Wednesday, August 1, 2012

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တစ်ရက်တည်းသေနတ်ပစ်မှုနှစ်ကြိမ်ဖြစ်ပွားကာမြန်မာအလုပ်သမားသုံးဦး သေဆုံး


ထိုင်းနိုင်ငံတောင်ပိုင်းတွင် ဇူလိုင် ၂၅ ရက် တစ်ရက်တည်း နေရာနှစ်ခု၌ မြန်မာအလုပ်သမားများကို သေနတ်ဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းအလုပ်သမားများအား အကူအညီပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(GHRE)  အမှုဆောင်ဒါရိုက်တာဦးထူးချစ်ထံမှသိရသည်။        

ထိုင်းနိုင်ငံတောင်ပိုင်း ရာနွတ်မြို့နယ် ဆွတ်ခလခရိုင်တွင် ရှိသော မြန်မာအလုပ်သမားများ အလုပ်လုပ်နေရာ CPF ပုစွန်စက် ရုံတွင် ဇူလိုင်လ၂၅ရက် နံနက် ၃နာရီက အမည်မသိလူနှစ်ဦး သေနတ်ဖြင့် ၀င်ရောက်ပစ်ခတ် သွားသဖြင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိ ပြီး အတွင်းလူနာအဖြစ် ဆေးကုခံနေရကြောင်းနှင့် ထိုနေ့ညနေပိုင်းမှာပင် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင် ထိုင်းမွန်မြို့အနီးရာဘာခြံတွင် အမည်မသိလူတစ်ဦးက အသက် ၂၇နှစ်အရွယ် ကိုထူး နိုင်အမည်ရှိမြန်မာအလုပ်သမား တစ်ဦးကို  သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် သေဆုံးသွားခဲ့ကြောင်း ဦးထူးချစ်ကပြောသည်။

CPF    ပုစွန်စက်ရုံတွင် ဖြစ်ပွား ခဲ့သော သေနတ်ဖြင့် ၀င်ရောက် ပစ်ခတ်မှုကြောင့် အသက် ၂၆နှစ် အရွယ် မြန်မာအလုပ်သမ မစံပယ်
ဖြူနှင့် ကိုအောင်အောင်တို့  သေဆုံးသွားပြီး မကွေးမြို့မှ လာရောက် အလုပ်လုပ်နေသော ကိုခင်မောင်ထွန်းဆိုသူမှာ နောက်ကျောတွင်
သေနတ်ဒဏ်ရာနှစ်ချက်၊   ပေါင်တွင် တစ်ချက်ထိမှန်ကာ အတွင်းလူနာအဖြစ်ဆေးကုသမှုခံနေရသည်။

ရာဘာခြံတွင် ဖြစ်ခဲ့သော ဖြစ်စဉ်၌ ကိုထူးနိုင်မှာ သေနတ် ဒဏ်ရာခြောက်ချက်ဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သေနတ်ဖြင့် ပစ်ခတ်သွားသူကိုစုံစမ်းရှာဖွေ နေဆဲဖြစ်ကြောင်း   GHRE မှသိရသည်။“သူတို့(မြန်မာရွှေ့ပြောင်းအလုပ်သမား
များ)  တော်တော်  ကြောက်နေကြ တယ်။ ပြန်ဖို့ပဲပြောနေကြတယ်”ဟု ဦးထူးချစ်ကပြောသည်။

“အခုလိုအဖြစ်မျိုး ထိုင်းနိုင် ငံမှာဖြစ်ခဲ့တာ ကြိမ်ဖန်များစွာရှိပါ ပြီ။ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ အခုကိစ္စမှာ မြန်မာသံရုံးနဲ့ ပထမဦး ဆုံး
 ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။ သံရုံးအကူအညီမပါရင် ဒီလိုကိစ္စမျိုး ဖြေရှင်းဖို့ တော်တော်ခက်ပါတယ်”ဟု ဦးထူးချစ်က ပြောသည်။  

ယခုအခါ မြန်မာသံရုံး၏ အကူအညီဖြင့် စက်ရုံများအတွင်း ၀င်ရောက်ကူညီပေးနိုင်ခဲ့ပြီး သေနတ်ပစ်မှုဖြစ်ပွားခဲ့သော စက်ရုံ၊
 ရာဘာခြံပိုင်ရှင်များက ဥပဒေအတိုင်း ဆောင်ရွက်ပေးသွားမည်ဟု ပြောကြားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဇူလိုင် ၂၅ ရက် တစ်ရက် တည်း ထိုင်းနိုင်ငံတောင်ပိုင်း နှစ် နေရာတွင် ဖြစ်ပွားခဲ့သောအဖြစ်များ၏ တရားခံများကို သက်ဆိုင်ရာ ထိုင်းရဲတပ်ဖွဲ့ကရှာဖွေစုံစမ်း ဆဲဖြစ်ကြောင်းသတင်းရရှိသည်။ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင် လျက်ရှိသော ရွှေ့ပြောင်းအလုပ်သမားအရေအတွက်နှစ်သန်းခန့် ရှိပြီး ထိုင်းနိုင်ငံတောင်ပိုင်းတွင် မြန်မာအလုပ်သမားများသည်  ရေလုပ်ငန်းများ၊ အအေးခန်းစက်ရုံ
များ၊ ရာဘာခြံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၌ အများဆုံး အလုပ်လုပ်ကိုင်လျက်ရှိကြသည်။

No comments:

Post a Comment