Wednesday, August 8, 2012

MFF Digicel Women's Cup 2012 ပြိုင်ပွဲတွင် အားကစားအသင်း ဗိုလ်စွဲ

 
Digicel မှ Title Sponsor အဖြစ်တာဝန်ယူပြီး PEP မှအဓိကစပွန်ဆာအဖြစ် ကူညီပံ့ပိုးပေးသော MFF Digicel Women's Cup 2012 ပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ သြဂုတ်လ(၇) ရက်နေ့ညနေ(၃း၃၀)နာရီက ပဒုမ္မာကွင်းတွင် ကျင်းပခဲ့သည်။ အဆိုပါဗိုလ်လုပွဲစဉ်တွင်အားကစားဝန်ကြီးဌာန အသင်းက ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းကို (၁-၀)ဂိုးဖြင့်အနိုင်ရရှိကာ ပထမဆုံးချန်ပီယံဆုဖလားကို သိမ်းပိုက်နိုင်ခဲ့သည်။ဗိုလ်လုပွဲတွင်လူငယ်ကစားသမားအများစုဖြင့်ဖွဲ့စည်းထားသောအားကစားဝန်ကြီးဌာနအသင်းနှင့် ၀ါရင့်ကစားသမားများဖြစ်သည့် မိုးမိုးဝါ၊မိုင်နီလာထွေး၊ သန်းသန်းထွေး၊ အေးနန္ဒလှိုင် တို့ဦးဆောင်သော ပို့ဆောင်ရေးဝန်ကြီးဌာနအသင်းတို့အကြိတ်အနှယ်ယှဉ်ပြိုင်ကစားခဲ့ကြကာပွဲချိန်မိနစ်(၃၀)တွင် ကျောနံပါတ်(၉) ရီရီဦးသွင်းယူခဲ့သည့်တစ်လုံးတည်းသောအနိုင်ဂိုးဖြင့်အားကစားဝန်ကြီးဌာနအသင်းကအနိုင်ရဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ အားကစားအသင်းတွင်အတွေ့အကြုံရှိလက်ရွေးစင်တိုက်စစ်မှူးခင်မာလာထွန်းကကွင်းလယ်တွင်အသင်းအား အဓိကမောင်းနှင်သွားခဲ့ပြီးပရိသတ်အကြိတ်ခြေစွမ်းပြနိုင်ခဲ့သည်။
ဗိုလ်လုပွဲစဉ်ကိုအားကစားဝန်ကြီးဌာနဒုတိယ၀န်ကြီးဦးအေးမြင့်ကြူနှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ Title စပွန်ဆာ Digicel မှတာဝန်ရှိသူများ၊ အဓိကစပွန်ဆာဖြစ်သည့် PEP မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ ပြိုင်ပွဲအား မူလက ပထမဆု ကျပ်(၁၀)သိန်းနှင့် ဒုတိယဆု ကျပ်(၆)သိန်း၊တတိယဆု ကျပ်(၃)သိန်းချီးမြှင့်ရန် သတ်မှတ်ခဲ့သော်လည်းယနေ့ဆုပေးပွဲတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌက ဆုကြေးများ တိုးမြှင့်ပေးသည့်အနေဖြင့် ပထမဆုကို ကျပ်(၁၅)သိန်း၊ ဒုတိယဆုကို ကျပ်(၁၀)သိန်း၊တတိယဆုကိုကျပ်(၅)သိန်း ပေးအပ်ချီးမြှင့်ခဲ့သည်။

MFF Digicel Women's Cup 2012 ပြိုင်ပွဲ၏ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာတွင် တတိယဆုရရှိသည့် ပြည်ထဲရေးဝန်ကြီးဌာနအမျိုးသမီးအသင်းအား ဆုကြေးငွေ ကျပ်(၅)သိန်းကို MFF အမျိုးသမီးဘောလုံးတာဝန်ခံ ဒေါ်မြတ်မြတ်ဦး၊ဒုတိယဆုတံဆိပ်များကို အဓိကစပွန်ဆာPEP မှ Marketing Director ဦးအောင်ကျော်နိုင်နှင့် ဆုကြေးကျပ်(၁၀)သိန်းကို PEP မှ Managing Director ဦးအောင်မြင့်တို့ကချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ချန်ပီယံဆုရ အားကစားအသင်းအား ဆုတံဆိပ်များကို Digicel မှတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စအီဗန်က ပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဆုကြေးကျပ်(၁၅)သိန်းကို ချီးမြှင့်ကာ အားကစားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအေးမြင့်ကြူက ချန်ပီယံဆုဖလားကို
ဂုဏ်ပြုပေးအပ်ခဲ့သည်။

No comments:

Post a Comment