှိရာ စင်ကာပူနိုင်ငံသို့ လိုက်ပါသွားခဲ့တယ်။ ညီမလေးသာ ရှိရင် သားလေး ထူးထူးနဲ့ ပွဲခင်းတစ်လျှောက် လျှောက်လည်နေမလားပဲ။ ဒါမှမဟုတ် ကျွန်မကို ပူဆာပြီး မုန့်ပဲလျှောက်စားနေမလားပဲ။
"မေမေ လိုက်ပို့ပေးလေ၊ သား သွားချင်ပြီ"
သားက တဂျီဂျီ လုပ်တုန်း အဘွားဖြစ်တဲ့ ကျွန်မ အမေက လိုက်ပို့လိုက်ပါအေ တဲ့လေ။ နောက်ဆုံးတော့ သားလက်ကို ဆွဲပြီး ဘုရားပွဲခင်းထဲ ရောက်ခဲ့ရပြီ။
ဒါ ဦးလေးသာမောင်ရဲ့ အိမ်ပေါ့လို့ ပြောခဲ့တဲ့ အစွန်က မုန့်ဆိုင်လေးကို လွမ်းဆွတ်ကာ ငေးမိတယ်။ တွေ့အောင် ရှာမယ်လို့ တွေးထားမိတယ်။
"မေမေ မုန့်စားမယ်"
"အေးပါ သားရယ်။ မေမေ ကျွေးမှာပေါ့။ ခဏတော့ စောင့်နော်"
သားကို ချွေးသိပ်မိတယ်။ ငယ်စဉ်က တွယ်တာ ခဲ့ရတဲ့ ဦးလေးသာမောင် လုပ်ရောင်းတဲ့ မုန့်ကိုသာ သားကို ၀ယ်ကျွေးချင်တာ ကျွန်မဆန္ဒပဲလေ။
"မေမေ...၊ မေမေ... သား ချားစီးချင်တယ်"
သားက တစ်မျိုး ပြောင်း၍ ပူဆာပြန်တယ်။ ဒီတစ်ခါတော့ ကျွန်မ စောင့်ခိုင်းလို့ ရတော့မယ် မထင်။ သားရဲ့မျှော်လင့်တကြီး မျက်ဝန်းတွေကြောင့် ကျွန်မ လိုက်လျော မိတော့တယ်။ ရဟတ် အကြီးကြီးမှာ အပျို၊ လူပျိုတွေ ၀ိုင်းအုံ နေကြသလို ချားရဟတ်သေးသေးလေးမှာလည်း ကလေးကိုယ်စီ တွဲလာကြတဲ့ ကလေးအမေတွေ ၀ိုင်းအုံနေကြတယ်။
"ဦးလေး တစ်ခါစီး ဘယ်လောက်လဲ"
တစ်ခေါင်းလုံး ကြာဆံ ကဲ့သို့ ဆွတ်ဆွတ် ဖြူနေတဲ့ ဦးလေးကြီးက လှည့်လာတယ်။
"ဟင်... ဦးလေးသာမောင်"
ကျွန်မ မမေ့ဘူး။ နှစ်တွေ ဘယ်လောက် ကြာကြာပေါ့။
"ဟာ... ကလေး"
ဦးလေးသာမောင် ကလည်း အံ့သြ ၀မ်းသာနေတယ်။ တော်တော် အိုကျသွားတဲ့ ဦးလေးသာမောင်ကို ကြည့်ကာ ရင်ထဲတွင် မကောင်းလှ။ သာမောင်ကြီးရဲ့ ချားရဟတ် ဆိုတဲ့ ချားရဟတ်ရဲ့ ထိပ်မှာ ရေးထားတဲ့ စာလုံးတွေက အရောင်တောင် မှိန်ချင်နေပြီ။
"ဦး ပိုက်ဆံ ပေးဦး၊ ဘိုမ အသုပ်စားချင်တယ်။ ဒီနေ့ ထမင်းမစားဘူးနော်။ ဟိုထဲက အင်္ကျီတစ်ထည်လည်း ၀ယ်ဦးမှာ"
အ၀တ်တွေ ဖျာပေါ်ပုံ ရောင်းတဲ့ ဈေးသည်ကို ထိုးပြရင်း ပိုက်ဆံ တောင်းနေတဲ့ ကောင်မလေးဟာ ကျွန်မ ထက်ပင် အတော် ငယ်ဦးမှာ။ ဦးလေးသာမောင် လက်ကို အတင်းဆွဲပြီး ပိုက်ဆံယူတယ်။ ခိုးခိုးခစ်ခစ် ရယ်သံကလည်း ဣနြေ္ဒမရချင်။ ၀တ်စားထားတာလည်း ဖိုသီ ဖတ်သီ။
"အဲဒါ ဇနီးလေ"
လို့ ဦးလေးသာမောင်က ပြောတော့ ကျွန်မ မအံ့သြတော့။ ဘူတာစဉ် တစ်ခုလို့သာ နားလည်မိတော့တယ်။
"ဗျို့ ဦးသာမောင် ကျုပ် အရက် သွားသောက်မလို့ ပိုက်ဆံပေးဦး"
"ဘကြီး၊ အမေကလည်း ဆန်ဝယ်ဖို့ ပိုက်ဆံပေးဦးတဲ့။ ဒီနေ့ ဈေးသိပ်ရောင်း မကောင်းလို့တဲ့"
