Wednesday, April 3, 2013

စီး/ကူး ဝန်ကြီးဌာ နအောက်ရှိ ဌာနနှစ်ခု အမည်ပြောင်း ဖွဲ့စည်းလိုက်


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်ရှိ ဌာနသုံးခုအနက် နှစ်ခုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ အမည်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း လက်ထောက် ညွှန်ကြားရေးမှူး တဦးက ဆိုသည်။


“မြန်မာ့ လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးဌာနကို အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနလို့ အမည်ပြောင်းခဲ့သလို နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကိုလည်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနဆိုပြီး အမည်ပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်” ဝန်ကြီးဌာနမှ လက်ထောက်ညွှန်မှူး ဦးခင်မောင်လွင် က ပြောသည်။
ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှာ လုပ်ကိုင်နေရသော လုပ်ငန်းများနှင့် ဌာနအမည်မှာ အံဝင်မှုရှိ၍ မူလအတိုင်း ထားရှိကာ အမည်ပြောင်းလဲခြင်း မရှိဟု ဆိုသည်။
“မြန်မာ့ လယ်ယာထွက်ကုန်ဌာနဆိုရင် အရင်က ဆန်စပါးရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်တဲ့ နာမည် ဖြစ်နေတဲ့ အတွက် လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေနဲ့ အံဝင်အောင် အမည်ပြောင်းလဲလိုက်တာပ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကုန်သွယ်မှုမြှင့်တင်ရေးဌာနအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲများ ပြုလုပ်ရန်၊ အသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေး၊ အသေးစား ငွေကြေးလုပ်ငန်း ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများ စသည်တို့ ဆောင်ရွက်သွားမည် ဖြစ်သည်။
အလားတူ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ကုန်သွယ်မှုနှင့် ကုန်စည် စီးဆင်းမှုဌာနခွဲ၊ ဒေသတွင်း ကုန်သွယ်မှု ဌာနခွဲ၊ ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲ၊ စားသုံးသူရေးရာ ဌာနခွဲ၊ ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းကွပ်ကဲရေးဌာနခွဲ၊ ကုန်သွယ်မှု စာရင်းအင်းဌာနခွဲ၊ ပို့ကုန်လုပ်ငန်းဌာနခွဲ၊ သွင်းကုန်လုပ်ငန်း ဌာနခွဲ စသဖြင့် ဌာနခွဲများ ဖွဲ့စည်းလုပ်ကိုင်မည်ဟု ဆိုသည်။
ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန အပြင် နယ်စပ်မြို့များနှင့် တိုင်းနှင့် ပြည်နယ်များတွင်လည်း ဌာနခွဲများ ဖွင့်လှစ်လုပ်ကိုင်သွား မည် ဖြစ်ကြောင်း သိရသည်။
ဝန်ကြီးဌာနအချို့မှ အကြီးတန်း အရာရှိကြီးများ အပါဝင် အရာရှိအများအပြားကို တာဝန်မှ အငြိမ်းစားပေး လိုက်ပြီး အချို့ကို ဌာနလွှဲပြောင်းတာဝန်ပေးမှုများ မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ရာ စီး/ကူး ဝန်ကြီးဌာနအောက် ရှိ အရာရှိကြီးများလည်း ပါဝင်ခဲ့သည်။
ခင်မျိုးသွယ်
မဇ္ဈိမ

No comments:

Post a Comment