Wednesday, August 29, 2012

ဘယ်အတိုင်းအတာအထိ စွပ်စွဲ ပြစ်တင်ကြမည်လဲ

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အာဏာအရပ်ရပ်ကို အစိုးရသစ်သို့ လွှဲပြောင်းပေးအပ်ပြီး မိမိတို့ အဖွဲ့ကို ဖျက်သိမ်း လိုက်ကြောင်း ကြေညာခြင်းနှင့်အတူ မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် အာဏာပိုင်စနစ် ချုပ်ငြိမ်း၍ အာဏာပြိုင်စနစ် စတင်ခဲ့သည်။

          အာဏာပြိုင်စနစ်ဟူသည်ကား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် အညီ ဖွဲ့စည်းသည့် နိုင်ငံတော် ယန္တရားသစ်၌ အာဏာများ ခွဲဝေသော စနစ်တစ်ခု ပါရှိလာခဲ့ခြင်းကို ဆိုလိုသည်။
          အခြေခံဥပဒေပုဒ်မ ၁၁ (က) တွင် “နိုင်ငံတော် အချုပ်အခြာ အာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်း ခြင်းတို့ ပြုသည်” ဟု ဖော်ပြထားသည်။
          အာဏာကို တစ်ဦး တစ်ဖွဲ့တည်း လက်ဝယ်မထားဘဲ ကဏ္ဍအသီးသီးသို့ ခွဲခြား ထားရှိခြင်း (separation of power) နှင့် အာဏာ ကဏ္ဍအချင်းချင်း တစ်ဦး လွဲမှား လွန်ကျွံလျှင် တစ်ဦးက ထိန်းကွပ်ခြင်း (checks and balances)စနစ်သည် ဒီမိုကရေစီ၏ အရေးကြီးသော လက္ခဏာရပ် တစ်ခုဖြစ်ရာ သည်စနစ် ပါရှိလာခြင်းသည် အုပ်စိုးခံ ပြည်သူတို့ အတွက် နှစ်သက်စရာ ဖြစ်သည်။
          သို့သော် ပြဿနာက အာဏာရှိသူ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း အမှုကို မည်သို့ပြုမည်လဲ။
          ဒါက နှစ်ပေါင်း ၅၀ အတွင်း မြန်မာလူထု မမြင်ဖူး မတွေ့ ဖူးသော အခြင်းအရာတစ်ခုဖြစ်သည်။ အာဏာကိုင်တွယ်သုံးစွဲ သူများ ကိုယ်တိုင်လည်း သည်လို အတွေ့အကြုံမျိုး မရှိခဲ့ကြ။
          သို့သော်၊ သည်ကိစ်္စနှင့် စပ်လျဉ်း၍ အတော် စောစောကတည်းက ကျကျနန တွက်ဆ ထားမှုများ ရှိခဲ့သည်ဟုတော့ ဆိုနိုင်သည်။
          လွှတ်တော်ယန္တရားများ စတင် အရှိန်ယူကြသည့် ပြီးခဲ့သည့်နှစ် သြဂုတ်လ ပထမအကြိမ် လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးများ ကျင်းပစဉ်က လွှတ်တော် အကြီးအကဲများ နှုတ်ခွန်းဆက် မိန့်ခွန်းအသီးသီး ပြောကြားရာတွင် “ထိန်းကျောင်းမှုစနစ်” အကြောင်း လမ်းဩန်ထားတာတွေ ရှိခဲ့သည်။
          ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက၊ သမ္မတက အုပ်ချုပ်ရေးအာဏာ ကျင့်သုံးပြီး လွှတ်တော်က ဥပဒေပြုအာဏာ ရယူ ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ အနေအထားကို ထောက်ပြကာ လွှတ်တော်က စည်းလုံး ညီညွတ်စွာ ဆောင်ရွက်ကြဖို့ လိုကြောင်း အစချီပြီး၊
