Saturday, August 4, 2012

ရခိုင်ဒေသအရေး ဘင်္ဂလားဒေ့ရှ် သံအမတ် ဘာပြောသလဲ


အစိုးရက သံတမန်တွေကို စစ်တွေမြို့ကို နှစ်ရက်ကြာ ခေါ်သွားပြီး ရခိုင်ဒေသ ပဋိပက္ခအကြောင်း ရှင်းလင်းခဲ့ပုံကို သောကြာနေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

ခရီးစဉ်အတွင်း
ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးရဲ့ ပြောဆိုချက်တွေကိုလည်း စိတ်ဝင်စားဖွယ် တွေ့ရတဲ့အတွက် ဒီသတင်းကို ကူးယူ ဖော်ပြလိုက်ပါတယ်။

သူ့ပြောဆိုချက်ကို သတင်းအဆုံးပိုင်းမှာ တွေ့နိုင်ပါတယ်။


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အသိအမှတ်ပြု
မြန်မာနိုင်ငံအစိုးရမှ ရိုးသားပွင့်လင်း၊ မြင်သာစွာ ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို တွေ့ရ

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး၊
ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုနိုင်၊
ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊
ဦးဘုန်းဆွေနှင့်
ဦးကျော်ကျော်ဝင်း၊
မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများနှင့် သံတမန်များ၊
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် ဘာသာရေးခေါင်းဆောင်များ၊
ဌာနဆိုင်ရာ အကြီးအကဲများသည် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ဖြစ်ပွားခဲ့သည့် ပကတိအခြေအနေမှန်များအား သြဂုတ် ၁ ရက် နံနက် ၈ နာရီတွင် စစ်တွေမြို့ ပတ်ဝန်းကျင်တစ်လျှောက် သွားရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။

ရှေးဦးစွာ စစ်တွေမြို့နယ် ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌ တာဝန်ခံများနှင့် တွေ့ဆုံ၍ နိုင်ငံတော်အစိုးရက လတ်တလော ဆောင်ရွက်ပေးလျက်ရှိသည့် နယ်မြေ တည်ငြိမ်အေးချမ်းသာယာရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာများ၊
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေမှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ မိသားစုနေထိုင်နိုင်သည့် ယာယီတဲများဆောက်လုပ်ပြီးစီးမှုနှင့် ပြည်တွင်းပြည်ပအကူအညီအထောက်အပံ့များ ခွဲဝေဖြန့်ဖြူးမှု အခြေအနေများကို စခန်းတာဝန်ခံများအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လိုက်ပါလာသော သံတမန်အဖွဲ့များအား ရှင်းလင်းပြောကြားရာတွင် ဘောဒူဖကျေးရွာ ကယ်ဆယ်ရေးစခန်း၌ ရွှေ့ပြောင်းဒုက္ခသည် အိမ်ထောင်စု ၁၄၃၉ စု၊ လူဦးရေ ၇၅၇၅ ဦးရှိပြီး စစ်တွေမြို့ပေါ်ရပ်ကွက်များ ဖြစ်သော စက်ရုံစု၊ မကျဉ်းမြိုင်၊ ရွှေပြား၊ တရားသီးစုနှင့် မြို့သူကြီးရပ်ကွက်များမှရွှေ့ပြောင်းရောက်ရှိလာကြသူများဖြစ်ကြောင်း၊
စစ်တွေမြို့နယ်တွင် ရွှေ့ပြောင်းဒုက္ခသည်စခန်းရှစ်ခုနှင့် တိုင်းရင်းသားကယ်ဆယ်ရေးစခန်း ငါးခု စုစုပေါင်း ၁၃ ခု ရှိကြောင်း၊
၎င်းတို့နေထိုင်နိုင်ရန်အတွက် ယာယီရွက်ဖျင်တဲ ၁၅၁၉ လုံး ဆောက်လုပ်ပေးထားပြီး(၄၅ ပေ x ပေ ၃ဝ x ၉ ပေ) အရွယ်ရှိ မိသားစု ၁ဝ စု နေထိုင်နိုင်သော ယာယီတဲ ၁၁၄ လုံးကိုလည်း ဆောက်လုပ်ပြီးဖြစ်ကြောင်း၊
၈၁ လုံးမှာ ဆောက်လုပ်ဆဲဖြစ်ကြောင်း နှင့် ကျန်ယာယီတဲများကို ဆက်လက်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း၊
ကယ်ဆယ်ရေး စခန်းများရှိ ရွှေ့ပြောင်းဒုက္ခသည်များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သံတမန်အဖွဲ့ဝင်များမှ ပကတိဖြစ်ရပ်မှန်အခြေအနေများကို ရွှေ့ပြောင်းဒုက္ခသည်များအား မေးမြန်းကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့များသည် မီးလောင်ပျက်စီးသွားသော စက်ရုံစုရပ်ကွက် မီးလောင်ပြင်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက ဤနေရာတွင် ပဋိပက္ခဖြစ်ပွားခဲ့ကြသူများ နေထိုင်ခဲ့ကြောင်း၊ နေရာကျဉ်းကျဉ်းတွင်
ပြည့်သိပ်ကျပ်တည်းစွာ နေထိုင်ခဲ့ကြသဖြင့် မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်မှုမရှိဘဲ လူနေမှုအဆင့်အတန်းများစွာ နိမ့်ကျခဲ့ကြောင်း၊
အနာဂတ်တွင် မြို့ပြဖွံ့ဖြိုးမှုအင်္ဂါရပ်နှင့်အညီလမ်းများ၊ ဈေးများတည်ဆောက်ပေးရန်လိုအပ်ပြီး စီးပွားရေးဈေးကွက် ထူထောင်ပေးရန် လိုအပ်မည်ဖြစ်ကြောင်း၊
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။

