Wednesday, August 29, 2012

ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်း



ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေးကြားနာဖို့ အတွက် ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။


အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ဒီကော်မတီကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်မှာဖြစ်ပါတယ်။

အခြေခံဥပဒေ ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို စွပ်စွဲ ပြစ်တင်တဲ့ အဆိုကို မနေ့က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၁၆၃ ဦးရဲ့ ထောက်ခံမဲနဲ့ အတည်ပြုခဲ့ပါတယ်။

ဒီ အဆိုကို ဆက်လက် ဆောင်ရွက်ပေးဖို့ အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ဒီကနေ့ ပေးပို့လိုက် အပြီးမှာ သူရဦးရွှေမန်းက စုံစမ်းစစ်ဆေးရေး ကော်မတီ ဖွဲ့စည်းလိုက်တာပါ။

ကော်မတီရဲ့ စုံစမ်းစစ်ဆေးမှုအပေါ် စွပ်စွဲခံရသူ ကိုယ်တိုင်၊ ဒါမှမဟုတ် ကိုယ်စားလှယ်က လာရောက် ရှင်းလင်းရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပြည်ထောင်စုလွှတ်တော်မှာ ၃ ပုံ ၂ ပုံ ထောက်ခံမဲ ရရှိမယ်ဆိုရင် စွပ်စွဲခံရသူတွေဟာ ရာထူးက နှုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

အခု ဖွဲ့စည်းလိုက်တဲ့ စုံစမ်း စစ်ဆေးရေး ကော်မတီမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန် နဲ့ ဦးဝင်းမြင့်တို့လည်း ပါဝင်ပါတယ်။

No comments:

Post a Comment