          လွှတ်တော်က ပြဋ္ဌာန်းပေးလိုက်သော ဥပဒေများကို ထပ်ဆင့် ထုတ်ပြန်ခွင့် အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း အသီးသီး၏ ထုတ်ပြန်သော ဥပဒေများဖြစ်သည့် နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်း၊ လက်စွဲများသည် မူလ လွှတ်တော်က ပြဋ္ဌာန်းခဲ့သော ဥပဒေများနှင့် ညီညွတ်မှု ရှိ မရှိကို ဆန်းစစ်နေရမည် ဖြစ် သကဲ့သို့ နိုင်ငံတော် အတွင်းရှိ အဖွဲ့အစည်းများနှင့် နိုင်ငံသား အားလုံးက လိုက်နာ ကျင့်သုံးရေးနှင့် အပြန်အလှန် ထိန်းညှိ ကူညီ ဆောင်ရွက်ရေး အတွက် ပါဝင်ပေးရမည် ဖြစ်ကြောင်း။
          စသဖြင့် ပြောဆိုခဲ့ရာ အုပ်ချုပ်ရေးပိုင်း ပုဂ်္ဂိုလ်တို့ အာဏာ သုံးစွဲရာ၌ လွဲချော် လွန်ကျွံမှု မရှိရအောင် ထိန်းကျောင်းကြရန် တိုက်တွန်းထားခြင်း ဖြစ်သည်။
          အလားတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကလည်း၊          လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့်၊  အဓိက တာဝန်မှာ ဥပဒေပြုရေးပင် ဖြစ်ကြောင်း၊         ထို့ပြင် ပြည်သူတို့၏ အကျိုးစီးပွား ကို ဖော်ဆောင်ရန်အတွက် လွှတ်တော်တွင် မေးခွန်းများ မေးမြန်းခြင်းနှင့် အဆိုများ တင်သွင်းခြင်းတို့ကိုလည်း ဆောင်ရွက်ခွင့်ရှိကြောင်း၊
          (သို့သော်) အုပ်ချုပ်ရေးကဏ္ဍနှင့် တရားစီရင်ရေးကဏ္ဍများအား ထိန်းညှိမည်ဆိုလျှင် ဥပဒေပြုခြင်း၊ မေးခွန်းမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း နည်းလမ်းများဖြင့်သာ ထိန်းညှိခွင့် ရှိကြောင်း၊
          ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်  ကြံ့ခိုင်ရေးတို့အတွက် လွှတ်တော်၌ မေးခွန်းထုတ်သည့်အခါ ပုဂ်္ဂိုလ်ရေး တိုက်ခိုက်မှု မပါဘဲ မေးမြန်းနိုင်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။
          လွှတ်တော်များက ထိုသို့ ပြောဆိုစဉ် အုပ်ချုပ်ရေးအာဏာ၏ အကြီးအကဲဖြစ်သော သမ္မတကလည်း၊ ပြည်သူ့အစိုးရဖြစ်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထု အကျိုးစီးပွားကို ဦးထိပ် ထားရပါ့မယ်။ ပြည်သူ လူထု စိတ်ကျေနပ်မှု၊ ပြည်သူလူထု စိတ်ချမ်းသာမှုကို ထမ်းဆောင်ကြ တဲ့၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့ ယုံကြည်ကိုးစားအားထားမှုကို ခံယူထိုက်တဲ့ ပြည်သူ့ဝန်ထမ်းေ ကာင်းများ ဖြစ်လာအောင် ပညာပေးခြင်း၊ သတိပေးခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်ေ နပြီ ဖြစ်ပါတယ်။ ခေတ်ပြောင်းနေပြီဖြစ်တဲ့အတွက် စနစ်ကိုပါ ပြောင်းလဲနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြ ရာမှာ လုပ်နည်းလုပ်ဟန်တွေ၊ ကြိုးနီစနစ်တွေ ဆက်လက် စွဲကိုင် ထားသူတွေ၊ တာဝန်သိမှု၊ တာဝန်ယူမှု ကင်းမဲ့ပြီး အဂတိလိုက်စားမှုများကိုလည်း ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
