Tuesday, July 31, 2012

နိုင်ကျဉ်း (၂)ဦးအပါအ၀င် ရခိုင်ပြည်နယ်ကအကျဉ်း သား ၂၀၀ ကို အင်းစိန်ထောင်သို့ ပြောင်း

နော်နိုရင်းDVB ၃၁ ဇူလိုင် ၂၀၁၂
ရခိုင်ပြည်နယ်  အကျဉ်းထောင်အသီးသီးက  အကျဉ်းသား ၂၀၀ေ လာက်ကို ရန်ကုန်  အင်းစိန်ထောင်ကို  ပြောင်းရွှေ့လိုက်ပြီး  အဲဒီထဲက နိုင်ငံရေးအကျဉ်းသား ၂ ဦး ပါဝင်တယ်လို့ ထောင်အာဏာပိုင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
အဲဒီအကျဉ်းသားတွေဟာ ရခိုင်ပြည်နယ် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ သံတွဲ အစရှိတဲ့ ထောင်တွေဆီက လွန်ခဲ့တဲ့ ၄ ရက်လောက်က ပြောင်းလာတာဖြစ်ပြီး ဒီနေ့မှပဲ ရန်ကုန်မြို့ကို ကြယ်ငါးပွင့်သင်္ဘောနဲ့ ဆိုက်ရောက်လာတာလို့ ဆိုပါတယ်။
ပြောင်းရွှေ့လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေဖြစ်တဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား ကိုအောင်သူနဲ့ ကိုအေးမင်းဖြိုးတို့လည်း ပါဝင်ပါတယ်။ သူတို့တွေဟာ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်း ဆက်သွယ်မှု၊ ဖောက်ခွဲမှုတို့နဲ့ တရားစွဲဆိုခံရပြီး ၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်ခံထားရသူတွေ ဖြစ်ပါတယ်။
သားဖြစ်သူ ကိုအောင်သူ အင်းစိန်ထောင်ကို ပြောင်းလာတယ်လို့ သတင်းရတဲ့ ဦးကျော်သင်းကတော့ သားကို တွေ့ရဖို့ သင်္ဘောဆိပ်မှာ သွားရောက် စောင့်ဆိုင်းနေခဲ့ပြီး သားပြန်လွတ်လာမယ်လို့ မျှော်လင့်နေတဲ့အကြောင်းလည်း အခုလို ပြောပါတယ်။
“အခုကျနော်တို့ ကြယ်ငါးပွင့်မှာ ကြိုမလို့၊ မထွက်လာသေးဘူး၊ သူ့အရင် ၄၊ ၅၊ ၆ ယောက်ပဲ ထွက်လာသေးတယ်။ သူတို့က နယ်စပ်ကျူးကျော်ရယ်၊ တရားမ၀င်ဆက်သွယ်ရယ်၊ ဖောက်ခွဲရယ်၊ ၃ မှုကို၊ ၁ မှု ၅ နှစ်နဲ့ ၁၅ နှစ်ချတာ။ နှစ်တောင် ကောင်းကောင်းမမှတ်မိဘူး ချခံထားရတာ ၄ နှစ်လောက်တော့ ရှိပြီထင်တယ်။ လွတ်တော့မယ်လို့တော့ ထင်နေသား။ ဒီမိုကရေစီလမ်းစဉ်လျှောက်ရင်တော့ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိသင့်တော့ဘူးလေ။ နိုင်ငံ့အရေးဟာ လူတိုင်းရဲ့တာဝန်ပဲလေ။ ပြည်သူလည်း အစိုးရ၊ အစိုးရလည်း ပြည်သူပဲ။”
အသက် ၂၆ နှစ်အရွယ် ကိုအောင်သူဟာ စစ်တွေထောင်ကနေ ပြောင်းလာတာဖြစ်ပြီး ကိုအေးမင်းဖြိုး ကတော့ ဘူးသီးတောင်ထောင်ကနေ ပြောင်းလာတာလို့ ဆိုပါတယ်။
ကျန်တဲ့ အကျဉ်းသားတွေကတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားတဲ့ အရေးအခင်းကြောင့် ဖမ်းဆီးထားသူတွေဖြစ်နိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုသွားပါတယ်။

No comments:

Post a Comment