ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ ဆန်ရောက်မှု အနည်းငယ် လျော့ကျ သွားသော်လည်းဆန်ဈေးနှုန်းမှာ တည်ငြိမ် နေဆဲ ဖြစ်ကြောင်း ရန်ကုန် ဆန်ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ရန်ကုန် ဆန်ဈေးကွက်တွင် ပြည်ပပို့ တန်းဝင်ဆန်ဖြစ်သည့် ဧည့်မထ နှင့်ငစိန် အုပ်စုဝင်ဆန်များ လက်လီဈေးကွက်တွင် ဈေးနှုန်းအနည်းငယ် ပြောင်းလဲခဲ့သော်လည်း အဓိက ဖြန့်ချိ ပေးနေသည့် ဆန်လက္ကား ဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်မှု ရှိနေကြောင်းဆန်ကုန်သည် ကြီးများ၏ ပြောကြားချက်အရ သိရသည်။
" မကြာခင်မှာ နွေစပါး ပေါ်တော့မှာ ဖြစ်တဲ့အတွက် ဆန်ဈေးက မြင့်ဖို့မရှိတော့ပါဘူး ၊ တည်ငြိမ် သွားမှာပဲ ဖြစ်ပါတယ် ၊ အခုဧရာဝတီ တိုင်းဒေသကြီးဘက်မှာဆိုရင် နွေစပါး မပေါ်မီက တင်းတစ်ရာကို ကျပ် လေးသိန်းလောက် ပေါက်နေရာက အခု နွေစပါး ပေါ်တာနဲ့ ကျပ်သုံးသိန်း လောက် ရောက်သွား ပါတယ် ၊ ထုံးစံအတိုင်း နွေစပါး ပေါ်ခါနီးမှာ ဈေးတက်ရိပ် ရှိပေမယ့် နွေစပါး ပေါ်လာပြီ ဆိုရင် ဈေးက ငြိမ်သွားတာပါပဲ .... " ဟု ဘုရင့်နောင် ဆန်ကုန်စည် ဒိုင်မှ ၀ါရင့် ဆန်ကုန်သည်ကြီး ဦးအေးနိုင် က ပြော သည်။
ပေါ်ဆန်းနှင့် ပေါ်ကျွဲကဲ့သို့သော ဆန်များမှာမူ ပြည်ပပို့ခြင်း မရှိသော်လည်း ပြည်တွင်းစားသုံးမှု များပြားသည့် ဆန်အမျိုးအစား ဖြစ်ပြီး လက်ရှိတွင်ဈေးနှုန်းမှာအတက်အကျမရှိဘဲ တည်ငြိမ် နေသည်ဟုလည်းသိရသည်။ ရန်ကုန်ဆန်ဈေးကွက်သို့ ဧရာဝတီတိုင်းဒေသကြီးမှ နေ့စဉ်ဆန်ဝင်ရောက် မှုမှာ ဆန်အိတ်ရေ လေးသောင်းကျော်အထိ ရှိနေပြီး ၊ အဓိကအားဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘိုကလေး ၊ ကျိုက်လတ် ၊ ဖျာပုံ ၊ ဒေးဒရဲ ၊ မော်ကျွန်း ၊ ၀ါးခယ်မ ၊ မြောင်းမြ ၊ လပွတ္တာ မြို့များမှ ဖြစ်ကြောင်း သိရှိရသည်။
Pyi Chit Tar
No comments:
Post a Comment