ထိုမှတစ်ဆင့် ရွှေစေတီကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူ ၇၁၅ ဦးအား နှုတ်ဆက်အားပေးစကားပြောကြား၍ သံတမန်လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များနှင့် ပကတိကိုယ်တွေ့ဖြစ်ရပ်မှန်များကို မေးမြန်းကြရာ ကယ်ဆယ်ရေးစခန်းရှိ ဒေသခံပြည်သူများက ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၊ ကယ်ဆယ်ရေးအကူအညီ အထောက်အပံ့များ ရရှိမှုအခြေအနေများနှင့် မိမိတို့လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် စစ်တွေမြို့ ရှုခင်းသာပွိုင့်သို့ ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက စစ်တွေမြို့ ပင်လယ်ကမ်းခြေတစ်လျှောက် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးမှုစီမံကိန်းဆောင်ရွက်မည့်နေရာ၊ ဟိုတယ်ဇုန်နှင့် ငါးဖမ်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေ၊
သင်္ဘောဆိပ်သင်္ဘောကျင်းများ တည်ဆောက်နိုင်မှု၊ ကမ်းနားလမ်း ပင်လယ်ကမ်းခြေတစ်လျှောက် လမ်း၊ တံတား အဆင့်မြင့်နိုင်မှုနှင့် မြို့ပြဖွံ့ဖြိုးလာနိုင်မှု၊ စီးပွားရေးဈေးကွက် အခြေအနေနှင့် အနာဂတ်ဖွံ့ဖြိုးမှု အခြေအနေများကို သံတမန်အဖွဲ့ဝင်များနှင့် အမြင်ချင်းဖလှယ်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ရှုခင်းသာပွိုင့်တွင် သံတမန်အဖွဲ့ဝင်များအား အုန်းရည်ချိုဖြင့် ဧည့်ခံခဲ့သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့များ၊ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် ရခိုင်ပြည်နယ် သံတမန်လေ့လာရေးခရီးစဉ်အပေါ် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယခု နှစ်ရက်ကြာ သံတမန်လေ့လာရေး ခရီးစဉ်၌ တွေ့ရှိရသော ပကတိအခြေအနေမှန်များကို ပြန်လည်သုံးသပ်၍ မိမိတို့၏ သဘောထားအမြင်များ၊ အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြ ကြစေလိုကြောင်း ပဏာမပြောကြားသည်။

ဆက်လက်၍ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘရာဇီး၊ ကူဝိတ်၊ လာအို၊ ဆော်ဒီအာရေးဗီးယား၊ ပါကစ္စတန်၊ အီဂျစ်နှင့် အိန္ဒိယနိုင်ငံ သံတမန်များက သုံးသပ်ပြောကြားရာတွင် မိမိတို့၏ခရီးစဉ်မတိုင်မီ ပြည်ပသတင်းဌာနများနှင့် မီဒီယာအမျိုးမျိုးမှတစ်ဆင့် သိရှိခဲ့ရသည့် အတည်ပြုနိုင်ခြင်းမရှိသော အကြောင်းအရာနှင့် သတင်းအချက်အလက်များသည် ဇူလိုင် ၃ဝ ရက်တွင် ပြုလုပ်ခဲ့သော ရခိုင်ပြည်နယ်အရေးအခင်းနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာစေခဲ့သည့် သတင်းစာရှင်းလင်းပွဲပါ ပကတိအသေးစိတ်သတင်းအချက်အလက်များ၊ ယခု မြေပြင်တွင် ကိုယ်တွေ့ တွေ့မြင်ခဲ့ရသော ပကတိလက်ရှိအခြေအနေမှန်များသည် များစွာကွာဟလျက်ရှိပါကြောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ချက်များအား အလေးအနက် အသိအမှတ်ပြုပါကြောင်း၊

