Wednesday, August 8, 2012

ကိုယ်ပိုင်ကျောင်းများ ယခုလအတွင်း တရားဝင် ဖွင့်ခွင့်ပြုမည်



ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကိုယ်ပိုင်ကျောင်းများ ဖွင့်လှစ်နိုင်ရန် ယခုလအတွင်း အတည်ပြုပေးမည် ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုယ်ပိုင်ကျောင်း တည်ထောင်ဖွင့်လှစ်လိုသူများကို ဇွန်လ ၁၂ ရက် နောက်ဆုံးထား၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများတွင် လျှောက်ထားကြရန် ကြေညာခဲ့ပြီးနောက် ယခုလတွင် ကိုယ်ပိုင်ကျောင်း လျှောက်ထားသူများကို စိစစ်၍ ခွင့်ပြုတော့မည် ဖြစ်သည်။ “ကျောင်းစာရင်းတွေကတော့ ထွက်လာပါပြီ။ ဒါပေမဲ့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ သဘောထားမှတ်ချက်ပဲ ကျန်တော့တယ်။ အဲ့ဒါပြီးရင်တော့ ကိုယ်ပိုင်ကျောင်း ဖွင့်ခွင့်ရတော့မှာပါ။ ဒီလအတွင်းပါပဲ။ တစ်နိုင်ငံလုံးမှာ ၄၆ ကျောင်းလောက် ချထားပေးဖို့ရှိတယ်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့တို့ရှိ ယာယီဖွင့်လှစ်ခွင့် ပေးထားသော ဘော်ဒါကျောင်းများကို ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့် ပြုသွားမည်ဖြစ်ပြီး အခြားဒေသများတွင်လည်း ကိုယ်ပိုင်ကျောင်းများ ရှိလာမည်ဖြစ်ကြောင်း သိရသည်။ “ဝန်ကြီးချုပ်ဆီကတော့ သဘောတူညီချက် ရပြီးပြီ။ ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှာ ကျောင်းမှာ နိုင်ငံရေး ကင်းရှင်းဖို့နဲ့ ဘာသာရေး ဆွေးနွေးမှုတွေ မလုပ်ဖို့ ခံဝန်ထိုးဖို့ပဲ ကျန်တော့တယ်” ဟု ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်ခွင့် လျှောက်ထားသူတစ်ဦးက ပြောသည်။ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်တွင် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ပြည်ထောင်စုလွှတ်တော်မှ ဥပဒေ ပြဋ္ဌာန်းလိုက်သော ကိုယ်ပိုင်ကျောင်း မှတ်ပုံတင် ဥပဒေသည် ရှစ်လကျော် ကြာမြင့်ပြီးနောက် ကိုယ်ပိုင်ကျောင်းများ အသက်ဝင်လာတော့မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment