Sunday, March 31, 2013

လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်စေရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်း

အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟို ကော်မတီတစ်ရပ်အား နိုင်ငံတော် သမ္မတရုံးမှ မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ကြောင်း မတ်လ ၃၀ ရက် ည ၈ နာရီတွင် နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့ပြီး အဆိုပါ ကော်မတီ အနေဖြင့် လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမပေါ်ပေါက်စေရန် လုပ်ဆောင်သွားမည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလော ဖြစ်ပေါ်ခဲ့သော ဆူပူအကြမ်းဖက် ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင် တွယ် ဆောင် ရွက်နိုင်ရန်အတွက် "အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီ" ကို အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကော်မတီ၏ လုပ်ငန်းများမှာ အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်နှင့် အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် သွားရောက်နှိမ်
နင်းနိုင်ရေး (Rapid Response) စီမံပေးရန် စသည်တို့ ဖြစ်သည်။

ထို့ပြင် လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်သွား မည်ဖြစ်ပြီး ပဋိပက္ခ ဖြစ်စဉ်များ၌ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးကာကွယ်နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ကာ ဖမ်းဆီးထိန်းသိမ်းပြီး ဥပဒေအရ အရေးယူနိုင်ရန်တို့ ပါဝင်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းဆက်စပ် ဆောင်ရွက်ပေးသွားရန်နှင့် လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားရန်တို့ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ကော်မတီဥက္ကဋ္ဌ အဖြစ် ဆောင် ရွက် ပြီး သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒုတိယဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ကာ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ရဲချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

ကော်မတီ အဖွဲ့ဝင်များအဖြစ် ဦးအုန်းမြင့် (ပြည်ထောင်စုဝန်ကြီးမွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန)၊ ဦးခင်ရီ (ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန)၊ ဦးဝင်းမြင့် (ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန)၊ ဗိုလ်မှူးချုပ် အောင်သော် (ဒုတိယ၀န်ကြီး ကာကွယ်ရေးဝန်ကြီးဌာန)၊ ဗိုလ်ချုပ်ဇော်ဝင်း (ဒုတိယ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန)၊ ဦးရဲထွဋ် (ဒုတိယ၀န်ကြီး ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးဘုန်းဆွေ (ဒုတိယ၀န်ကြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန) တို့ ပါဝင်သည်။

ထို့ပြင် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့များ အနေဖြင့်လည်း အလားတူ အဖွဲ့အစည်းမျိုး ဖွဲ့စည်းဆောင်ရွက်သွားရန် နိုင်ငံတော်သမ္မတ ဦးသန်းစိန်က ညွှန်ကြားထားသည်။

Eleven Media Group

No comments:

Post a Comment