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် ခက်ခဲနက်နဲရှုပ်ထွေးသော်လည်း အစိုးရအဖွဲ့မှ ကြိုးစားဖြေရှင်းဆောင်ရွက်နေသည်ကို တွေ့မြင်ခဲ့ရပါကြောင်း။

နိုင်ငံတော်၏ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကာလတွင် ယခုကဲ့သို့ အဖြစ်အပျက်များ ဖြစ်ပွားခဲ့သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူတို့အတွက် များစွာနစ်နာပါကြောင်း၊

နိုင်ငံတော်က ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊

ကယ်ဆယ်ရေးစခန်းများရှိ ရွှေ့ပြောင်းဒုက္ခသည် ပြည်သူများနှင့် တွေ့ဆုံမေးမြန်းသည့်အခါ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်လျက်ရှိနေသေးသည်ကို တွေ့ရှိရပါကြောင်း၊

ယခုကဲ့သို့ ရှုပ်ထွေးလှသည့် ပြဿနာများကို ဖြေရှင်းနိုင်ရန် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များက မြန်မာနိုင်ငံအစိုးရနှင့် လက်တွဲဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊

ခရီးစဉ် နှစ်ရက်တာကာလအတွင်း တွေ့မြင်ခဲ့ရမှုများသည် ဝမ်းနည်းကြေကွဲစရာ ဖြစ်ရပ်မှန်များဖြစ်ပါကြောင်းနှင့် ပြဿနာကို အကောင်းဆုံးနည်းလမ်းဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်
ကြရမည်ဖြစ်ပါကြောင်း၊

မြန်မာအစိုးရ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုထောက်ခံပါကြောင်း၊ ပြဿနာအခြေအနေအရပ်ရပ်ကို မြန်မာနိုင်ငံအစိုးရမှ ရိုးသားပွင့်လင်း၊ မြင်သာစွာကိုင်တွယ်ဖြေရှင်းလျက်ရှိသည်ကို တွေ့ရပါကြောင်း၊

နိုင်ငံတကာအသိုက်အဝန်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှလည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုပံ့ပိုးပေးနိုင်ရေး ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊

မိမိတို့ တွေ့မြင်ခဲ့ရသော ပကတိဖြစ်ရပ်မှန်များနှင့် အခြေအနေမှန်များကို မိမိနိုင်ငံအစိုးရအဖွဲ့များသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြသည်။

ထို့အတူ သံတမန်လေ့လာရေးအဖွဲ့ဝင်အဖြစ် လိုက်ပါလာခဲ့သော ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကလည်း ယခုပြဿနာသည် ဇွန် ၃ ရက်တွင်ဖြစ်ပွားခဲ့သော ကျောက်နီ
မော် အရေးအခင်းနှင့် ဇွန် ၈ ရက်တွင် ဖြစ်ပွားခဲ့သော မောင်တောအရေးအခင်းတို့မှ
စတင်ခဲ့ပါကြောင်း၊

မိမိနိုင်ငံတွင်လည်း မူဆလင်ဘာသာဝင်များသည် သောကြာနေ့တိုင်းကျောင်းတက်ဝတ်ပြုပြီး ဆုတောင်းလေ့ရှိပါကြောင်း၊

ဘုရားဝတ်ပြုပြီးသည့်အခါမော်လဝီဆရာများက တရားဟောကြပါကြောင်း၊

ဝတ်ပြုဆုတောင်းပြီးချိန်တွင် ကျောက်နီမော်၊ တောင်ကုတ်ကိစ္စကို ထုတ်ဖော်ပြီး လူငယ်များကို လှုံ့ဆော်ခဲ့သည်ဖြစ်မည်ဟု ထင်မြင်ပါကြောင်း၊

မော်လဝီဆရာများက လှုံ့ဆော်ပြီး ခေါင်းဆောင်မှု ပြိုကွဲသွားသည်ထင်ပါကြောင်း၊

လှုံ့ဆော်ပြီးအုပ်စုအား ထိရောက်စွာခေါင်းဆောင်မှု မပေးနိုင်တော့ပါကြောင်း၊

ခေါင်းဆောင်မှ ထိန်းသိမ်းနိုင်မှုမရှိသည့်အတွက် ယခုကဲ့သို့ အကြမ်းဖက် အရေးအခင်းဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ယူဆပါကြောင်း။

