Friday, November 30, 2012

နောက်ကြောင်းပြန်မလှည့်စေချင်ပါ

နိုင်ငံတစ်ခု၊ သမိုင်းတစ်ခုဆိုတာကို အားလုံးက လက်ခံမယ်ထင်ပါတယ်။ နိုင်ငံတွေရဲ့ဖြစ်တည်မှု သမိုင်းနဲ့ ဖြတ်သန်းခဲ့ရမှုခရီးလမ်းကြောင်းများဟာ တူသလိုလိုရှိနိုင်ပေမယ့် တစ်ကယ်တမ်းတော့ လုံးဝထပ်တူ ဆိုတာ ဘယ်မှာရှိနိုင်ပါ့မလဲဗျာ။ ကမ္ဘာ့နိုင်ငံများမြေပုံ ကိုလည်းလေ့လာလိုက်ကြပါဦး။ တစ်ချို့နိုင်ငံ မြေပုံက ပြားတယ်။ တစ်ချို့ကျတော့ လုံးတယ်၊ တစ်ချို့ဆိုရင် အရှည်လိုက်၊ တစ်ချို့ကတော့ ဒေါင်လိုက်ပေါ့ဗျာ။ တစ်ချို့ တစ်ချို့တွေကျပြန်တော့ ကျွန်းနိုင်ငံတွေမို့ ဟိုတစ်စု၊ ဒီတစ်စုတွေလည်းရှိရဲ့။ ဒါတွေကို သိနေပါရက်နဲ့ ဝါးလုံးရှည်နဲ့သိမ်းကြုံးရမ်းတဲ့စကားမျိုး “ကျွန်တော်တို့ဆီမှာဆို ဒီလိုရှိတယ်၊ ကျွန်တော်တို့နိုင်ငံမှာဆို ဒီလိုလုပ်တယ်၊ ကျွန်တော်တို့လိုမျိုး ခင်ဗျားတို့လုပ်ကြပါ၊ ကျွန်တော်တို့လိုမျိုး ခင်ဗျားတို့နေကြပါ”လို့ ပြောတယ်ဆိုရင် ဒီစကားဟာ ကိုယ့်ဘက်ကိုယ်ယက်ပြီးပြောတဲ့စကား၊ ကိုယ့်အတွက်ကိုယ်ကြည့်ပြီးပြောတဲ့ စကား၊ ကိုယ်လိုတာ ကိုယ်ဆွဲပြောတဲ့စကားတွေလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။
အမေရိကန်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ လောက်ကတည်းက ဒီမိုကရေစီစခဲ့တဲ့နိုင်ငံပါ။ ဒီမိုကရေစီ ခေါက်ရိုးက ကျိုးရုံတင်မကဘူး၊ ကြေတောင်ကြေနေပါပြီ။ မစ္စတာအိုဘားမား မြန်မာပြည်လာသွားတုန်းက ဒီမိုကရေစီနဲ့ တပ်ရဲ့အနေအထားကို ပြောသွားတာကြားလိုက်ရပါတယ်။ ဒါပေမယ့် သူတို့ကျတော့ လုံခြုံရေးကို အကြောင်းပြပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခဲ့တာ ဘာကြောင့်များပါလဲ…? ဥပမာ ဗီယက်နမ်၊ ကျူးဘား၊ ပနားမား ၊အီရတ်၊ ယူဂိုဆလားဗီးယား၊ အာဖဂန်၊ လစ်ဗျား၊ သမိုင်းမှာ အထင်အရှားပါပဲ။ ကျွန်တော် မရှင်းလို့တစ်ခုမေးချင်ပါတယ်၊ ဒီလိုလုပ်ခဲ့တာတွေဟာ သမ္မတရဲ့သဘောလား၊ လွှတ်တော်ရဲ့သဘောလားခင်ဗျာ…? မစ္စတာအိုဘားမားရဲ့စကားနဲ့ နိုင်ငံရဲ့ ပကတိအခြေအနေ အပေါ်မှာ ပြည်သူတစ်ယောက်ရဲ့အမြင်ကို ဖော်ထုတ်ရေးသားလိုပါတယ်။


အခြေခံဥပဒေဆိုတာ နိုင်ငံရဲ့သမိုင်းကြောင်း၊ အဆိုးအကောင်းကို ထိန်းကျောင်းနိုင်တဲ့အရာပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေအားနည်းရင် သမိုင်းကြောင်းမလှမပဖြစ်မယ်။ ကျွန်တော်တို့နိုင်ငံမှာ အခြေခံဥပဒေ နှစ်ခုရှိခဲ့ဖူးပါတယ်။ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံ ဥပဒေတို့ဖြစ်ပါတယ်။ ၁၉၄၇ က လွတ်လပ်ရေးမတိုင်မီ ရေးဆွဲခဲ့တာဖြစ်ပြီး နယ်ချဲ့ဗြိတိသျှတို့ဆီက လွတ်လပ်ရေးအမြန်ရယူလိုတဲ့ ဆန္ဒနဲ့ရေးဆွဲခဲ့ရတာပါ။ ၁၉၇၄ အခြေခံဥပဒေကတော့ ပြည်သူ့ဆန္ဒခံယူပွဲနဲ့ အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။
၁၉၄၇ အခြေခံဥပဒေက ပါလီမန်ဒီမိုကရေစီဖြစ်ပြီး ၁၉၇၄ ကတော့ တစ်ပါတီစနစ်ဖြစ်ပါတယ်။ ၁၉၄၇အခြေခံ ဥပဒေမှာ ပျော့ကွက်ဟာကွက်တွေအများကြီးရှိပါတယ်။ အထင်ရှားဆုံး ပျော့ကွက်ကြီးကတော့ တိုင်းပြည်လွတ်လပ်ရေးအတွက် အဓိကကျခဲ့တဲ့တပ်ကို အခြေခံဥပဒေထဲမှာ ချန်ထားခဲ့ခြင်းပါပဲ။ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာနိုင်ဖွယ်ရှိတဲ့ ပြည်တွင်းသောင်းကျန်းမှုကိစ္စတွေ၊ နိုင်ငံရေးအခြေအနေ အပြောင်းအလဲမှာ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ မတည်ငြိမ်မှုတွေအတွက် တပ်ရဲ့အခန်းကဏ္ဍကို ထည့်သွင်း သင့်ပါလျက် မေ့လျော့ခဲ့မှုကြောင့် သမိုင်းမှာတန်ဖိုးကြီးစွာပေးဆပ်ခဲ့ရပါတယ်။ ၁၉၄၈ ကစတင်ပြီး အလျှိုလျှို ပေါ်ပေါက်လာတဲ့ သောင်းကျန်းသူအဖွဲ့အစည်းမျိုးစုံကိုတပ်အနေနဲ့ စိုက်လိုက်မက်တက် ချေမှုန်းနေချိန်မှာ နိုင်ငံကိုတာဝန်ယူအုပ်ချုပ်နေတဲ့ ဖဆပလအဖွဲ့ကြီးကတော့ အဖွဲ့အတွင်း နိုင်ငံရေးပဋိပက္ခတွေနဲ့ ရှုပ်ထွေးနေခဲ့ တာပါ။ အတိုက်အခံဖြစ်တဲ့ ပမညတအဖွဲ့အတွင်းမှာလည်း ထိုနည်းလည်းကောင်းပဲဆိုပါတော့။ နိုင်ငံရေးပါတီများ အတွင်း ပဋိပက္ခတွေ ကိုယ်စီကိုယ်စီရှိနေ ယုံမက နိုင်ငံရေးပါတီများ အချင်းချင်းလဲ ညီညွတ်မှုနတ္ထိပါပဲ။
ဖဆပလဟာ ၁၉၅၂ လောက်ကတည်းက ပြိုကွဲစပြုလာတယ်လို့ပြောရမှာဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး၊ ရာထူးရေး၊ အုပ်စုရေးများ ရောယှက်နေခဲ့ကြပါတယ်။ ၁၉၅၆ ခုနှစ်ရွေးကောက်ပွဲပြီးတဲ့အချိန်မှာတော့ အုပ်စုဖွဲ့ ပဋိပက္ခများဟာ ပြင်းသည်ထက်ပြင်းထန်လာပါတော့တယ်။ ၁၉၅၈ ကာလကတော့ နိုင်ငံတော်တစ်ဝန်း အထွေထွေနိုင်ငံရေး ကျဆင်းမှုကာလကြီးပဲဖြစ်ပါတော့တယ်။
၁၉၅၈ ပြည်လုံးကျွတ်ညီလာခံဟာ ဟန်ပြသာဖြစ်ခဲ့ပြီး ညီလာခံအပြီး နှစ်လခန့်အကြာ ၁၉၅၈ခုနှစ် မေလ ၆ ရက်နေ့မှာ ဦးနုက ဖဆပလကို တစ်စည်းတစ်လုံးတည်းထိန်းသိမ်းနိုင်ခြေမရှိတော့ကြောင်း ကြေငြာခဲ့ ရပါတယ်။ အဲဒီအချိန်ကစပြီး ဦးနုနဲ့ သခင်တင်တို့ကသန့်ရှင်းဖဆပလ ဦးဗဆွေနဲ့ ဦးကျော်ငြိမ်းတို့က တည်မြဲ ဖဆပလဆိုပြီး ဟက်တတ်ကွဲခဲ့ရပါတော့တယ်။ ဇွန်လအတွင်း ပြည်သူ့လွှတ်တော်မှာ တည်မြဲတွေ ရှုံးနိမ့်သွားတဲ့ အတွက် သန့်ရှင်းအစိုးရ တက်လာခဲ့ပါတယ်။ သို့သော်လည်းပဲ သန့်ရှင်းအစိုးရဟာ နိုင်ငံကိုထိန်းသိမ်းနိုင်ခြင်း မရှိခဲ့ပါဘူးဗျာ။
