Thursday, August 23, 2012

ASEAN 100 Leadership ဖိုရမ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောမည်


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် ASEAN 100 Leadership ဖိုရမ်တွင် မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာလ ၅ ရက်နှင့် ၆ ရက်တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ ကျင်းပမည့် အဆိုပါ ဖိုရမ်တွင် မြန်မာသမ္မတ ဦးသိန်းစိန်က ပထမနေ့တွင် တက်ရောက်ကာ အဖွင့်မိန်ခွန်း ပြောမည်ဖြစ်ပြီး ယင်းနေ့တွင်ပင် ဒေါ်အောင်ဆန်းစုကြည် ကလည်း မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ နောက်တစ်နေ့တွင် တက်ရောက် သူများနှင့် အပြန်အလှန် ဆွေးနွေး မှုများ ပြုလုပ် သွားမည်ဟု သိရသည်။ အဆိုပါ ဖိုရမ်ကို ဦးဆောင်စီစဉ်သည့် Asia Inc ၏ အဆိုအရ မြန်မာနိုင်ငံသည် သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး မူဝါဒနှင့် အိန္ဒိယ၊ တရုတ် နှစ်နိုင်ငံကြား မှ တည်ငြိမ်မှု စွမ်းဆောင်နိုင်ခြင်း များကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက စိတ်ဝင်စားမှု မြင့်တက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။ “သြဂုတ်လလယ်ပိုင်း နေပြည်တော်ကို သွားရောက်တွေ့ဆုံပြီး သဘောတူညီမှု ရယူခဲ့တာပါ” ဟု Asia Inc မှ အကြီးအကဲဖြစ်သူ Dato Paduka Timothy က ပြောကြားသည်။ ၎င်း၏ အဆိုအရ အာဆီယံနိုင်ငံများမှ အကြီးအကဲများလည်း တက်ရောက်ကြမည်ဖြစ်ကြောင်း သိရကာ ကမ္ဘာကြီးနှင့် ပြန်လည်ထိတွေ့မှု ရှိလာသော အာဆီယံနိုင်ငံ တစ်ခုအတွင်း အရေးကြီးအချိန်တွင် ကျင်းပခြင်း ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ဖိုရမ်တွင် ကမ္ဘာပေါ်ရှိ အရှုပ်အထွေးများ၊ အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် အနာဂတ် အလားအလာများ အကြောင်းကို ဆွေးနွေးကြမည်ဖြစ်ကာ အာဆီယံဒေသတွင်းမှ ထင်ပေါ်ကျော်ကြားသော ပုဂ္ဂိုလ်များ တက်ရောက်ကြမည်ဟု သိရသည်။ ၂၀၀၃ ခုနှစ်ကတည်းက ကျင်းပလာခဲ့သော အဆိုပါဖိုရမ်ကို မြန်မာနိုင်ငံ က ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့် ရခြင်းနှင့်အတူ နိုင်ငံတကာ၏ စိတ်ဝင်စားမှု အမြင့်ဆုံးကာလတွင် ယင်းကဲ့သို့ ဖိုရမ်မျိုး အချိန်ကိုက် ပြုလုပ်လာခြင်းကြောင့် မြန်မာနိုင်ငံ အပေါ် နိုင်ငံတကာ စိတ်ဝင်စားမှု ပိုလာစေမည်ဟု သိရကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထား ပါသည်။

No comments:

Post a Comment