ဘင်္ဂလားဒေ့ရှ်တွင် ဤအရေးအခင်းစဖြစ်စဉ်မှပင် အင်တာနက်နှင့် မီဒီယာ
ပေါင်းစုံတို့မှ အတည်မပြုနိုင်သော သတင်းအချက်အလက်မျိုးစုံအား ဖတ်ရှုကြရသော်
လည်း ယင်းအကြောင်းအရာများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် လွှမ်းမိုးမှုမရှိခဲ့ပါ
ကြောင်း၊

အခင်းဖြစ်ပြီးနောက် ဇွန် ၁၁ ရက်တွင် မြန်မာနိုင်ငံအစိုးရ၏ ဆောင်ရွက်ချက်
များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံအစိုးရအနေဖြင့် အပြည့်အဝ ထောက်ခံပါကြောင်း၊

ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံးအား သတင်းထုတ်ပြန်ခဲ့ပြီး အင်အားကြီးနိုင်ငံများနှင့် ကုလ
သမဂ္ဂအဖွဲ့အစည်းအခိျု့မှ ဝေဖန်တောင်းခံသည့်ကြားမှပင် နယ်စပ်ဝင်ပေါက်များ
အားလုံးကိုလည်း ပိတ်ထားခဲ့ပါကြောင်း၊

နယ်စပ်ဝင်ပေါက်များ ဖွင့်ထားခဲ့ပါက ပြဿနာ
ပိုမိုကြီးထွားလာနိုင်ပါကြောင်း၊

အကြမ်းဖက်သူများအနေဖြင့် ထွက်ပေါက်ရှိနေပါကအကြမ်းဖက်မှုများကို ပိုမိုဆောင်ရွက်ရန် အတင့်ရဲမည်ကို ရိုးရှင်းစွာ သိနိုင်ပါကြောင်း၊

ထို့ကြောင့် အခင်းဖြစ်ပွားသူများအား တိတိကျကျပင် လက်ခံခြင်းမပြုခဲ့ပါကြောင်း၊

အိမ်နီးချင်းနိုင်ငံအချင်းချင်း ဤကဲ့သို့ တုံ့ပြန်မှုသည် အခြားနိုင်ငံများတွင် ဖြစ်ပွားခဲ့သော ကိစ္စကဲ့သို့မဟုတ်ဘဲ နိုင်ငံတွင်းရှိ လူမျိုးစုနှစ်ခု ပြဿနာဖြစ်သည်ဟုသာ ယုံကြည်ခံယူထားပါကြောင်း၊

နောင်တွင် ယင်းကဲ့သို့ကိစ္စများ ထပ်မံမဖြစ်ပွားအောင် ဆုတောင်းပေးပါကြောင်းနှင့် အမြန်ဆုံးပြန်လည်ငြိမ်းချမ်း၍ ပကတိအခြေအနေဖြစ်ပေါ်လာမည်ဟု အကောင်းဘက်မှ ထင်မြင်မိပါကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တူရကီသံအမတ်ကြီးကလည်း လက်ရှိကြုံတွေ့နေရသောအခြေ အနေများကို အလွယ်တကူဖြေရှင်းနိုင်လိမ့်မည်ဟု မယူဆပါကြောင်း၊

လတ်တလောနှင့်ရေရှည်အစီအစဉ်များ ရေးဆွဲဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

ဒုက္ခသည်များနေထိုင်ရေးအတွက် ယခုထက်ပိုမိုကျယ်ဝန်းသော ယာယီတဲကြီးများ ဆောက်လုပ်ပေးရန် လိုအပ်မည်ဟုထင်မြင်မိပါကြောင်း၊

နိုင်ငံတကာ အဖွဲ့အစည်းများကလည်းကူညီရန်အသင့် ရှိနေကြပါကြောင်း၊

လခြမ်းနီအဖွဲ့အစည်းမှတစ်ဆင့် အကူအညီအထောက်အပံ့များရရှိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးနှင့် ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။

သီရိလင်္ကာသံရုံး သံမှူးကြီးက မိမိတို့တွင်လည်း လူမျိုးစုအရေးအခင်းမှအစပြု၍ အနှစ် ၃ဝ ကြာ ပြည်တွင်းတွင်ဖြစ်ပွားခဲ့သည့် သမိုင်းကြောင်းနှင့်ခါးသီးသော အတွေ့အကြုံများရှိပါကြောင်း၊ မြန်မာအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုအားပေးထောက်ခံပါကြောင်း၊ လိုအပ်သည့်အကူအညီများကိုလည်း ပေးအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး ဦးဆောင်သော သံတမန်အဖွဲ့များနှင့် Mr. Tomas Ojea Quintana တို့သည် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။


www.irrawaddyblog.com

No comments:

Post a Comment