Saturday, September 8, 2012

KIA အဖွဲ့သည် ငြိမ်းချမ်းရေး ကို ရှောင်လွှဲနေခြင်းဖြစ်






အမျိုးသားလွှတ်တော် အစည်းအဝေး (၄၀) ရက်မြောက်နေ့ကို စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ အမျိုးသားလွှတ်တော်ခန်းမ၌ ကျင်းပရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အပါအဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၂၀၇) ဦး တက်ရောက်ကြသည်။ အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးခက်ထိန်နန်၏
“အပစ်အခတ်ရပ်စဲရေး/ ငြိမ်းချမ်းရေး” မေးခွန်းနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်က တပ်မတော်နှင့် ကေအိုင်အေ ပစ်ခတ်တိုက်ခိုက်မှုများ စတင်ဖြစ်ပွားခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လမှစတင်၍ ပြည်နယ်အဆင့် (၃)ကြိမ်၊ ပြည်ထောင်စုအဆင့် (၃)ကြိမ်၊ အလွတ်သဘော (၄)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါကြောင်း၊ တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို အပြည့်အဝ လိုလားပါကြောင်း၊ နိုင်ငံတော်သမ္မတကလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် ကချင်ပြည်နယ်အတွင်း ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ကေအိုင်အေ တပ်စခန်းများအား ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်အပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အနေဖြင့် ကွပ်ကဲမှု အောက်တပ်များကို ချက်ချင်းချပြခဲ့ပြီး သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့များမှလည်း တိကျစွာ လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူလူထု အသုံးပြုနေသည့် လမ်းကြောင်းနှင့် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် ဌာနချုပ်များ၊ တပ်စခန်းများ၊ စစ်ကြောင်းများသို့ ရိက္ခာပို့ဆောင်စဉ်၊ လူနာပို့ဆောင်စဉ်၊ တာဝန်လဲလှယ်စဉ်၊ လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ကေအိုင်အေအဖွဲ့မှ နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းခွဲတိုက်ခိုက်ခြင်း စုစုပေါင်း (၉၂၆) ကြိမ် ပြုလုပ်ခဲ့သဖြင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါကြောင်း။ ယခုကာလအတွင်း ကေအိုင်အေ အဖွဲ့အနေဖြင့် စစ်ရေးနှင့် မသက်ဆိုင်သော ပစ်မှတ်များဖြစ်သည့် အများပြည်သူသုံး လမ်းတံတားများအား မိုင်းခွဲခြင်း (၆၆)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း၊ သမ္မတကြီး၏ ညွှန်ကြားချက်ရရှိပြီးနောက် တပ်မတော်အနေဖြင့် ကေအိုင်အေ စခန်းများအား ထိုးစစ်ဆင်ခြင်းကို လုံးဝပြုလုပ်ခဲ့ခြင်း မရှိပါကြောင်း၊ သို့သော် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းကြောင်းနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် တစ်ဖက်မှ တိုက်ခိုက်လာမှုအား ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်စောင့်ရှောက်ရန် တာဝန်ရှိသည်နှင့် အညီ ယင်းတာဝန်ကိုသာ ထမ်းဆောင်နေခြင်းဖြစ် ပါကြောင်း၊ ကေအင်န်ယူ ငြိမ်းချမ်းရေးအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆောင်ရွက်ရာတွင် နှစ်ဖက် ရိုးသားမှု၊ ယုံကြည်မှု ရှိကြသည့်အတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ နယ်မြေတည်ငြိမ်အေးချမ်းမှု ရှိနေခြင်းကို သာဓကအဖြစ် တွေ့မြင်နိုင်ပါကြောင်း။ ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့သည်လည်း အပစ်အခတ်ရပ်စဲရေးမှတစ်ဆင့် ငြိမ်းချမ်းရေး သဘောတူလက်မှတ် ရေးထိုးနိုင်ခဲ့သည်အထိ အောင်မြင်မှု ရရှိနေသည်ကို တွေ့မြင်နိုင်ပါကြောင်း၊ ကေအိုင်အေအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကို လုံးဝဆွေးနွေးညှိနှိုင်းမှု မပြုလုပ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးမှု ပြုလုပ်ပြီးမှသာ အပစ်အခတ်ရပ်စဲမည် ဆိုသည့်အချက်ကို ကိုင်စွဲထားသဖြင့် လတ်တလော ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်နေရခြင်း ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ကေအိုင်အေအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အပါအဝင် ထာဝရငြိမ်းချမ်းရေး ရရှိစေရေးအတွက် စိတ်ရှည်သည်းခံစွာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကေအိုင်အေအနေဖြင့် နိုင်ငံတကာနှင့် အများက လက်ခံကျင့်သုံးလျက်ရှိသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတိုင်း ဆက်လက်ဆောင်ရွက်မည်ဆိုပါက အခြားအဖွဲ့များနည်းတူငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ် ရေးထိုးနိုင်မည် ဖြစ်ပါကြောင်းဖြင့် ဖြေကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
From : Khit Lu Ngal

No comments:

Post a Comment