နှစ်ပေါင်း ၅၀ လောက် ကမ္ဘာ့အလယ် မှာ မြန်မာနိုင်ငံတစ်နိုင်ငံတည်း ရပ်တည် နေခဲ့ရတဲ့အနေအထား ပျက်ပြယ်သွား တဲ့အကြောင်းနဲ့ပတ်သက်လို့ မကြာသေး ခင်လများအတွင်းက သတင်းတွေ ပလူပျံ ခဲ့သလို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၁ ခုနှစ် အတွင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်းဆောင် ခဲ့တဲ့ မြန်မာ နိုင်ငံသား ထိပ်တန်းသံတမန်ပုဂ္ဂိုလ်ကြီးနဲ့ ပတ်သက်ပြီးတော့လည်း အမှတ်ရစရာ သတင်းတွေ ပေါ်ပေါက်လာပါတယ်။လွန်ခဲ့တဲ့နှစ် ၅၀ လောက်က အောက်တိုဘာလမှာ အဲဒီတုန်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်ဟာ ၂၀ ရာစုရဲ့ အဆိုးရွားဆုံး အပြည်ပြည်ဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်တဲ့ ကျူးဘားဒုံးကျည် အရေးအခင်းကာလ အတွင်းမှာ ကုလသမဂ္ဂရဲ့တာဝန်ရှိသူ ဖြစ်ရုံမကဘဲ နျူကလီးယားလက်နက် တွေကြောင့် ကမ္ဘာပျက်သလို ပျက်စီးမှု တွေမဖြစ်ပွားအောင် တားဆီးပေးနိုင် တဲ့သူတစ်ဦးအဖြစ်လည်း အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဦးသန့်။ ဓာတ်ပုံ - supplied |
U-2 သူလျှိုလေယာဉ်မှူး ရစ်ချတ်ဟေး ဆားရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံတွေကြောင့် ဆိုဗီယက်ရဲ့ နျူကလီးယားဒုံးကျည်တွေ ကျူးဘာမှာရှိနေတာကို အမေရိကန် သမ္မတ ဂျွန်အက်ဖ်ကနေဒီ သိသွားပြီးတဲ့ နောက် ဖြစ်ပွားခဲ့တဲ့ ဒီအရေးအခင်းဟာ ၁၉၆၂ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက် ကနေ ၂၈ ရက်နေ့အထိ ၁၃ ရက်ကြာ မြင့်ခဲ့ပါတယ်။
ဒီလိုသိသွားတဲ့အတွက် အမေရိကန် အစိုးရက ကျူးဘားနိုင်ငံကို လေကြောင်းက တိုက်ခိုက်ဖို့ စဉ်းစားရတဲ့ အထိ ဖြစ် သွားစေပါတယ်။ ဒါပေမယ့် သမ္မတကနေဒီကတော့ အထက်လွှတ်တော် အမတ်တွေပေးတဲ့ အကြံစည်အတိုင်း မလုပ်ဘဲ ရေကြောင်းကနေ ပိတ်ဆို့တား ဆီးမှုတွေကိုပဲ ဆောင်ရွက်ခဲ့ပါတယ်။
အောက်တိုဘာ ၂၄ ရက်နေ့မှာ အခြေ အနေက အရမ်းကိုစိုးရိမ်စရာကောင်း နေပါတယ်။ ကင်းထောက် လေယာဉ်က ပို့လာတဲ့ဓာတ်ပုံတွေအရ ကျူးဘားမှာ ရှိတဲ့ ဒုံးကျည်တွေဟာ ပစ်လွှတ်ဖို့ အဆင်သင့် အနေအထားမှာ ရှိနေတာကို တွေ့ ရပါတယ်။ အမေရိကန်နဲ့ ဆိုဗီယက် စစ်သင်္ဘောတွေရဲ့ အနေအထားကလည်း မတိုးသာမဆုတ်သာ အခြေအနေမှာ ရှိ နေပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် မီတာ သုံးလေးရာလောက်ပဲဝေးပြီး လက်နက် တွေနဲ့လည်း အပြန်အလှန် ချိန်ထားကြပါတယ်။

