Wednesday, August 8, 2012

NGOs တွေကို ခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို အမေရိကန်တိုက်တွန်း



ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ကို ထွက်ပြေး ရောက်ရှိလာကြတဲ့ ရိုဟင်ဂျာတွေကို အကူအညီ ပေးနေတဲ့ အစိုးရမဟုတ်တဲ့ NGOs အဖွဲ့အစည်းတွေကို ဆက်လက်ကူညီခွင့်ပြုဖို့ အမေရိကန် အစိုးရက ဘင်္ဂလားဒေ့ရှ်အစိုးရထံ မနေ့က တောင်းဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ပေးနေကြတဲ့ NGOs အဖွဲ့တွေရဲ့ လုပ်ငန်းတွေကို ပိတ်ပင်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ရည်ရွယ်နေတဲ့အပေါ် အမေရိကန် အစိုးရအနေနဲ့ အထူးစိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Patrick Ventrell က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ ရောက်ရှိနေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို အကူအညီပေးနေတဲ့ NGOs အဖွဲ့ ၃ ဖွဲ့ကို သူတို့ပေးနေတဲ့ အကူအညီတွေ ရပ်တန့်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့တယ်လို့ဆိုပါတယ်။

အကူအညီတွေ ဆက်ပေးနေရင် မြန်မာနိုင်ငံက ဘင်္ဂာလီ ရိုဟင်ဂျာတွေကို နယ်စပ်ဖြတ်ကျော်လာအောင် တွန်းအားပေးသလို ဖြစ်နေမယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောဆိုတယ်လို့သိရပါတယ်။

အလားတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ကလည်း ရိုဟင်ဂျာတွေကို ကူညီနေတာတွေ ဆက်လက်လုပ်ဆောင်ခွင့်ပြုဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရကို တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံတဖက်ခြမ်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘဇားက ဒုက္ခသည်စခန်း ၂ ခုမှာ တရားဝင် ရိုဟင်ဂျာ ၃ သောင်းလောက်ရှိတယ်လို့ UNHCR က ပြောပါတယ်။

No comments:

Post a Comment