          စသဖြင့် မိမိဘက်က ဆောင်ရွက်ချက်ကို လွှတ်တော်သို့ အသိပေး ပြောကြားတာ တွေ့ရသည်။
          အုပ်ချုပ်ရေးအာဏာပိုင်နှင့် ဥပဒေပြုအာဏာပိုင်တို့၏ အဆိုပါ သဘောထားများသည် လည်း ပြည်သူတို့အတွက် နှစ်သက်ဖွယ် ဖြစ်ခဲ့ပါသည်။
          သို့သော် ပြီးခဲ့သည့် တစ်နှစ်တာကာလကို ကျော်လွှား၍ သည်ကနေ့ အနေအထားကို ကြည့်သည့် အခါ  ဥပဒေပြု မဏ္ဍိုင်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့ အပြန်အလှန် ထိန်းကျောင်းသော အပြုအမူများ က အားပြိုင်သော အသွင်သ္ဌာန်သာမက ထိပ်တိုက် ရင်ဆိုင်သော အသွင်သဏ္ဌာန်မျိုး အထိ ဆောင်လာေ နတာ တွေ့ရသည်။
          လောလောဆယ် လူအများ ကြားသိနေရသည့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကိစ်္စ။ လွှတ်တော်များက ဖွဲ့စည်းလိုက်သည့် ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များ သည် ပြည်ထောင် စုအဆင့် ဟုတ် မဟုတ် ခုံရုံးက အဆုံးအဖြတ် ပေးရသည့် ကိစ္စ။
          ဆုံးဖြတ်ရန် သမ္မတက စေခိုင်းသည်။
          ခုံရုံးက မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။
          လွှတ်တော်က ထိုအဆုံးအဖြတ်ကို လက်မခံ။
     သည်အတွက် သမ္မတနှင့် လွှတ်တော် အကြီးအကဲများ ဆွေးနွေး ညှိနှိုင်းကြသည်။ သို့သော် ပြေလည်မှု မရကြ။
          ယခုတော့ လွှတ်တော်တို့က ခုံရုံးကို စွပ်စွဲပြစ်တင်ဖို့ ပြင်ဆင်လာကြပြီ။
         ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ ၌ ခုံရုံး၏ အဆုံးအဖြတ်သည် အပြီးအပြတ် အတည်ဖြစ်ကြောင်း ဆိုထားရာ ထိုအဆုံးအဖြတ်ကို လက်မခံလိုသော လွှတ်တော်က စွပ်စွဲ ပြစ်တင်သည့် နည်းလမ်းကို ရွေးချယ် လာခြင်း ဖြစ်သည်။
          ပုဒ်မ ၃၃၄ (က) တွင် ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့အား စွပ်စွဲပြစ်တင်နိုင်သည့် အကြောင်း ၅ ရပ် ဖော်ပြထားသည်။ အဲသည်အထဲက အဆီလျော်ဆုံး အကြောင်းရပ်(များ)ကို ရွေးချယ်၍ ပုဒ်မ ၃၀၂ ပါ နည်းစဉ်များအတိုင်း စွပ်စွဲပြစ်တင်မှုကို ဆောင်ရွက်နိုင်သည်။
          အကယ်၍ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းဦးရေ၏ သုံးပုံနှစ်ပုံက စွပ်စွဲပြစ်တင်မှုသည် မှန်ကန်ကြောင်း၊ စွပ်စွဲခံရသူ(တို့)သည် လက်ရှိရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်လျှင် ပြည်ထောင်စုလွှတ်တော် နာယကသည် ထိုဆုံးဖြတ် ချက်ကို နိုင်ငံတော် သမ္မတထံ အစီရင်ခံ၍ သမ္မတက စွပ်စွဲခံရသူ(တို့)အား ရာထူးမှ ရပ်စဲပေး ရမည် ဖြစ်သည်။
