ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vimpelcom Ltd က
မြန်မာဈေးကွက်အတွင်းသို့ ဝင်ရောက် ရန် ဖြစ်နိုင်ခြေကို သုံးသပ်မှုများ ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံ သတင်း ဌာန Russia Briefing မှ ဖော်ပြခဲ့သည်။ ၄င်းတို့က မြန်မာ့ဆက်သွယ်ရေးမှ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲ ချိန်တွင် ရှယ်ယာအချို့ကို ဝယ်ယူကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် စီစဉ်နေခြင်း ဖြစ်သည်ဟု သိရ သည်။မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော် ဘတ်ဂျက်မှီခို အသုံးပြုခြင်း မရှိတော့သည့် ကော်ပိုရေးရှင်း အဖွဲ့အစည်းအဖြစ် ၂ဝ၁၃ ခုနှစ်မှ ပြောင်းလဲဆောင်ရွက်ပြီး ဆက်သွယ်ရေး ကော်ပိုရေးရှင်း၏ ကိုယ်ပိုင် ရန်ပုံငွေများ၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေနှင့် အထောက်အပံ့များ၊ နည်းပညာများ ရယူလျက် လုပ်ငန်းဆောင်ရွက်မည်ဟု လွှတ်တော်သို့ တင်သွင်းထားသည့် ဆက်သွယ်ရေး ကဏ္ဍ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ရည်မှန်းချက်များတွင် ပါရှိသည်။
မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ခန့်ရှိနေပြီး မိုဘိုင်း တယ်လီဖုန်း သုံးစွဲနိုင်သူ ဦးရေမှာ ၅ သန်းခန့်သာ ရှိနေသေးကြောင်း MPT မှ ရရှိသော အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံအတွင်း မိုဘိုင်း တယ်လီဖုန်း သိပ်သည်းဆမှာ အလွန်နည်းပါးနေသေးပြီး ဈေးကွက်အနေအထား အလွန်ကောင်းမွန် မှုကြောင့် ပြည်ပဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှု များ မြင့်တက်လာနေကြောင်း သိရသည်။
Vimpelcom ကုမ္ပဏီသည် အာရှပစိဖိတ် ဒေသအတွင်း ကမ္ဘောဒီးယား၊ လာအို အပါအဝင် အခြား နိုင်ငံ အချို့တွင် ဝန်ဆောင်မှုများပေးလျှက်ရှိပြီး ယခုမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန် စိတ်ဝင် စားနေခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပြီးစီးပါက ဆက် သွယ်ရေး ကဏ္ဍအတွက် ပြည်ပရင်းနှီး မြှုပ်နှံမှုများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
From : Eleven Media Group
No comments:
Post a Comment