''ပွဲတော်က မြန်မာနိုင်ငံမှာ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တော့ တဲကျောင်း၊ ဆိုင်ခန်းနှင့် အခြား လုပ်ငန်း လုပ်ကိုင်မှုတွေအတွက် လေလံချထားပေးမှုနဲ့ ပတ်သက်လို့ နှစ်စဉ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုနှစ်က ၀ါထပ်တဲ့ နှစ်ဖြစ်ခဲ့တဲ့အတွက် ပွဲတော်ရက်က ပုံမှန်နှစ်တွေထက် နည်းလို့ ဈေးသည်အချို့က အရှုံးပေါ်မှာ စိုးရိမ်နေကြပါတယ်။ ပွဲတော်ရဲ့ အထင်ကရနေရာ အားလုံးနီးပါးကို ကန်ထရိုက် ချပေး ထားတာဆိုတော့ ဘုရားဖူးတွေအတွက်လည်း ကုန်ကျစရိတ် ပိုစေတာတွေ ရှိပါတယ်''ဟု ရွှေစက်တော် ပွဲတော်တွင် နှစ်စဉ်လာရောက်လေ့ရှိသော ဈေးသည်တစ်ဦးကပြောကြားခဲ့သည်။
ရွှေစက်တော် ပွဲတော်ဝန်းအတွင်း အထက်စက်တော်ရာသို့ တက်ရောက်ရာ ကားလမ်းမှ အောက် စက်တော်ရာ အနီးသို့ ချိတ်ဆက်မည့်မန်းချောင်းတံတား တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍လည်း ဒေသခံများမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။
''အမှန်တကယ် ဒေသဖွံ့ဖြိုးဖို့ဆိုရင် ပဒါန်း၊ ငဖဲ လမ်းဘက်က မန်းချောင်းကို ကူးတဲ့နေရာမှာ တံတား ကို ဆောက်သင့် ပါတယ်။ အခုတံတားဆောက်မယ့်နေရာက ပွဲတော်ဝန်း အလယ်တည့်တည့် ဖြစ်နေတဲ့အတွက် ပွဲတော်ဝန်းအလှကိုလည်း ပျက်စေပါတယ်။ မိုးတွင်း မှာ အောက်စက်တော်ရာဘက် ကူးနိုင်အောင်ဆိုပေမယ့် ဒေသခံတွေအတွက် အမှန်တစ်ကယ် အသုံးဝင်တာက လှေတင်တံတားနေရာမှာ တည်ဆောက်မှ အသုံးဝင်မှာပါ''ဟု စကုမြို့မှ ဦးနေမျိုးကျော် က ပြောကြားခဲ့သည်။
ယခုနှစ်တွင် ပဒါန်း-ရွှေစက်တော်လမ်းဆုံအနီး GSM တာဝါတိုင် တည်ဆောက်ပြီးခဲ့သောကြောင့် ရွှေ စက်တော်ပွဲတော်ဝန်းအတွင်း GSM တယ်လီဖုန်းများ ပြောဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါလမ်းဆုံမှ ပုသိမ်-မုံရွာကားလမ်းသို့ ဆက်သွယ်သည့် သုံးမိုင်လမ်းကို ပြုပြင်ပြီးစီးခဲ့သော်လည်း ထိုလမ်းအတွက် လမ်း အသုံးပြုခ ကောက်ခံမှုမှာ များလွန်းသည်ဟု ဝေဖန်မှုများရှိခဲ့ကြောင်း ပွဲတော်အ၀င် လှေတင် တံတား ဖြတ်သန်းခကို ယခုနှစ်တွင် ရွှေစက်တော်ပွဲတော် ဂေါပကအဖွဲ့မှ တိုက်ရိုက် ကောက်ခံ မည်ဖြစ်သော် လည်း ပွဲတော်ဝန်းအတွင်းသို့ ဆိုင်ကယ်ဝင်ရောက်ခမှာ ယခင်နှစ်က တစ်စီးလျင် ကျပ် ၁၅၀၀ အထိ ကောက်ခံခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရပါသည်။
ဓာတ်ပုံ - မန်းရွှေစက်တော် (minbuthar.wordpress.com)
Eleven Media Group
No comments:
Post a Comment