          သို့သော် မကြာမီက လွှတ်တော်သို့ သမ္မတ ပေးပို့ခဲ့သည့် သ၀ဏ်လွှာပါ သဘောထား အရ အထက်က အနေအထားသည် သမ္မတအတွက် ခက်ခဲစေလိမ့်မည်။ သည်အခက်အခဲကို သူ မည်သို့ ဖြေရှင်းမည် မသိသော်လည်း စွပ်စွဲပြစ်တင်မှုနည်းစဉ်ကို အဆုံးတိုင် စဉ်းစားသော်၊
          ခုံရုံးအား သမ္မတက ရာထူးမှ ရပ်စဲခြင်းမပြုလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ ပါ ပြဋ္ဌာန်းချက်များအရ လွှတ်တော်အနေဖြင့် သမ္မတအား စွပ်စွဲပြစ်တင်ကာ လွှတ်တော် ကိုယ်စားလှယ် အနည်းဆုံး သုံးပုံနှစ်ပုံက စွပ်စွဲချက် မှန်ကန်ကြောင်း၊ ရာထူးတွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင်း ဆုံးဖြတ်တင်ပြလျှင် ပြည်ထောင်စုလွှတ်တော် အကြီး အမှူးသည် တင်ပြချက်ရရှိလျှင် ရရှိချင်း စွပ်စွဲခံရသော နိုင်ငံတော်သမ်္မတအား ရာထူးမှ ရပ်စဲကြောင်း ကြေညာရမည်...ဟူသည်အထိ ဆိုက်ရောက်သွားနိုင်ကြောင်း တွေ့မြင်ရသည်။
          အဲဒါက အပြန်အလှန် ထိန်းကျောင်းခြင်း အဆင့်ကို များစွာ ကျော်လွန်သွားသည့် အဆုံးစွန် ပဋိပက္ခအနေအထား ဖြစ်သည်။
          အဲသည် ပဋိပက္ခမှ ဆက်လက် ဖြစ်ပေါ်လာနိုင်သည့် ရလဒ်များကို စဉ်းစားရ ခက်သည်။
          အများပြည်သူကတော့ တည်ငြိမ်မှု မပျက်ပြားစေချင်။ နိုင်ငံရေးတွင် အဖွဲ့အစည်း ပေါင်းစုံ အယူအဆပေါင်းစုံ တိုးချဲ့ပါဝင်ခွင့် ရှိလာနေသည့် လက်ရှိ အနေအထား ပျက်ယွင်းသွားမှာ စိုးရိမ်သည်။
 ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ကြီး တန့်ရပ်သွားမှာ၊ ကွေ့ပြောင်းသွား မှာ၊ နောက်ဘက် ပြန်ရောက် သွားမှာကိုကား လုံးဝ မလိုလားကြ။
          ထို့ကြောင့် ယခု ပြဿနာသည် “သဘောထား” များပေါ်တွင် အခြေခံသည် ဖြစ်စေ၊ အာဏာခွဲဝေ ထိန်းကျောင်းမှု ယန္တရား၏ ချွတ်ယွင်းချက်ကြောင့် ပေါ်ပေါက်သည်ဖြစ်စေ၊ တစ်နည်းနည်း ညှိနှိုင်း အဖြေရှာခြင်းသာ အကောင်းဆုံး ဖြစ်လိမ့်မည်ဟု လူထုကြားက စဉ်းစားသူတို့ ရှုမြင်ကြသည်။
          သဘောထား ပြဿနာဆိုလျှင် ဒီမိုကရေစီအရေး နိုင်ငံ့အရေးကို အဓိက အာရုံထားကာ သဘောထားများကို ချိန်ဆပြောင်းလဲကြပြီး၊ ယ်္တရား၏ ချွတ်ယွင်းချက်ဆိုလျှင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာ ဥပဒေ စသည်တို့တွင် ပါရှိသည့် အာဏာ ယန္တရား တည်ဆောက်ပုံ၊ လှုပ်ရှားလည်ပတ်ပုံတို့ကို ပြန်လှန် သုံးသပ် စစ်ကြောဝေဖန်၍ လိုအပ်သလို ပြောင်း လဲ ပြင်ဆင် သင့်ကြောင်း အကြံပြု တင်ပြလိုပါသည်။

No comments:

Post a Comment