ကွဲကွဲပြဲပြဲဖြစ်ကြပြီး ပြင်းထန်လှတဲ့ နိုင်ငံရေးလှိုင်းထန်းပိုးများကြောင့် နိုင်ငံရေးအုပ်စုချင်း လက်နက် ဆွဲကိုင်တိုက်ခိုက်ကြတော့မယ့် အခြေအနေအထိ စိုးရိမ်ဖွယ်ဖြစ်ခဲ့ရပါတယ်။ သန့်ရှင်းအစိုးရရဲ့ သုံးလတာ သက်တမ်းအတွင်း နိုင်ငံဟာမင်းမဲ့တိုင်းပြည်ကဲ့သို့ဖြစ်နေရပါတယ်။ အစိုးရအဖွဲ့ဟာ သြဇာအာဏာ မရှိတဲ့ အတွက် အုပ်ချုပ်ရေးယန္တရားများလည်း ရပ်ဆိုင်းနေရပါတယ်။ ဆူပူအုံကြွမှုတွေ၊ အဓိကရုဏ်းတွေ၊ ဆန္ဒပြပွဲ တွေလည်း မကြာခဏပေါ်ပေါက်နေခဲ့ပါတယ်။ ဖဆပလပြိုကွဲခြင်းရဲ့ ဂယက်ဟာ နိုင်ငံအဝှမ်းကို ရိုက်ခတ်ခဲ့ပြီး နောက်ဆုံးဝန်ကြီးချုပ်ဦးနုခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ဟာ နိုင်ငံရဲ့အခြေအနေတွေ ထိန်းသိမ်းနိုင်ဖို့အတွက် တပ်ကို အာဏာအပ်နှင်းခဲ့ရပါတော့တယ်။ ဒီလိုဖြစ်ခဲ့ရခြင်းဟာ လွှတ်တော်အတွင်း မှန်ကန်တဲ့ဘက်က အခိုင်အမာရပ်တည်ထောက်ခံပေးမယ့် တပ်ကိုယ်စားလှယ်များ မပါဝင်ခြင်းကြောင့်လို့ပဲ ကျွန်တော် ယူဆ ပါတယ်။
မြန်မာနိုင်ငံကို တရုတ်ဖြူကူမင်တန်တွေက ၁၉၄၆ လောက်ကစပြီး ကျူးကျော်လာခဲ့တာပါ။ ၁၉၅၁နဲ့ ၁၉၅၂ လောက်ကျတော့ မြန်မာ့မြေကို အသုံးပြုပြီး တရုတ်ပြည်မကြီးကိုတောင် သုံးကြိမ်လောက် ပြန်တိုက် လိုက်ပါသေးတယ်။ ကျွန်တော်တို့နိုင်ငံထဲကို ဝင်ရောက်ခဲ့တဲ့ သူတို့အင်အားက ၁၂၀၀၀ လောက်ရှိပါတယ်။ ဒီလောက်များပြားတဲ့အင်အားတွေကို ၁၉၅၃ ခုနှစ် မတ်လလောက်ကစပြီး အကြိမ်ကြိမ်သော စစ်ဆင်ရေးတွေနဲ့ တပ်က ပြင်းပြင်းထန်ထန်မောင်းထုတ်ခဲ့ရတာပါ။ တရုတ်ဖြူတွေကို အထောက်အပံ့ ပေးခဲ့တာက အမေရိကန်ပဲ ဖြစ်ပါတယ်။  တရုတ်ဖြူတွေရဲ့နောက်မှာ အမေရိကန်လိုလားတဲ့ အစိုးရတစ်ရပ် ရှိနေခဲ့ပါတယ်။ အဲဒီအချိန်က တရုတ်ဖြူတွေကိုသာ တပ်ကမောင်းမထုတ်နိုင်ခဲ့ဘူးဆိုရင် အမေရိကန်ခိုင်းရာလုပ်မဲ့ အစိုးရတစ်ရပ် အာဏာရလာမှာဖြစ်ပြီး တိုင်းပြည်အရေး ရင်လေးစရာပါပဲ။ ဒီအချိန်တွေမှာ တပ်ကဝင်မထိန်းရင်ဘယ်သူ လာထိန်းမှာလဲ။
အမေရိကန်ရဲ့ အထောက်အပံ့နဲ့ ကူမင်တန်များက မြန်မာနိုင်ငံကို ကျူးကျော်ခဲ့ပါတယ်


 
တပ်မှ ကူမင်တန်တို့ကိုဤသို့ စွန့်လွတ်စွန့်စား နှိမ်နင်းခဲ့ရပါတယ်


 
ကျိုင်းလပ် တရုတ်ဖြူဌာနချုပ်မှ သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေ၊ ရိက္ခာသေတ္တာတွေမှာ
