Monday, August 6, 2012

ရှစ်လေးလုံးလူထုလှုပ်ရှားမှုနဲ့ လူငယ်တွေရဲ့အခန်းကဏ္ဍ



မြန်မာ့သမိုင်းမှာ ဖျောက်ဖျက်မရနိုင်တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍအပေါ် ဒီကနေ့ခေတ်လူငယ်တွေရဲ့ အမြင် စုစည်းတင်ပြထားပါတယ်။

ဒီမိုကရေစီလွတ်လပ်ခွင့်တွေ အတွက် မြန်မာပြည်သူ တရပ်လုံး လမ်းပေါ်ထွက် ဆန္ဒပြတောင်းဆိုခဲ့တဲ့ ၈၈ လူထုလှုပ်ရှားမှုကြီးဖြစ်ခဲ့တာ လာမယ့် သြဂုတ်လ ၈ ရက်နေ့ဆိုရင် ၂၄နှစ်ပြည့်ပါပြီ။

လက်ရှိမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် စတင်လျှောက်လှမ်းစပြုလာတဲ့ အခြေအနေတွေဟာ ဒီရှစ်လေးလုံးလူထု လှုပ်ရှားမှုကနေ မြစ်ဖျားခံလာတယ်လို့သုံးသပ်ကြပါတယ်။

ရှစ်လေးလုံးလှုပ်ရှားမှုမှာ တနိုင်ငံလုံး အတိုင်းအတာအရ ရဟန်း ရှင်လူကျောင်းသားပြည်သူ စုစုပေါင်း သုံးထောင်နီးပါး အသတ်ခံခဲ့ ရတယ်လို့ နိုင်ငံတကာသတင်းဌာနတွေက ဖေါ်ပြခဲ့ကြပါတယ်။

၁၉၆၀ ခုနှစ်တ၀ိုက်က စစ်အာဏာသိမ်းပြီး မဆလ တပါတီ အာဏာရှင် အဖြစ်အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ၁၉၈၈ခုနှစ် သြဂုတ်လ (၈)ရက်နေ့ ရှစ်လေးလုံးလူထုလှုပ်ရှားမှု မတိုင်ခင် ပါတီဥက္ကဋ္ဌ အဖြစ် ကနေနှတ်ထွက်မယ်လို့ပြောဆိုတဲ့ မိန့်ခွန်းမှာ ဆန္ဒပြသူတွေကို ပစ်ခတ် နှိမ်နင်းမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လူပေါင်းထောင်နဲ့ချီ အသက်သွေးတွေပေးဆပ်ခဲ့တဲ့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေရဲ့အခန်းကဏ္ဍကို ဒီနေ့ခေတ်လူငယ်တွေရဲ့အမြင်တွေဘယ်လိုရှိမလဲ။ နာမည်ကျော်လူငယ် MTV ဒါရိုက်တာရဲမြင့်သူကတော့ ရှစ်လေးလုံးလူထုလှုပ်ရှားမှုဟာ ဦးနေ၀င်း ဦးဆောင်တဲ့ တပါတီ အာဏာရှင်စနစ်ကို တိုက်ဖျက်ခဲ့တဲ့ သမိုင်းဝင် အရေးတော်ပုံကြီးဖြစ်တယ်လို့ပြောပါတယ်။

၁၉၉၁ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ထားဝယ် နည်းပညာတက္ကသိုလ် လျှပ်စစ် အင်ဂျင်နီယာနောက်ဆုံးနှစ်ကျောင်းသူလည်းဖြစ် ကျောင်းသားသမဂ္ဂအရေးလှုပ်ရှားနေတဲ့ မနေသက်သက်နွေးကတော့ ရှစ်လေးလုံး လူထုလှုပ်ရှားမှု ကိုသိခဲ့တာဟာ သူ့ဖခင် ၈၈မျိုးဆက်ကျောင်းသားကြောင့်လည်း ပါတယ် လို့ဆိုပါတယ်။

ရှစ်လေးလုံးနဲ့အတူမွေးဖွားခဲ့တဲ့ မြင်းခြံခရိုင်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုမိုးစက်လည်း ဒီမိုကရေစီစနစ်ရှင်သန်ရေး ရှစ်လေးလုံးလူထုလှုပ်ရှားမှု ကာလ ကျောင်းသားလူငယ်တွေတာဝန်ကျေခဲ့သလို ဒီနေ့ခေတ်လူငယ်တွေ အနေ နဲ့လည်း တာဝန်ကျေပွန်ဖို့ကြိုးစားနေကြတယ်လို့လည်း ဆိုပါတယ်။

No comments:

Post a Comment