အဲဒီနေ့မှာပဲ အမေရိကန်စစ်တပ်ရဲ့ ကာကွယ်ရေးအတွက် အဆင်သင့်ပြင် ထားတဲ့ အနေအထား အဆင့် ငါးဆင့်ရှိ ရာမှာ အဆင့်သုံးကနေ အဆင့်နှစ်ကို တိုးလိုက်ပါတယ်။ နောက်တစ်ဆင့်သာ ထပ်တိုးလိုက်ရင်တော့ ရာဇ၀င်မှာ အပြင်းထန်ဆုံးဖြစ်တဲ့ နျူကလီးယားစစ် ပွဲဖြစ်ဖို့ပဲ ရှိပါ တော့တယ်။
သမိုင်းကြောင်းအရကတော့ ဆိုဗီယက်စစ်တပ်တွေ နောက်ဆုတ်သွား အောင် အမေရိကန် စစ်တပ်ဘက်က၊ ဘယ်လိုလုပ်ခဲ့လိုက်တယ်ဆိုတဲ့ လေလုံးထွားဖော်ပြမှုတွေ အမြောက်အမြား ရှိပေမယ့် အောက်တိုဘာလ ၁၂ ရက်နေ့ မှာ ထုတ်ပြန်ခဲ့တဲ့"Bulletin of the Atomic Scientists" ဆိုတဲ့သတင်းလွှာ မှာတော့ ကမ္ဘာပျက်သလိုပျက်စီးနိုင်တဲ့ စစ်ပွဲကြီးမဖြစ်အောင် တားဆီးနိုင်ခဲ့ရာ မှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့တဲ့ ဦးသန့်ရဲ့ သိမ်မွေ့ပြီး ပညာသားပါပါ မလျှော့တမ်း နားချခဲ့တဲ့ သံတမန်ပရိယာယ်ကို အသေးစိတ်ဖော်ပြပေးထား ပါတယ်။
စာရေးသူ A Walter Dorn နဲ့ obert Pauk တို့က "The Closest Brush: How a UN Secretary General Averted Doomsday" ခေါင်းစဉ်နဲ့ ရေးသားထားတဲ့၊အစီရင်ခံစာမှာ အရေးအခင်းကာလအတွင်း ကြားကနေ ဖျန်ဖြေပေးဖို့အတွက် အမေရိကန်သမ္မတကနေ ဒီကိုယ်တိုင် ဦးသန့်ကို တိုက်ရိုက်လျှို့ဝှက် တောင်းဆိုခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေ ကုလသမဂ္ဂရဲ့ မော်ကွန်းတိုက်မှာရှိသလို ပါးစပ်ရာဇ၀င်တွေ လည်းရှိတယ်လို့ ဖော်ပြထားပါတယ်။
"ဦးသန့်ဟာ သူ့ဆန္ဒအရလည်း ဒီတာဝန်ကိုရဲရဲရင့်ရင့်ယူခဲ့ပါတယ်" လို့ သူတို့ရဲ့အစီရင်ခံစာမှာ ရေးထားပါတယ်။
"တကယ်တော့ ဦးသန့်ရဲ့ ဆောင် ရွက်ချက်တွေအကုန်လုံးကို မီဒီယာတွေ ကအသေးစိတ် မသိခဲ့ကြပေမယ့် သိပ်ကို ဆိုးရွားတဲ့ အရေးအခင်းကြီး မဖြစ်အောင် ရှောင်လွှဲပေးနိုင်ခဲ့တဲ့ သူ့ရဲ့ကြိုးပမ်းမှုအတွက် သူ့ကို အဲဒီအချိန်တုန်းက သတင်းစာတွေက ချီးမွမ်းခဲ့ကြပါတယ်"လို့လည်း ရေးသားထားပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဦးသန့်ရဲ့ ဆောင်ရွက်ချက်တွေထဲမှာ "ငြိမ်းချမ်းစွာ ပြေငြိမ်းရေးအတွက် စေ့စပ်ဆွေးနွေးကြဖို့ အချိန်ယူသင့်ကြောင်း"တောင်းဆို ထားတဲ့မေတ္တာရပ်ခံချက်ကို အမေရိ ကန်သမ္မတကနေဒီ နဲ့ ဆိုဗီယက်ဝန်ကြီးချုပ် Nikita Khrushchev တို့နှစ်ဦး စလုံးထံ ပေးပို့ခဲ့တာလည်း ပါဝင်ပါတယ်။