ဒီလို အမေရိကန်တံဆိပ်တွေ ငြင်းမရအောင်အထင်းသားတွေ့ခဲ့ရပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ တပ်က နိုင်ငံ့သမိုင်းနဲ့ထပ်တူရှိခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့သမိုင်းဟာ တပ်ရဲ့ သမိုင်းပါပဲ၊ ဒါဟာ အငြင်းပွားစရာကိစ္စမဟုတ်သလို သံသယဖြစ်စရာအကြောင်းလည်းမရှိပါဘူး။ ခေတ်တွေ ဘယ်လိုပင်ပြောင်းခဲ့သော်ငြား၊ တပ်ရဲ့အခန်းကဏ္ဍကတော့ နိုင်ငံ့သမိုင်းရေစီးကြောင်းမှာ အရေးပါတဲ့ နေရာကပဲရှိနေခဲ့တာဖြစ်ပါတယ်။ စနစ်တွေအမျိုးမျိုးပြောင်းလဲခဲ့တာကြောင့် နိုင်ငံရေးဒေါက်တိုင် မခိုင်မခန့် ယိုင်နဲ့စွာ ပြိုလဲခဲ့ချိန်တိုင်း တပ်ကထောက်ကန်ပေးခဲ့တာ၊ ချောက်ကမ်းပါးကနေ ဆွဲတင်ပေးခဲ့တာ၊ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ တွေကို ပြန်ကြည့်လိုက်ကြပါ။
အဆောက်အအုံမြင့်မြင့်ဆောက်ချင်ရင် Foundation ခိုင်ခိုင်မာမာလုပ်ရပါမယ်။ အဲဒီအတွက် ကုန်ကျမယ့် အုတ်တို့၊ သဲတို့၊ ကျောက်တို့၊ ဘိလပ်မြေတို့၊ ဒါတွေကိုတော့ လုံလောက်အောင်အသုံးပြုရမယ်။ လျော့ပစ်လို့မရဘူး၊ ဖယ်ထုတ်ပစ်လို့မရပါဘူး။ ဒါကသမိုင်းကြောင်းကို သက်သေပြုပြီး ပြောတဲ့စကားပါ။     တပ်က ပါဝင်နေတဲ့ ၂၅ ရာခိုင်နှုန်းဟာ နိုင်ငံရဲ့ ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေး ကိုယ်ကျိုးစွန့် အနစ်နာခံ မြုပ်နှံ ဆောင်ရွက်နေတာလို့ကျွန်တော်မြင်တယ်။ လောလောဆယ် ကျွန်တော်တို့ ပြည်တွင်းရေးအခြေအနေကို လေ့လာကြည့်လိုက်ကြပါ။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ ၁၂ ဖွဲ့လောက်ရှိနေတယ်။ သူတို့နဲ့ အပြီးတိုင်ငြိမ်းချမ်းရေးမရသေးဘူး။ အချိန်မရွေးပေါက်ကွဲနိုင်တဲ့ ချိန်ကိုက်ဗုံးကြီးတွေ ကိုင်ထားကြသလို ပါပဲ။ ရခိုင်ဘက်က ဖြစ်စဉ်ဖြစ်ရပ်တွေကိုလည်း ကြည့်လိုက်ကြပါဦး။ တိုင်းပြည်အတွက် အင်မတန်အန္တရာယ် ကြီးလှပါတယ်။ ဒါလည်း ထုံးစံအတိုင်း ပယောဂတွေပါတယ်လို့ထင်ပါတယ်။
နိုင်ငံတည်ငြိမ်မှုကိုခြိမ်းခြောက်နေတဲ့ ရခိုင်ဒေသအကြမ်းဖက်မှုမြင်ကွင်း
ဒီတော့ တပ်ရဲ့ ၂၅ ရာခိုင်နှုန်းပါဝင်နေမှုဟာ လက်ရှိအခြေအနေအရ လိုအပ်နေသေးတယ်ဆိုတာ ထင်ရှားတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေသမျှ၊ မတည်ငြိမ်မှုတွေဖြစ်ပေါ်နိုင်သမျှကာလပတ်လုံး ၂၅ ရာခိုင်နှုန်းကနေ တစ်ပြားသားမှ မလျှော့လိုက်ပါနဲ့ဦးလို့ တောင်းဆိုလိုပါတယ်။  အခုအချိန်မှာ ကျွန်တော်တို့ပြည်သူတွေ လိုလားနေတာတည်ငြိမ်အေးချမ်းရေးပါ။ ဒါကို တည်ဆောက်ပြီးတော့မှ စီးပွားရေးတို့၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆက်ပြီးစဉ်းစားနိုင်မှာပါ။ နိုင်ငံရဲ့တည်ငြိမ်မှုကို