တစ်နှစ်ခွဲကျော်ကာလအတွင်း လာဘ်စားမှု၊
အမှုကြန့်ကြာမှု၊ တရား ခံသေဆုံးမှုအပါအ၀င် ထုတ်ပယ်ခံနှင့် ရာထူးချခံရသည့်
ရဲဝန်ထမ်းဦးရေ မှာ လေးထောင်နီးရှိပြီး ယင်းတို့အနက် ရဲအရာရှိ ၁၀၅၇ ဦးပါ ၀င်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ဖြေကြားချက်အရ သိရ သည်။
၂၀၁၁ ခုနှစ် ဧပြီလမှစ၍ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ အကျင့်ပျက်
ရဲဝန်ထမ်းအဖြစ် သက်မှတ်ခံရပြီး ထုတ်ပယ်ခဲ့သည့် ရဲဝန်ထမ်းများတွင် ရဲအရာရှိ
၉၀၇ ဦးပါဝင်ပြီး အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၂၃၆၃ ဦး ပါဝင်သည်။
ရာထူးချခံရသည့် ရဲအရာရှိ ၁၄၄ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၃၂၁ ဦး
တို့ရှိကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ထုတ်ပယ်ခြင်းနှင့် ရာထူးချခံခဲ့ရသည့် ရဲတပ်ဖွဲ့ဝင်များမှာ လာဘ် ငွေ တောင်းခံရယူမှု၊တရားခံ သေဆုံးမှု၊ အမှုကြန့်ကြာမှု၊ မူးယစ်စည်းကမ်းဖောက်ဖျက်မှု၊တာဝန် ပေါ့လျော့/ပျက်ကွက်မှု၊ လူမှုရေး ဖောက်ပြန်မှု၊ အထက်အရာရှိအား အနိုင်အထက်ပြုမှု၊ တရားခံထွက်ပြေးမှု၊ ပြည်သူအား ညှဉ်းပန်းနှိပ်စက်မှု၊ အမှု မဖွင့် ပေးမှု၊ လုပ်ထုံးလုပ်နည်းနှင့် မညီဆောင်ရွက်မှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ ရဲလုပ်ငန်း အားနည်းမှု၊ လက်အောက် ငယ်သားအား ညှဉ်းပန်းနှိပ်စက်မှု၊ ကြီးကြပ်မှုအားနည်းမှု၊ ခိုးမှုနှင့် ရဲပြေးမှု အစရှိသည့် ပြစ်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်။
ထို့ပြင် သတိပေးစာ ထုတ်ပေးထားသည့် ရဲတပ်ဖွဲ့ဝင်များလည်း ရှိနေပြီး ထပ်မံကျူးလွန်ပါက အကျဉ်းနည်းနှင့် ရဲတရားရုံးများတွင် စစ်ဆေးပြီး ပြစ်ဒဏ်များ ချမှတ်သွားမည်ကြောင်း ထုတ်ပြန်ဖြေကြား ချက်တွင် ပါဝင်သည်။ အကျဉ်းနည်းဖြင့် စစ်ဆေးနိုင်သော ပြစ်ဒဏ်များမှာ ရဲအချုပ်တွင် ထောင်ဒဏ်သုံးလ၊ ၀န်ထမ်းမှ ထုတ်ပယ်ခြင်း၊ ရာထူးမှရပ်စဲခြင်း၊ ရာထူးအဆင့်လျော့ချခြင်း၊ လစာနှုန်းအတွင်း လစာလျော့ချခြင်း၊ ရာထူးတိုးမြှင့်ခြင်းကို ရပ်ဆိုင်းခြင်း၊ နှစ်တိုး လစာရပ်ဆိုင်းခြင်းနှင့် လစာပေးလျော်စေခြင်းတို့ ဖြစ်သည်။
ထို့ပြင် ရဲတရားရုံးတွင် စစ်ဆေးပြီး ချမှတ်နိုင်သော ပြစ်ဒဏ်များမှာ သုံးနှစ်ထက်မပိုသော ပြစ်ဒဏ်များ၊ ၀န်ထမ်းအဖြစ် ထုတ်ပယ်ဒဏ်၊ ရာထူးအဆင့်လျော့ဒဏ်၊ အငြိမ်းစားလစာအတွက် ရဲမှုထမ်း သက်လျော့ဒဏ်နှင့် လစာမှ ပေးလျော်ဒဏ်တို့ ပါဝင်ကြောင်း သိရသည်။ ထိုသို့ ၂၀၁၁ ခုနှစ် ဧပြီလမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်နှင့် ပြည်နယ်နှင့် တိုင်းများရှိတပ်ဖွဲ့၊ တပ်ရင်းနှင့် ကျောင်း များမှ ပြစ်မှုကျူးလွန်၍ ထုတ်ပယ်ခံရသူ ၁၄၄ ဦး၊ သတိပေးခံရသူ ၁၅၉၅ ဦး၊ ရာထူးတစ်ဆင့် လျော့ချခံ ၄၆၅ ဦးတို့ ရှိခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုပ်ငန်းတာဝန်ဆောင်ရွက်ရာတွင် ကျေနပ်မှုမရှိပါက မြန်မာနိုင်ငံ ရဲဌာနချုပ်သို့ တရားဝင် တိုင်ကြားနိုင်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။မြန်မာနိုင်ငံ တစ်ဝန်းလုံး တွင် ရဲတပ်ဖွဲ့ဝင်အင်အား တစ်သိန်းကျော် ရှိသည်ဟု သိရသည်။
Eleven Media Group

No comments:
Post a Comment