ကမ္ဘာပတ်နေတဲ့ ဂျာမဏီနိုင်ငံက မော်တော်ယာဉ် ၂၈ စီး ခရီး တထောက် ရပ်နားရာနေရာ ဖြစ်တဲ့ ကရင်ပြည်နယ် ဒေါနတောင်ကျော် လမ်းကိုဖြတ်ပြီး မြန်မာပြည်ထဲကနေ မနေ့က ညနေပိုင်းမှာ ထွက်ခွာ သွားပါပြီ။ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို ကူးသွားကြတာပါ။ ၅၄ ဦးပါ ခရီးသွားအဖွဲ့ဟာ မကြာခင်ကမှ မြန်မာအစိုးရ စတင်ခွင့်ပြုခဲ့တဲ့
နိုင်ငံတကာ ခရီးသွားယာဉ်တန်းတွေကို နယ်စပ်ကနေ ၀င်ရောက် ခွင့်ပြုတဲ့ အစီအစဉ်အရ မြန်မာပြည်ကို ဖြတ်သန်း လည်ပတ်ကြတာပါ။
ဒီယာဉ်တန်း အိန္ဒိယနယ်စပ် တမူး မိုးရေးကနေ အရင်လ ၂၂ ရက်နေ့က ၀င်ရောက်လာတာဖြစ်ပြီး ပုဂံ၊ အင်းလေး၊ မန္တလေး၊ ကလော အပါအ၀င် အထင်ကရနေရာဒေသတွေကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဟာသဘာဝတောတောင်ရေမြေတွေအပြင် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့နေရာဒေသတွေ အများကြီးရှိတဲ့တိုင်းပြည်ဖြစ်တယ်လို့ ဒီခရီးသွားတွေက မြန်မာလ၀ကအရာရှိတွေကို မှတ်ချက်ပေးကြောင်း
မြ၀တီက လ၀က ၀န်ထမ်းတဦးက ဆိုပါတယ်။
ဂျာမနီအခြေစိုက် the seas Bridge Motor Home Co..Ltd က ပထမဆုံးစီစဉ်တဲ့ခရီးစဉ်ဖြစ်ပြီး ၂၀၁၂ အောက်တိုဘာမှာ ခရီး စတင်ခဲ့တာပါ။
ဒီခရီးစဉ်မှာ ဂျာမနီ၊ ဆွစ်ဇလန်၊ သြစတြီးယား၊ အီတလီ၊ နယ်သာလန်၊ ဗြိတိန်၊ အီရန်နိုင်ငံသားတွေ ပါဝင်ပါတယ်။
ခရီးသည်ထဲက ၉၀ ရာခိုင်နှုန်းဟာ ဂျာမန်တွေဖြစ်ကြပါတယ်။
သူတို့ရဲ့ ရက်ပေါင်း ၇၀၀ ခရီးစဉ်မှာ ထိုင်း၊ လာအို၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ နိုင်ငံတွေကိုလည်း သွားရောက် လည်ပတ်ကြမှာပါ။ မြန်မာနိုင်ငံမရောက်ခင်တော့ တူရကီ၊ အာမန်းနီးယား၊ အီရတ်၊ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နိုင်ငံတွေကို ၀င်ရောက် လည်ပတ်ခဲ့ကြပါတယ်။
နယ်စပ်မြ၀တီကတဆင့် အာရှဒေသ ခရီးသွားအဖွဲ့တွေ မြန်မာနိုင်ငံ အတွင်းကို မော်တော် ယာဉ်တန်းနဲ့ အတူ ခရီးသွားလည်ပတ်မှုခရီးစဉ် ၃ ခု နှစ်ကုန်ပိုင်းမှာ တွေ့ခဲ့ရပါတယ်။
ဥရောပနိုင်ငံမှခရီးသွားယာဉ်တန်း မြန်မာနိုင်ငံအတွင်း လာရောက် လည်ပတ်ခြင်းက ဒါဟာ ပထမဆုံး အကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
ပြည်တော်မြင့်
ဧရာဝတီ
No comments:
Post a Comment