အချိန်မရွေး ထိခိုက်စေနိုင်တဲ့ အခုလိုအခြေအနေမျိုးမှာ တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေခြင်းဟာ တစ်ကယ်တမ်း ဖြစ်သင့်တဲ့ကိစ္စ၊ လိုအပ်တဲ့ကိစ္စပါပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တပ်က သူ့သဘောနဲ့သူ အာဏာသိမ်းလို့ မရအောင်လဲ ဆောင်ရွက်ထားတာတွေ့ရမှာဖြစ်ပါတယ်။ လွှတ်တော်မှာ တပ်က ၂၅ ရာခိုင်နှုန်း ပါဝင်နေတယ် ဆိုတာက ဥပဒေနဲ့အညီဆောင်ရွက်နိုင်ဖို့ဖြစ်သလို နိုင်ငံရဲ့ ဒီမိုကရေစီရေးနောက်ကြောင်းပြန်မလှည့်အောင် ထောက်ကူနိုင်ဖို့လဲဖြစ်ပါတယ်။
တပ်ရဲ့တာဝန်က နိုင်ငံတော်ကာကွယ်ရေး၊ ရဲတွေရဲ့တာဝန်က ပြည်တွင်းတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးဆိုပြီး ခွဲခြားမြင်လို့လည်းရပါတယ်။ ဒါပေမယ့် တည်ငြိမ်ဖို့၊ တရားဥဒေစိုးမိုးဖို့ရာ ရဲတွေ ချည်းပဲ လုပ်နိုင်သလားဆိုတော့မလုပ်နိုင်ဘူး၊ ဒါဟာသေချာတယ်၊  မလုပ်နိုင်လို့လည်း တပ်ကပဲ ဦးဆောင် အပင်ပန်းခံလုပ်နေရတာ ကျွန်တော်တို့အမြင်ပါပဲ။ ရဲတပ်ရင်းဖြစ်တဲ့ လက်နက်ကိုင်ရဲတွေဟာလည်း လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လေတော့ အခြေခံဥပဒေအတိုင်းဆိုရင် တပ်ရဲ့ကွပ်ကဲမှုအောက်မှာပဲ ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကရဲတွေမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ အတော်များများရှိနေပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းဆိုရင်တော့ ဒီလိုအပ်ချက်၊ အားနည်းချက်တွေကို တပ်ချုပ်လို တပ်ခေါင်းဆောင် တွေက ဝင်ရောက်ပြောဆိုတာမျိုးတွေ ထိန်းသိမ်းကြပ်မတ်တာမျိုးတွေလုပ်ရမယ်လို့ ကျွန်တော်ထင်တယ်။ လောလောဆယ်မှာတော့ ရဲတွေချည်း မဆောင်ရွက်နိုင်တဲ့ကိစ္စတွေမှာ တပ်ကပူးပေါင်းဆောင်ရွက်ပေးတာပဲ ရှိတယ် ဘာမှဝင်ပြောတာ၊ ထိန်းသိမ်းကြပ်မတ်တာမတွေ့ရပါဘူး။ လိုအပ်လာရင်တော့ ရဲတွေအပေါ် ကွပ်ကဲမှု ရယူတာတို့၊ ထိန်းချုပ်ကိုင်တွယ်တာတို့ လုပ်သွားမယ်လို့ယူဆရတာပါပဲ။
မစ္စတာအိုဘားမားပြောသွားတာတွေက သူ့အရပ်နဲ့သူ့ဇာတ်တော့မှန်ချင်လည်းမှန်ပေမပေါ့ဗျာ။ သူတို့ ဆီမှာက ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင်အဖွဲ့အစည်းတွေမှမရှိတာ။ ဒါကြောင့် တပ်က ကာကွယ်ရေးပဲ လုပ်ပြီး၊ ကျန်တာဝင်မလုပ်လို့ရတယ်၊ ကျွန်တော်တို့ဆီမှာလည်း သူတို့လိုလက်နက်ကိုင်အဖွဲ့အစည်းတွေ မရှိတော့ဘူးဆိုရင် ၂၅ ရာခိုင်နှုန်းကနေ လျှော့ချသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ အနီးဆုံး အင်ဒိုနီးရှား