သူ့ရဲ့တောင်းဆိုမှုကိုMrKhrushchev က အသာတကြည် လက်ခံခဲ့ပေမယ့် အစကတည်းက အကဲခတ်နေတဲ့ အမေရိကန်ဘက်က စစ်ခေါင်းဆောင် တချို့က ဦးသန့်ဟာ ကျူးဘားရဲ့ ထိပါးမှုကို အားပေးတယ်လို့ ပြောဆိုကြပြီး ဦးသန့်ရဲ့ မေတ္တာရပ်ခံချက်ကို ကန့်ကွက် ခဲ့ကြပါတယ်။
ဒါပေမယ့် တင်းမာမှုအပြင်းထန်ဆုံး အချိန်ဖြစ်တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ သမ္မတကနေဒီက နိုင်ငံခြား ရေးရာဝန်ကြီးဌာနကို ဦးသန့်နဲ့တွေ့ပြီး "ဆိုဗီယက်ဘက်က သူတို့ရဲ့စစ် သင်္ဘော တွေကို နောက်ဆုတ်ပေးမယ်ဆိုရင် သုံး လေးရက်အတွင်းမှာ ဆွေးနွေးမှုစဖြစ် မယ်"လို့ ဆိုဗီယက်ကို ပြောပေးဖို့ ညွှန် ကြားလိုက်ပါတယ်။
အဲဒီအခါမှာ အမေရိကန်ဘက်က တောင်းဆိုတာထက် ကုလသမဂ္ဂအနေနဲ့ တောင်းဆိုတာက ဆိုဗီယက်စစ်သင်္ဘောတွေကို အမေရိကန်တွေ သတ်မှတ်ထားတဲ့ ကြားဇုန်ကနေ ဆုတ်ခွာပေးဖို့ သဘောတူ ပေးလိမ့်မယ်ဆိုတဲ့ စိတ်ကူး ကို ဦးသန့်ဟာ ရရှိခဲ့ပါတယ်။
"နျူကလီးယားလက်နက်တွေနဲ့ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်တော့မယ့် ပုံပေါ်တဲ့ အရေးကြီးတဲ့ကာလမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ကြားဝင် ဖျန်ဖြေပေးမှုကြောင့် ကျူးဘားနဲ့ ကျွန်တော်တို့ရေတပ်ရဲ့ ကြားဇုန်ကို ဦးတည်နေတဲ့ ဆိုဗီယက်သင်္ဘောတွေ ပြန်ဆုတ်ခွာ သွားအောင် လုပ်ပေးနိုင်ခဲ့ တာဟာ ကျူးဘားအရေး ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် မရှိမဖြစ်အရေးပါတဲ့ ပထမအဆင့်ပဲဖြစ်တယ်"လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် Adlai Stevensonက ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ကို နောက်ပိုင်းမှာ ပြောပြခဲ့ပါတယ်။
Dorn နဲ့ Pauk တို့ ရေးသားခဲ့တဲ့ အစီရင်ခံစာမှာ ဦးသန့်ဟာ ဒုံးကျည် ဖြုတ်သိမ်းရေး ဆွေးနွေးမှုမှာလည်း အရေးပါတဲ့ ကဏ္ဍကနေပါဝင်ခဲ့သေး တယ်လို့ဖော်ပြထားပါတယ်။ သံတမန် နည်းလမ်းအရ သူပါဝင်ပေးခဲ့တဲ့ အရေးပါတဲ့ အချက်တစ်ချက်ကတော့ "အမေရိကန်က ကျူးဘားကိုဝင်ပြီး မကျူးကျော်ဘူးလို့ ကတိပေးရင် အပြန်အလှန်အနေနဲ့ ရုရှားက သူ့ရဲ့ဒုံးကျည်တွေကို တစ်စစီ ဖြုတ်ပေးလိမ့်မယ်" ဆိုတဲ့ အကြံပြုချက် ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးသန့်ဟာ နှစ်ဖက်စလုံး နောက်ထပ်တောင်းဆိုမှုတွေနဲ့ ဆက် ဖြေရှင်းနိုင်ဖို့နဲ့ အချင်းချင်း ရန်မစဘဲ တစ်ဦးကိုတစ်ဦး သည်းခံပြီး ဖြေရှင်းကြဖို့ မရပ်မနားတိုက်တွန်းပေးခဲ့ပါတယ်။ သဘောတူညီမှုပျက်ပြား သွားအောင် ကျူးဘားကွန်မြူနစ်တော်လှန်ရေးသမား ဖီဒယ်ကက်စထရိုက ခြိမ်းခြောက်တာ မျိုးမရှိအောင် ကာကွယ်ဖို့ ကြိုးပမ်းတဲ့ အနေနဲ့လည်း ကျူးဘားက ဒုံးကျည်တွေကို ဖြုတ်သိမ်းဖို့ သဘောတူညီမှု နောက်ဆုံးအဆင့်ရောက်လာတဲ့အခါ ဦးသန့်ဟာ ကျူးဘားကို လေယာဉ်နဲ့ လိုက်သွားခဲ့ပါတယ်။

Dorn နဲ့ Pauk တို့ဟာ သူတို့ရဲ့ အစီရင်ခံစာမှာ ဦးသန့်ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သံတမန်နည်းအရ နောက်ထပ် ကြိုးပမ်းမှုတွေကိုလည်း အသေးစိတ် ဖော်ပြထားပါသေးတယ်။ ကျူးဘားဒုံးကျည်အရေးအခင်းကာလအတွင်းမှာ "နျူကလီးယားစစ်ပွဲကြီး မဖြစ်ခဲ့ရတာဟာ နှစ်ဖက်စလုံးရဲ့သိက္ခာကို မထိခိုက်စေဘဲ စစ်ပွဲမဖြစ်အောင် အဓိကတား ဆီးပေးနိုင်တဲ့ ဦးသန့်ကြောင့်ပါ" ဆိုတဲ့ အရေးအသားနဲ့ သူတို့ရဲ့အစီရင်ခံစာ ကို အဆုံးသတ်ပေးထားပါတယ်။ ဒါဆို ဒီလိုအရေးပါတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ စွမ်းဆောင်မှုတွေကို အခုချိန်ကာလမှာ ဘာကြောင့် အမှတ်တရမရှိဘဲ မေ့ထား ကြရတာလဲ။
ဦးသန့်ရဲ့မြေးဖြစ်သူ၊ ကိန်းဘရစ်ခ်ျရှိTrinity ကောလိပ်ကျောင်းထွက် သမိုင်း ပညာရှင်စာရေးဆရာ သန့်မြင့်ဦးက နိုင်ငံရေး ခံယူချက်အရအပြင် ဦးသန့်ရဲ့ နှိမ့်ချပြီးနေတတ်တဲ့ ပင်ကိုစရိုက်အရကြောင့် အောင်မြင်မှုအတွက် ချီးကျူး ဂုဏ်ပြုခံရမှုကို ရသင့်တာထက် လျော့နည်းသွားစေတာပါလို့ ဆိုပါတယ်။
"ကျွန်တော့ရဲ့အဘိုးဟာ စစ်ပွဲကြီး မဖြစ်အောင် တားဆီးရာမှာ ပထမ အဆင့်ဖြစ်တဲ့ အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်ခဲ့သလို ကျူးဘားဒုံးကျည်အရေး အခင်းဖြစ်တဲ့ ဒုံးကျည်ဖြုတ်သိမ်းရေး မှာလည်း ကူညီဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမယ့် အဘိုးရဲ့ စွမ်းဆောင်ချက်တွေဟာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်းမှာ မေ့ပျောက် သွားကြပါတယ်။ ဒီလို ဖြစ်ရတာကလည်း အဘိုးက သူ့ရဲ့စွမ်းဆောင်မှု တွေကို ချီးကျူးမှတ်တမ်းတင်ဖို့ သူများတွေလို မတောင်းဆိုတတ်တာကြောင့်လို့ ကျွန်တော် ထင်တယ်"လို့ သန့်မြင့်ဦးက မြန်မာတိုင်း(မ်)ကို အီးမေးလ်ကတစ်ဆင့် ဖြေကြားပေးခဲ့ပါတယ်။

"ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံအပေါ် သူဝေဖန်ပြောဆိုခဲ့ တာကလည်း သူ့ရဲ့ စွမ်းဆောင်မှုတွေကို သူတို့က မေ့ပစ်လိုက်ချင်ကြတာပါ" လို့လည်း သူက ပြောပါတယ်။ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းသုံးခုကို တာဝန်ယူဆောင်ရွက်ခဲ့သလို ကုလသမဂ္ဂနိုင်ငံရေးကိစ္စရပ်များ ဆိုင်ရာဌာနရဲ့ မူဝါဒချမှတ်ရေးဒါရိုက် တာအဖြစ်လည်း တာဝန်ထမ်းဆောင်နေတဲ့၊ သန့်မြင့်ဦးက၊ သူ့အဘိုးဟာ၊ ငြိမ်းချမ်း ရေးနိုဘယ်ဆုအတွက် လျာထားခံခဲ့ရ ဖူးတယ်လို့လည်း ပြောပြပါတယ်။
"သူ နိုဘယ်ဆုရနိုင်ဖွယ်ရာရှိတယ်လို့ ၁၉၆၅ ခုနှစ်မှာ နော်ဝေအစိုးရက သူ့ကို ပြောခဲ့ရာမှာ သူက ကျွန်တော့အလုပ် ကျွန်တော်လုပ်ခဲ့တာပါလို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ယူနီဆက်ဖ်အဖွဲ့က ရရှိခဲ့ပါတယ်။ သူ့ လုပ်ဖော်ကိုင်ဖက် နိုဘယ်စာပေဆုရှင် Ralph Bunche က ဒါဟာ ဦးသန့်အတွက် လုံးဝမတရားဘူးလို့ နောက်ပိုင်း မှာ ပြောကြားခဲ့ တယ်" လို့ သန့်မြင့်ဦးက ပြောပြပါတယ်။
သူက ကုလသမဂ္ဂရဲ့အတွင်းရေးမှူး ချုပ်အဖြစ် ၁၉၆၀ ပြည့်လွန်နှစ်များမှာ ဦးသန့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ တာကို မြန်မာတွေ ဂုဏ်ယူသင့်တယ်လို့ လည်း ပြောပါတယ်။ ဦးသန့်ရဲ့စွမ်းဆောင်မှုတွေကို အသိ အမှတ်ပြုတဲ့အနေနဲ့ ပန်းပုဆရာ ဦးတင်ဝင်းရဲ့လက်ရာဖြစ်တဲ့ ဦးသန့်ရဲ့ ကိုယ် တစ်ပိုင်းပုံကြေးရုပ်တုကို မွေးရပ်မြေဖြစ် တဲ့ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်က ဦးသန့်အထိမ်းအမှတ်စာကြည့်တိုက် မှာ ဒီနှစ်ဇူလိုင်လကစပြီး အမှတ်တရ ထားရှိပေးခဲ့ပါတယ်။ "ပြီးခဲ့တဲ့နှစ် ၅၀ လောက်မှာ ကမ္ဘာ ကြီးကို နျူကလီးယားစစ်ပွဲချောက်ထဲကို မကျအောင် ဆွဲတင် ပေးနိုင်ခဲ့သူ၊ ပန်းတနော်မှာ ကျောင်းအုပ်ဆရာကြီးအဖြစ် ၁၅ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့ သူ တစ်ပြည်တည်းသား ဦးသန့်ကို မြန်မာပြည်သူတွေက အမှတ်တရ ရှိနေသင့်ပါတယ်"လို့ သန့်မြင့်ဦးက ပြောပါတယ်။
From -Myanmar Times
No comments:
Post a Comment