Saturday, September 8, 2012

ပြည်ထောင်စုအဆင့် ဆိုတာ ထက် ပြည်သူ့ အတွက်သာဖြစ်စေ ချင်သည် (ပေးစာ)

        လွန်ခဲ့သည့်အပတ်က သူငယ်ချင်းများနှင့်အတူ ရခိုင်ပြည်နယ်မောင်တောမြို့သို့ ရောက်ရှိခဲ့သည်။ သူငယ်ချင်းများစုပေါင်း၍ တိုင်းရင်းသားဒုက္ခသည်များအား သွားရောက် လှူဒါန်းခဲ့ကြသည်။
ဌာနဆိုင်ရာအာဏာပိုင်များ၊ ဒုက္ခသည်စခန်းတာဝန်ခံများနှင့် တွေ့ဆုံ၍ ဒုက္ခသည်များအား ဆန်၊ ငါးပိ၊ ငါးခြောက်နှင့် ရန်ကုန်စက်ရုံထုတ် အ၀တ်အထည်၊ လူသုံးကုန်များနှင့် ငွေများစုပေါင်းလှူဒါန်းခဲ့ကြသည်။ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းခဲ့ ရာ နိုင်ငံတော်အစိုးရ၏ အစီအစဉ်ဖြင့် ရွာများတွင်နေအိမ်များဆောက်လုပ်ပေးပြီး ပြန်လည်နေရာ ချထားပေးလျက်ရှိသော်လည်း အချို့မှာမပြန်လိုကြကြောင်း၊ ဘင်္ဂါလီရွာများကြားတွင် ရခိုင် တိုင်းရင်းသားရွာ ၁ ရွာ၊  ၂ ရွာခန့် စသည်ဖြင့် ကြားညှပ်တည်ရှိနေသဖြင့် ယခုကဲ့သို့ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံမှုမရှိတော့ကြောင်း၊ သံသယစိတ်ဖြင့်မနေလိုတော့ကြောင်း၊ `နွားကွဲ ရင်ကျားကိုက်လိမ့်မယ်´ဟု ရခိုင်တိုင်းရင်းသားတစ်ဦးမှ ရခိုင်သံဝဲ၀ဲဖြင့်ပြောကြားခဲ့ သည် ကို အမှတ်ရနေမိသည်။ ` သြော် သူတို့တွေရဲ့အနာဂတ်ရင်လေးစ ရာပါလား ´ ဟူ၍ ကိုယ်ချင်း စာစိတ် ဖြစ်ပေါ်မိခဲ့သည်။
          ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ပြန်လည်ရောက်ရှိပြီး ခေတ္တအဆက်ပြတ်နေခဲ့သည့် အွန်လိုင်းပေါ်သို့ ၀င်ရောက်ခဲ့ရာ အင်တာနက်စာမျက်နှာများပေါ်၌ ခုံရုံးအဖွဲ့နှင့် လွှတ်တော် အဖွဲ့၏အခြေအတင်ဆွေးနွေးသည့်အရေးကိစ္စအား ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြလျက်ရှိသည်ကို တွေ့လာရသည်။ လွှတ်တော်များမှ ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်အဖွဲ့များကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဖြစ်သည်၊ မဖြစ်သည်နှင့်ပတ်သက်၍အငြင်းပွားမှု အရှိန် မြင့်တက် လျက် ရှိကြောင်း သိရသည်။ လွှတ်တော်အဖွဲ့များအနေဖြင့် ပြည်ထောင်စုအဆင့် သတ်မှတ်လိုလျက်ရှိသော်လည်း ခုံရုံးအဖွဲ့အနေဖြင့်မူ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဟု မသတ်မှတ်သင့်ကြောင်း အဆိုပြုခဲ့ရာမှ စတင်ခဲ့သည်။
          ဤနေရာတွင် မိမိအနေဖြင့် ဉာဏ်မီသလောက်ဖော်ပြရလျှင် ပြည်ထောင်စုအဆင့် ဆိုသည်မှာ အနိမ့်ဆုံးဒုတိယ၀န်ကြီးအဆင့်မှ စတင်အကြုံးဝင်သည်။ သို့ဖြစ်၍လွှတ်တော်မှ ဖွဲ့စည်းလိုက်သည့် ကော်မတီဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ရေးရာကော်မတီဝင်များသည် ဒုတိယ၀န်ကြီးအဆင့်နှင့် တစ်တန်း တည်းဖြစ်သွားမည်။ လွှတ်တော်မှဖွဲ့စည်းသည့် ကော်မတီ ၀င်များ အနည်းဆုံး ၄၀၀ ကျော် ၅၀၀ ခန့်ရှိရာ ၎င်းတို့အား ပြည်ထောင်စုအဆင့်အတန်း သတ်မှတ်ပါက ဒုတိယ၀န်ကြီးတစ်ဦးခံစားရပိုင်ခွင့်အတိုင်း ချီးမြှင့်ပေးရမည်ဖြစ်သည်။ ထိုအခါ တစ်ဦးလျှင် လစာမှာ ကျပ်သိန်း၂၀၊ မော်တော်ယာဉ် ၃ စီး၊ တစ်စီးလျှင် ဆီဂါလံ ၆၀ နှုန်းဖြင့် ဆီဂါလံ ၁၈၀၊ နေထိုင်ရန်အိမ်ခန်း၊ အခမဲ့ဆေးကုသခွင့်၊ လုံခြုံရေးအစောင့်အရှောက်များ စသည်ဖြင့် အကျိုးခံစားခွင့်များပေးရတော့မည်ဖြစ်ရာ အင်အား ၅၀၀ ခန့်အတွက် နိုင်ငံတော် အစိုးရမှ ကျပ်သိန်း ၁၃,၀၀၀(၁.