ကျွန်မတို့ အရွယ်လူ တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ပြိုင်တူ လိုလို ရောက်လာခဲ့ကြပြီး ပိုက်ဆံတောင်းကြတယ်။ နှုတ်ခမ်းစုတ်နေတဲ့ အင်္ကျီအိတ် လေးဟာ တဖြည်းဖြည်း ပိန်ကပ် သွားလေတော့တယ်။ ယောက်ဖနဲ့ ခယ်မလေးလေ လို့ပြောပြီး တဟဲဟဲ ရှက်ရယ် ရယ်ရှာတယ်။ ဦးလေးသာမောင်ရဲ့ဇနီး ဘိုမတို့ကလည်း ဆယ့်နှစ်ပွဲဈေးသည်တွေဟု သိရတယ်။
သားကို ဦးလေးသာမောင် ကိုယ်တိုင် ချားပေါ်တင် ပေးတယ်။ နောက် ကွမ်းတံတွေး တဗျစ်ဗျစ်ထွေးကာ ချားကို လှည့်တော့တယ်။ ကလေးတွေရဲ့ ရယ်ရွှင်သံတွေဟာ ဦးလေးသာမောင်ကို အားတွေ ဖြစ်စေသလားရယ်လို့ ကျွန်မ တွေးမိတယ်။ အပတ်ပေါင်း မြောက်မြားစွာ လည်နေတဲ့ ချားရဟတ်ကို မော့ကြည့်နေတဲ့ ကျွန်မကို ဦးလေးသာမောင်က "ကလေးတောင် အမေ တစ်ယောက် ဖြစ်နေပြီပဲ။ ကလေးရေ ဦးလေးဘ၀ဟာ အခုလည်နေတဲ့ ချားရဟတ်လိုပဲကွယ့်။ အောက်မှာ ရှိနေတုန်း ကတော့ ပုခက် လွှဲသလို ခပ်ငြိမ့်ငြိမ့်လေးပေါ့။ ဟော အပေါ်လည်း ထိုးတက်သွားရော ရင်တထိတ်ထိတ် အသည်း တလှပ်လှပ်နဲ့လေ။ အဲ...၊ အောက်ပြန် ဆင်းလာ ပြန်တော့လည်း အသည်း တအေး ရင်တဖိုဖိုနဲ့ပေါ့။ ဘ၀ရဲ့ချိုမြိန်မှု၊ သာယာမှု၊ စိတ်ဆင်းရဲမှုတွေ အလှည့် အပြောင်း၊ အနိမ့်အမြင့်၊ အတက်အကျဟာ ချားရဟတ်ကြီး လှည့်ပတ် နေသလိုပါကွယ်"
ရီဝေနေတဲ့ မျက်ဝန်းတွေမှာ ဆွေးရိပ်၊ နာကျင်ရိပ်၊ ရွှင်မြူးရိပ်တွေ အလှည့်အပြောင်း အလိုက် ဖြစ်ထွန်းနေတဲ့ ဦးလေးသာမောင်ကို ကျွန်မ ငေးကြည့်နေမိတယ်။ အရင် အချိန်တွေကလို ဦးလေးသာမောင်ရဲ့လှုပ်ရှားမှု ပုံရိပ်တွေကို ကျွန်မ ငေးမောခွင့် မရခဲ့ပါ။ ခင်ပွန်းသည်က နိုင်ငံခြားသွားရမယ် ဆိုသဖြင့် ပြန်ဖို့ ဖြစ်လာခဲ့တယ်။ ဒီတစ်ခါတော့ ကျွန်မကပင် စတင် နှုတ်ဆက်ခဲ့ရသူ ဖြစ်ခဲ့ရပြီ။ ကျွန်မက သွားတော့မယ် ဆိုတော့ အရင်ကလို သံယောဇဉ် အရိပ်တွေနဲ့ ခေါင်းညိတ်ပြတယ်။
"ဦးလေးသာမောင်"
"ပြောလေ ကလေး"
"မုန့်သိုင်းကျုံ လုပ်ရတာရယ်၊ မုန့်ဟင်းခါး ချက်ရတာရယ်၊ ချားရဟတ် လှည့်ရတာရယ် ဘယ်ဟာ ပိုပျော်သလဲဟင်"
သွားရဲရဲတွေ ပေါ်အောင် အဓိပ္ပာယ်ရှိရှိ ပြုံးလိုက်ရင်းမှ "တစ်မျိုးစီပေါ့ကွယ်" လို့ အဖြေပေးခဲ့ပါတယ်။
ဒီတစ်ခါတော့ လုံးဝ ကျွန်မ နားလည်ခဲ့ရပါပြီ။ ဦးလေးသာမောင်ရဲ့ ဘ၀ကို ချားရဟတ်တစ်ခုပမာ မြင်ယောင်တယ်။ ဒေါ်လေးမယ်ရင်၊ ဒေါ်ခင်မ၊ အဲ နောက်ဆုံး ဘိုမ အထိပေါ့။ အခုတော့ ဦးလေးသာမောင်ဟာ ချားရဟတ်ပေါ်ကနေ အသည်းတအေးအေး ရင်တဖိုဖိုနဲ့ အောက်ပြန်ဆင်း နေတုန်းပါပဲ။
ပင်မြင့်စံ (ရွှေဘို)
No comments:
Post a Comment