နိုင်ငံကို ကြည့်လိုက်ကြပါ။ ပြည်တွင်းလက်နက်ကိုင်အဖွဲ့တွေ လျော့ပါးသွားမှုအပေါ်မူတည်ပြီး တပ်ရဲ့ နိုင်ငံရေးကဏ္ဍမှာ ပါဝင်မှုကိုလျော့ချသွားခဲ့တာ အခုဆိုရင်လုံးဝပါဝင်မှုမရှိတော့တဲ့ အခြေအနေကို ရောက်ခဲ့ပါပြီ။ ကျွန်တော်တို့ဆီမှာ အဲဒီလိုသောင်းကျန်းသူ လက်နက်ကိုင်အဖွဲ့အစည်းတွေမရှိတော့အောင် ဘယ်သူလုပ်ပေးမှာလဲ မစ္စတာအိုဘားမားလည်းလုပ်ပေးမှာမဟုတ်သလို ဘယ်သူကမှလည်းစေတနာဗရပွနဲ့ လာလုပ်ပေးကြမှာ မဟုတ်ပါဘူး။  ပြောသွားတာကတော့ အခုပဲဒီမိုကရေစီရွှေထုပ်ကြီးရတော့မလို စိတ်ကူးယဉ်လို့ ကောင်းလှပါရဲ့ သမ္မတကြီးရယ်။ မစားရဝခမန်း စကားမျိုးနဲ့တော့ မဟန်သေးပါဘူးဗျာ။ ကျားကြီးတစ်ကောင်က အီးနံ့ ပေးသွားခဲ့တာလို့ပဲ ကျွန်တော်မြင်ပါတယ်။ မက်လုံးလှလှလေးတွေဟာ တစ်ကယ်တမ်းတော့ စိတ်ကူးယဉ်တတ် သူတွေအတွက်သာ ကောင်းတဲ့ကိစ္စပါ။
ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေက မစ္စတာအိုဘားမားပြောသလို စိတ်ကူးယဉ်လို့ မကောင်းလှသေးပါဘူး။ အဟုတ်မှတ်လို့ ကြည့်ရှုနားထောင်မိပါတယ် ကြီးတော်စုအနမ်းခံရတာပဲ အဖတ်တင်ပါတယ်။ ဓါတ်ပုံထဲမှာ ကျွန်တော်တို့ ဒီမိုကရေစီခေါင်းဆောင်ကြီး ကတော့ တော်တော်လေးအရသာ တွေ့နေတဲ့ပုံပါပဲဗျ။ ခန္ဓာကိုယ်ကပျော့ခွေ၊ ဒူးတွေမှာလဲအားကမရှိ၊ နုံးချည့်ယိုင်နဲ့ခွေခေါက်ပြီး ငေါက်ခနဲ အိုဘားမား ရင်ခွင်ထဲ ရောက်သွားတယ်လို့ထင်လိုက်ရပါတယ်။ ကင်မရာမင်းတွေ ခြေထောက်ပိုင်းကိုသာ ရိုက်လိုက်မိရင်တော့၊ ကျွန်တော်ထင်တယ်၊ ကြီးတော်စုတစ်ယောက် ခြေဖျားလေးများတောင် ထောက်နေလေမလားပဲ၊ ဒီပွဲကတော့ တစ်ဂိုး ဂိုးမရှိနဲ့ရှုံးတဲ့ပွဲပါပဲဗျာ။
ရခိုင်ကိစ္စမှာလည်း မစ္စတာအိုဘားမား ပြောသွားတဲ့စကားတချို့ကို ကျွန်တော်တို့လက်မခံနိုင်ပါဘူး။ “ဘယ်နေရာကနေရောက်လာလို့ဆိုပြီး သူတို့အိမ်တွေမီးရှို့ခံရတာမျိုး မဖြစ်သင့်ဘူး” လို့ပြောသွားပါတယ်။ ကျွန်တော်တို့ဟာ အင်မတန်ဧည့်ဝတ်ကျေတတ်တဲ့လူမျိုးတွေပါ။ ဧည့်သည်လာရင် အိမ်ဦးခန်းမှာတောင်ပေးပြီး သိပ်တတ်ကြပါတယ်။ ဧည့်သည်တွေက ဧည့်ပြန်ချိန် အေးအေးဆေးဆေးမပြန်ဘဲ တည်းတဲ့အိမ်မီးနဲ့ရှို့ သွားတာ၊ စားတဲ့စားခွက်—နဲ့ပန်းသွားတာကိုကျတော့ သမ္မတကြီးက ဝေဖန်ပေးမသွားပါလား။ ကိုယ့်နိုင်ငံ၊ ကိုယ့်အကြောင်းကို ကိုယ့်ထက်ဘယ်သူတွေကသိကြမှာလဲဗျာ။ ကြက်မှာအရိုး၊ လူမှာအမျိုးဆိုတာရှိပါတယ်။
ရောက်လာတဲ့ဧည့်သည်တွေကဘယ်သူနဲ့တူသလိုဆိုတာကို ရုပ်ရည်အသွင်အပြင် လက္ခဏာကိုဆန်းစစ်ကြည့်
လိုက်ကြပါ၊ဘယ်သူနဲ့တူတယ်ဆိုတာသိရင် ဘယ်သူ့အမျိုးလည်း ဆိုတာကိုလည်း သိနိုင်ကြပါလိမ့်မယ်။
