ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ရှမ်းပြည်နယ်မြောက် ပိုင်း ဒေသ များတွင် မုန့်ညှင်းချဉ်နှင့် မုန်လာဥချဉ်တည်ရာ၌ အမျိုးသမီး လုပ်သားအင်အားကို အထူးအားထားနေရသဖြင့် အမျိုးသမီးများ အနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရှိလာကြောင်း သိရသည်။ ထိုကဲ့သို့ အချဉ်တည်ရာတွင် အမျိုးသမီးများမှာ မုန်လာဥရေဆေးခြင်း အတွက် မနက် ၆း၀၀ နာရီမှ ၈း၀၀ ထိ မုန်လာခင်း ပိုင်ရှင်များထံတွင် အလုပ်ဆင်းကြပြီး၊ ၈း၀၀ နာရီမှ ညနေ ၄း၀၀ ထိ အချဉ်တည်သော အိမ်များတွင် အချဉ်တည်သည့် အလုပ်အား လုပ်ကိုင်ကြရသည်။
ရှမ်းပြည်မြောက်ပိုင်းရှိ အချဉ်တည်သောအိမ်အများစုမှာ တရုတ်လူမျိုးများ၏ နေအိမ်များဖြစ်ကြောင်း နှင့် တရုတ်လူမျိုးများ၏ အိမ်တိုင်းလိုလို မုန့်ညှင်းချဉ် အပါအ၀င် အချဉ်တည်ကြောင်းသိရသည်။
အချဉ်တည်ရာတွင်အမျိုးသမီးများအားအဓိကအားထားနေရခြင်းမှာ မုန်ညင်းများအား အရွက်ဖျင်ခြင်း၊ မုန်လာဥများအား လေးခြမ်းခွဲခြင်းစသည့် လုပ်ငန်းများ၌ အမျိုးသမီးများက ပို၍ ကျွမ်းကျင် သောကြောင့်ဖြစ် သည်ဟု အချဉ်တည်သည့်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“လောဘကြီးတယ်တော့မဟုတ်ပါဘူး၊ ကျွန်မတို့လည်း ရှာနိုင်တဲ့အချိန်လေး ရှာထားရတာ၊ ယောက်ျား လုပ်စာတစ်ခုထဲနဲ့ဆို သိပ်မချောင်လည်ဘူး”ဟု အသက် ၄၀ အရွယ်ခန့်အချဉ်တည် အမျိုးသမီးလုပ်သား တစ်ဦးကပြောသည်။
၎င်းတို့၏ တစ်ရက်တာဝင်ငွေမှာ မနက်ပိုင်း နှစ်နာရီအတွက် တစ်ထောင်ကျပ်ရှိကြပြီး အချဉ်တည်သော အိမ်တွင် တစ်နေကုန် လုပ်ခအတွက် နှစ်ထောင်ကျပ်ရရှိကြောင်းနှင့် အချိန်ပိုဆင်းနေ့ဖြစ်လျှင် ကျပ်သုံးထောင် အထိ ရရှိ သောကြောင့် တစ်နေ့လျှင် သုံးထောင်မှလေးထောင်အထိ ၀င်ငွေရရှိနေကြောင်း သိရသည်။
အဆိုပါဒေသများ၌ အမျိုးသားများမှာ တစ်ရက်လျှင် မနက် ၈း၀၀ နာရီမှ ညနေ ၄း၀၀ အထိ ခြုံရှင်းမြေပေါက်၊ ရေလောင်းအစရှိသည့် အလုပ်ကြမ်းများကို လုပ်ကိုင်ရပြီး လုပ်အားခမှာ သုံးထောင်မှ သုံးထောင့်ငါးရာကျပ်အထိ ရရှိကြောင်းကိုလည်း သိရသည်။
မုန်ညင်းချဉ်အနီတည်ရာတွင် မုန်ညင်းအား အရွက်ဖျင်ပြီးလျှင် အရိုးများအား နှစ်ရက်ခန့် နေလှန်းရပြီး၊ အနည်းငယ် ဖန့်သွားသောအခါ အရိုးအား လှီးဖြတ်ခြင်း ရေဆေးခြင်းနှင့် ဆားအချိုမှုန့်၊ မဆလာ၊ကြံသကာ တို့ဖြင့် နယ်ရကာ တစ်ပါတ်ခန့်အိုးထဲတွင် အချဉ်တည်ထားပြီးလျှင် ရောင်း၍ရသည့် အခြေ အနေသို့ ရောက်ရှိကြောင်း နောင်ချိုမြို့မှ စားသောက်ကုန် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
မုန်ညင်းချဉ်အဖြူမှာမူ အရွက်ဖျဉ်စရာမလိုပဲ တစ်ခါတည်းလှီး၍၊ ဆားနယ်ကာ၊ ထမင်းအနည်းငယ်ထည့်၍ အချဉ်တည်လျှင် တစ်ပါတ်ခန့်ကြာလျှင် စားး၍ရကြောင်းကိုလည်း သိရသည်။
“မုန့်ညှင်းချဉ်ကတော့ ခေါက်ဆွဲနဲ့ပဲစားစား၊ ဟင်းအနေနဲ့ပဲစားစား ဒီဒေသမှာတော့ ထုတ်လုပ် မှုက လောက် တယ် မရှိဘူး၊ အချဉ်တည်သမျှ ရောင်းရတယ်”ဟု ပြင်ဦးလွင်မှ မုန့်ညှင်းချဉ်ထုတ်လုပ် ရောင်းချနေသည့် လူမျိုးခြားတစ်ဦးက ပြောသည်။
မုန်ညင်းချဉ်အနီ(ရှမ်းချဉ်)နှင့် မုန်လာဥချဉ်တို့မှာ တစ်ပိဿာနှစ်ထောင်ကျပ် ဈေးရှိပြီး၊ မုန်ညင်းချဉ် အဖြူ (ဗမာချဉ်)မှာ တစ်ပိဿာလျှင် တစ်ထောင်ကျပ်ဝန်းကျင်ဈေးရှိကြောင်း ပြင်ဦးလွင်မြို့မဈေးအတွင်းက သိရ သည်။
မုန်ညှင်းချဉ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ မပါမဖြစ်စားသုံးလေ့ရှိသည့် အရန်ဟင်းဖြစ်သည်။
( မြစ်မခ )
Myit Makha Mediagroup

No comments:
Post a Comment