Tuesday, December 11, 2012

လမ်းလည်း မလျှောက်နိုင် ထိုင်လည်း မထိုင်နိုင် ၀မ်းလျားမှောက်ကြီးနေ နေရတဲ့ “ဦးတိက္ခဥာဏ

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြား   လောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။


မနေ့ ညနေက မန္တလေးဆေးရုံကနေ ပင့်ဆောင်ခဲ့တာလို့ ဆရာတော်ကို လိုက်ပါကူညီတဲ့ ဦးပဉ္စင်းဦးသု ခေါ် ဦးဝိမလက မိန့်ကြားပါတယ်။

“ဦးတိက္ခဥာဏက လမ်းလည်းမလျှောက်နိုင်ပါဘူး။ ထိုင်လည်းမထိုင်နိုင်ပါဘူး။ ဦးဇင်းတို့ ဦးတိက္ခဥာဏကို ပင့်လာတော့ ၀မ်းလျားမှောက်ကြီးနဲ့ ဆေးရုံကားပေါ်မှာပဲ လိုက်လာခဲ့ရတာပါ။ ဒီနေ့မနက် ၆ နာရီမှာ ရန်ကုန်ဆေးရုံကြီးက အရေပြားအထူးကုဆေးရုံကို ရောက်ပါတယ်။ မနေ့ညက ၇ နာရီ မိနစ် ၄၀ မှာ ထွက်ခဲ့တာပါ” လို့ မိန့်ပါတယ်။

ကျန်းမာရေးအတွက် ပိုးမွှားအန္တရာယ်ကာကွယ်ဖို့ သီးသန့်အခန်းမှာ ထားတာကြောင့် ဒဏ်ရရကိုယ်တော်ကို မန္တလေးမှာလို အလွယ်တကူတွေ့ဖို့ မလွယ်နိုင်ဘူးလို့ ဆိုပါတယ်။

သက်တော် ၆၆ နှစ်အရွယ်ရှိတဲ့ ဆရာတော် ဦးတိက္ခဥာဏကို ပြည်ပမှာ ဆေးကုသဖို့ လိုအပ်နေပြီး နိုင်ငံကူးလက်မှတ်ရဖို့အတွက် ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးမယ် ဆိုတဲ့အတွက် စောင့်ဆိုင်းနေတယ်လို့ မိန့်ပါတယ်။

ဦးတိက္ခဥာဏဟာ တရုတ်ဝမ်ပေါင်ကုမ္ပဏီရုံးရှေ့က သပိတ်စခန်းမှာ အရေပြားလောင်ကျွမ်းတဲ့ ဒဏ်ရာရခဲ့သူတွေအနက် အပြင်းထန်ဆုံးခံစားခဲ့ရတာဖြစ်ပြီး ကျန်သံဃာတွေထက် ပိုစောပြီး မန္တလေးဆေးရုံကို ပို့ဆောင်ကုသခဲ့တာ ဖြစ်ပါတယ်။

From : DVB (မြန်မာပိုင်း)


No comments:

Post a Comment