သြစတေးလျဝန်ကြီးချုပ် မစ္စဂျူလီယာဂျေးလတ်က သူ့နိုင်ငံအရေးကိစ္စမှာ ပြောသွားတဲ့စကားရှိပါတယ်။ “ရှင်တို့ကို ကျွန်မတို့က လာပါလာပါလို့ ဖိတ်ခေါ်ခဲ့တာမဟုတ်ဘူး၊ ဒါကြောင့် ရှင်တို့နဲ့ အစဉ်ပြေအောင်လို့ ကျွန်မတို့ဘက်က ဘာမှ ပြုပြင်ပေးစရာမရှိဘူး၊ ကျွန်မတို့နဲ့နေရတာအစဉ်မပြေဘူးဆိုရင် ရှင်တို့ မူဆလင်တွေ ကျွန်မတို့နိုင်ငံက ထွက်သွားကြ” တဲ့မှန်ပါတယ်၊ ဒီစကားကို အပြည့်အဝထောက်ခံပါတယ်။ မြန်မာပြည်မှာ နေရင်
မြန်မာပြည်ရဲ့ဥပဒေ၊ မြန်မာပြည်ရဲ့ စည်းကမ်းအတိုင်းနေနိုင်ရမှာဖြစ်ပါတယ်။ အဲဒီလိုမှ ဥပဒေအတိုင်း စည်းကမ်းအတိုင်းမနေနိုင်ရင်တော့ဖြင့် ကိုယ့်နေရာကိုယ် ပြန်သွားတာအကောင်းဆုံးပါပဲ။ ဒီရောက်မှ ပေါက်ဖွားတယ်ဆိုရင်လည်းပဲ ကိုယ့်ဘိုးဘေးဘီဘင်အစစ်တွေရှိတဲ့နေရာကိုသာပြန်သွားကြပါ။
မြန်မာစကားပုံတစ်ခုရှိပါတယ်၊ နွားကွဲရင်ကျားဆွဲပါလိမ့်မယ် (ရိုင်းတယ်ထင်ရင် တောင်းပန်ပါတယ်) ဒါတင်မက ချောင်းနေတဲ့ကျားငယ်တွေ၊ ကျားသစ်တွေ၊ ခြင်္သေ့တွေလည်းရှိသေးတယ်။ ကျားတွေထဲမှာမှ ကျားပိန်တွေ ကျားနာတွေကလည်းရှိနေပြန်ပါရော။ ဇရာထောင်းလာလို့ အားအင်တွေကုန်ခမ်းပြီး လှောင်ထားတဲ့အခန်းထဲက အပြင်ကိုခုန်မထွက်နိုင်လို့ အောင့်အီးနေရတဲ့ ကျားပိန်တွေရဲ့ ဆရာ့ဆရာကြီး ကလည်းရှိနေသေးတယ်။ မြင်တတ်အောင်ကြည့်ကြပါ။ အကျိုးအမြတ်ရနိုင်စရာ ပေါပေါသီသီရှိနေပြီး မဟာဗျူဟာအချက်အခြာကျလှတဲ့ ကျွန်တော်တို့နိုင်ငံဟာ ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်ရမဲ့ အခြေအနေပါ။ ကျားကြီးကို ဝကွပ်ပြီး မယုံသင့်သလို ကျားငယ်တို့၊ ခြင်္သေ့တို့၊ ကျားသစ် တို့ကိုလည်း ဥပေက္ခာ မပြုသင့်ပေဘူး။ တစ်နည်းခိုင်းနှိုင်းရရင် ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီက မောင်ရင်လောင်း ဒီမိုကရေစီသာ ရှိသေးတဲ့အတွက် ကိုရင်ဘဝမရောက်ခင် အစစအရာရာ ဂရုစိုက်မှတော်ရာကျပါလိမ့်မယ်။ ဗုဒ္ဓဘာသာမှာ ကိုရင်ဝတ်ပြီးသူ၊ အသက် ၂၀ ပြည့်ပြီးသူမှသာ ရဟန်းတက်ခွင့်ရှိပါတယ်။ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် အပ်နှင်းခံရဖို့ဆိုရင် အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်ရဲ့ ဂုဏ်အင်္ဂါအရည်အချင်းမှာ အနည်းဆုံး သိက္ခာဝါ ၄၀ ရှိခြင်းဆိုတာပါတယ်။ အမြင့်ဆုံး ဘွဲ့တံဆိပ်တော်ဖြစ်တဲ့ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့တံဆိပ်တော်အတွက် ဆိုရင်တော့ဖြင့် အနည်းဆုံး သိက္ခာဝါ ၆၀ ရှိရမှာဖြစ်ပါတယ်။ အမေရိကန်မှာက ဒီမိုကရေစီသက်တမ်း နှစ် ၂၀၀ လောက်ရှိနေပါပြီ။ နှိုင်းယှဉ်တာတော့မဟုတ်ပါဘူး၊ ကျွန်တော်တို့အတော်လေး ကြိုးစားကြရဦးမှာပါ။ အချိန်ကာလတွေအများကြီး ဖြတ်သန်းပြီးမှသာ  ဒီမိုကရေစီဘွဲ့တံဆိပ်တစ်ခု အပ်နှင်းခံရတဲ့နိုင်ငံမျိုး ဖြစ်လာမှာ လို့ပဲ ကျွန်တော်မြင်မိပါတယ်။