၃ဘီလီယံ)ခန့်ထပ်မံပေးရမည်ဖြစ်ပြီး တစ်နှစ်အတွက် ကျပ် ၁၅ ဘီလီယံခန့်ထောက်ပံ့ပေးရမည်ဖြစ်သည်။ လက်ရှိအခြေအနေတွင်ပင် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးလျှင် တစ်လ ၃ သိန်းနှုန်းလစဉ်ထောက်ပံ့ပေးထားသည်။ လွှတ်တော် တက်ရောက်ပါက နေစရိတ်/စားစရိတ်အတွက် တစ်ရက်လျှင် ၁၀,၀၀၀ကျပ်နှုန်း နေ့စဉ် ထောက်ပံ့ပေး ထားပြီး ခရီးစရိတ်အတွက်မူ ကုန်ကျသလောက် တင်ပြတောင်းခံခွင့်ရှိကြောင်း သိရသည်။ လက်ရှိအနေအထားအတိုင်း လွှတ်တော်ကိုယ်စားလှယ် ၆၀၀ ကျော်အတွက် တစ်လလျှင် ကျပ်သိန်း ၁,၈၀၀ကျော်ခန့်နှင့် တစ်နှစ်အတွက်  ၂ဘီလီယံကျော်(ခရီးစရိတ်၊ စားစရိတ်မပါ)ကို နိုင် ငံတော်မှ ထောက်ပံ့ပေး လျက်ရှိကြောင်း သိရသည်။ (အခြားကော်မတီ၊ ကော်မရှင်အဖွဲ့များ၏ လစာများကို ထည့်မတွက်ထားပါ။)
သို့ဖြစ်၍ ပြည်ထောင်စုအဆင့်သတ်မှတ်ပါက နိုင်ငံတော်ဘဏ္ဍာမှ အနည်းဆုံးကျပ် သိန်း ၁၅ ဘီလီယံ ထပ်မံထောက်ပံ့ပေးရမည့် အခြေအနေတွင်ရှိသည်။ ဒီမိုကရေစီနိုင်ငံတိုင်း သည် အစိုးရ၏အခြေခံအဆောက်အဦများ (Infrastructure) နေရာတွင် ပုဂ္ဂလိက/အများပိုင် အခြေခံအဆေက်အဦများနှင့် အစားထိုးဆောင်ရွက်ကြသည်။ ဆိုရှယ်လစ်၊ ကွန်မြူနစ်စနစ် များတွင် ပုဂ္ဂလိကစနစ်မရှိသလောက်နည်းပါးပြီး အခြေခံအဆောက်အဦတိုင်းကို အစိုးရမှ ဗဟိုဦးစီးစနစ်ဖြင့် ဆောင်ရွက်သော်လည်း ဒီမိုကရေစီစနစ်တွင်မူ အစိုးရဌာနများတွင် တတ်နိုင် သမျှ ၀န်ထမ်းအင်အားများကို လျှော့ချ၍ ပုဂ္ဂလိကလုပ် ငန်းများဖြင့်သာ အစားထိုးဆောင်ရွက် ကြသည်။ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ကာကွယ်ရေး၊ ပြည်ထဲရေး၊ လူ့စွမ်းအား အရင်းအမြစ် များနှင့် သက်ဆိုင်သည့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ကယ်ဆယ်ရေးနှင့် သက်ဆိုင်သည့် ၀န်ကြီးဌာနများကိုသာ အဓိကအမာခံထားရှိဖွဲ့စည်းပြီး ကျန်ဌာနများကိုမူ အများအားဖြင့် လိုအပ်သည့်ထိပ်ပိုင်းခေါင်းဆောင်များနှင့် ဦးစီးရုံးအဖွဲ့လောက်သာထားရှိကာ  ပုဂ္ဂလိကလုပ်ငန်းများဖြင့် အစားထိုးကြသည်သာ။ ပုဂ္ဂလိကလုပ် ငန်းများနှင့် ဈေးကွက်များကို ယှဉ်ပြိုင်ထုတ်လုပ်ခွင့်ပေးထားပြီး အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်လာစေရန် အတွက် ပုဂ္ဂလိကကုမ္ပဏီများအား အထောက်အကူပေးရသည်။ နိုင်ငံသားတစ်ဦးချင်း ၀င်ငွေ မြင့်မားစေရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်စေရေးအတွက် နိုင်ငံတော်အစိုးရက မူဝါဒများ ချမှတ်၍ ပုဂ္ဂလိကလုပ်ငန်းများကို အထောက်အကူပြုပေးရသည်။ နိုင်ငံတော်ဘဏ္ဍာငွေ အတွက် နိုင်ငံသားများ၊ စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများက မှန်မှန်ကန်ကန်အခွန်ထမ်းနိုင် စေရန်အတွက် မူဝါဒစည်းမျဉ်းများချမှတ်၍ စနစ်တကျစည်းကြပ်ကြရသည်။ ယနေ့အခြေအနေ သည် ဥရောပနိုင်ငံ များ၌ ငွေကြေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး စီးပွားရေးကျဆင်း နေသည့်ကာလဖြစ်သည်။ ဂရိ၊ စပိန်၊ အီတလီ စသောနိုင်ငံများသည် စီးပွားရေးကျ ဆင်းနေ သဖြင့် အစိုးရမှ ခြိုးခြံချွေတာရေးမူများချမှတ်၍ လစာစရိတ်နှင့် ပင်စင်လစာများလျှော့ချခြင်း၊ အစိုးရအသုံးစ ရိတ်များလျှော့ချခြင်း တို့ပြု လုပ်၍ ငွေကြေးကျပ်တည်းမှုကို ကုစားနေကြသည့် ကာလဖြစ်သည်။
          မိမိတို့မြန်မာနိုင်ငံတွင်လည်း အခြေခံအဆောက်အဦများတိုးတက်အောင်နှင့် ဆင်းရဲ မွဲတေမှုလျော့နည်းစေရေးအတွက် များစွာအချိန်ယူဆောင်ရွက်ရဦးမည်ဖြစ်သည်။ နိုင်ငံတကာ စာမျက်နှာရှိ အဆင်းရဲဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံစာရင်းမှပယ်ဖျက်နိုင်ရေး ကြိုးစားကြရဦးမည်။ နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်များနှင့် အခြား အကြောင်းကြောင်းကြောင့် ဖြစ်ပေါ်လာ သည့် နိုင်ငံတွင်းဒုက္ခသည် များအား ပြန်လည်ထူထောင် ရေးသည်လည်း လူသားချင်းစာနာထောက်ထားမှုအရ အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ် သည်။ ၎င်းတို့မှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ် သည်။ မဲဆန္ဒနယ်အလိုက် ပြည်သူမှရွေးချယ်တင်မြှောက်ထားသည့် မိမိကိုယ်ကို `ပြည်သူထဲကပေါက်ဖွားလာသည့် ပြည်သူ့အစေခံများ၊ ပြည်သူ့အကျိုးအတွက်ပဲဖြစ်စေ        ရမယ်´ဟု ကြွေးကြော်ခဲ့ကြသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့်လည်း အမှန် တကယ် ပြည်သူများကိုသာ အကျိုးပြုစေလိုသည်။ အငြင်းအခုံဖြစ်ပွားနေ သည့် ကော်မတီ/ ကော် မရှင်ဝင် များအား ပြည်ထောင်စုအဆင့်သတ်မှတ်ခြင်း/မသတ်မှတ်ခြင်း ငြင်းခုံနေမည့် အစား ဆင်းရဲဒုက္ခရောက်နေ သည့် ပြည်သူ့အကျိုး ကိုသာ ရှေးရှုဆောင် ရွက်သင့်သည်။ ၎င်းတို့ အား ထောက်ပံ့ပေးရမည့် နိုင်ငံတော်ဘဏ္ဍာငွေမှ နှစ်စဉ်ကျပ်သိန်း ၁၅ ဘီလီယံ(ဒေါ်လာ ၁၉ သန်း)ခန့်အား ချင်းပြည်နယ်၊ ကယားပြည် နယ်၊ ကချင်ပြည်နယ်ကဲ့သို့သော လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်ဒေသများအား လမ်းဖောက်လုပ်ခြင်းနှင့် ဒုက္ခသည်များ ထူထောင် ရေးကိစ္စများတွင် သာအသုံးပြုသွားပါက မိမိတို့ပြည်သူများအတွက် နိဗ္ဗာန်တမျှအကျိုး သက်ရောက်စေမည်ဖြစ်၍ ပြည်သူအတွက်သာဖြစ်စေချင်သည်။

ပြည်သူတစ်ဦး

ပေးပို့ထားသော ဆောင်းပါအား ယခုမှ ဖော်ပြပေးခဲ့နိုင်ခဲ့ပြီး နောက်ကျခဲ့ရသည့်အတွက်  ဆောင်းပါးရှင်အား မြန်မာပြည်သား အဖွဲ့မှ အထူးမေတ္တာရပ်ခံ အပ်ပါသည်။

No comments:

Post a Comment