ဒီနေရာမှာအရေးကြုံရင် သက်လုံကောင်းဖို့လဲလိုသေးတယ်မဟုတ်လားဗျာ။ စင်ကာပူလို မျိုးနွယ်စု  ၃ စုပဲရှိပြီး
သောင်းကျန်းသူမရှိတဲ့နိုင်ငံမျိုးမှာတောင် နှစ်စဉ်ဒေါ်လာသန်းပေါင်းများစွာအကုန်အကျခံပြီး တပ်ကို တည်ဆောက်နေတာ၊ အိမ်နီးချင်းမလေးရှားကိုကြောက်လို့ပေါ့၊ မယုံရင်စမ်းကြည့်လိုက်ပါ။ ဒါကြောင့်   ကျွန်တော်တို့လိုနိုင်ငံမျိုးမှာ သူတို့ထက် အဆပေါင်းများစွာပိုပြီးလိုအပ်ပါတယ်။
တရုတ်ကြီးလည်းအိမ်နီးချင်း၊ ကုလားကြီးလည်းအိမ်နီးချင်းပါပဲ။ တရုတ်ကြီးလည်း အားကြီးတယ်။ ကုလားကြီးလည်းအားသန်တယ်။ နယ်နိမိတ်ချင်းတွေကလည်း ကီလိုမီတာပေါင်းများစွာထိစပ်နေတယ်။
ရေမြေ တောတောင်တွေကလည်းတစ်ဆက်တည်းပဲ။ ဒီခေတ်မှာ ခြံစည်းရိုးခတ်ထားလို့လည်းမရဘူး၊ ကျွန်တော်တို့ ဘယ်လိုနေကြမလဲ။ ဒါကြောင့် သမ္မတကြီးကိုလည်း တစ်ခုဝေဖန်အကြံပြုလိုပါတယ်။ ကျွန်တော်တို့ မြန်မာ စကားပုံမှာ အားနာရင် ခါးပါတယ်ဆိုတာရှိတယ်။ မျက်နှာပေး ရွှေရေးပန်းကန်တက် ဆိုတာလည်းရှိတယ်။ အဓိပ္ပါယ်အများကြီး ကျယ်ပြန့်ပါတယ်။ ကျွန်တော့အမြင်တော့ သမ္မတကြီး သိပ်ကိုသဘောကောင်းပြီး ရက်ရော လွန်းရာကျနေပါပြီခင်ဗျား ။
တင်းလွန်းရင် ပြတ်တတ်သလို လိုက်လျောလွန်းရင်လည်း သိက္ခာကျတတ်ပါတယ်။ မလျော့မတင်း စောင်းကြိုးညှင်းဆိုတာကလည်း ရှိနေပြန်ပါတယ်။ အိမ်နီးချင်းကို လျစ်လျူရှုပြီး တစ်ခြားရပ်ကွက်ကလူကိုမှ အိမ်ခေါ်ထမင်းကျွေးမိရင် အိမ်နီးချင်းရဲ့ စောင်းမြောင်းငြိုငြင်မှုကို မလွဲမသွေခံရပါလိမ့်မယ်။
ဒီစကား၊ ဒီအမြင်တွေကို တရားဝင်ပြောချင်လှပါတယ်။ မြန်မာ့အလင်းတို့၊ မြဝတီသတင်းစာတို့ Myanmar Times တို့မှာဖော်ပြခွင့်ပြုမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန်ပါပဲ။ ခွင့်ပြု၊ မပြုမသေချာတဲ့အတွက် ခွင့်ပြုချက်ယူစရာမလိုတဲ့ နေရာကပဲဖော်ပြရပါတယ်။ သတင်းစာ စာတည်းမှူးကြီးများနဲ့ တာဝန်ခံ အယ်ဒီတာ ကြီးများခင်ဗျား၊ ကျွန်တော့်ရဲ့အမြင် ကျွန်တော့်ရဲ့အတွေး ဒီဆောင်းပါးလေးကို အများပြည်သူသို့ မျှဝေပေး သင့်တယ်လို့ယူဆပါက မျှဝေဖော်ပြပေးနိုင်ပါရန် ပန်ကြားလိုက်ရပါတယ်။
အောင်မာဃ

No comments:

Post a Comment