Thursday, September 20, 2012

ခွင့်ပြုမိန့် မရသော်လည်း ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင် မည်

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ တွင် ပြုလုပ်မည့် မြန်မာ နိုင်ငံ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ကချင် ဒေသတွင် ဖြစ်ပွား လျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းရေး တို့အတွက် စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ရန် ရန်ကုန်မြို့တွင်း ၈မြို့နယ်ရှိ ရဲစခန်းများတွင် လျောက်ထားခဲ့ရာ ခွင့်ပြုမိန့် မရရှိသော်လည်း စီတန်း လမ်းလျောက်ခြင်း လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ စီတန်း လမ်းလျှောက်ပွဲ အတွက် ဆောင် ရွက် နေသူများတွင် ပါဝင်သော ဒေါ်ဇွန်စီက ပြောကြားသည်။
အဆိုပါ လမ်းလျှောက်ပွဲကို ဆူးလေဘုရား အနီးမြို့တော် ခန်းမရှေ့မှ စတင်စုဝေးကာ အထက် ပုဇွန်တောင်လမ်း၊ ဗညားဒလလမ်း၊ အရှေ့ ရွှေဂုံတိုင်လမ်း၊ အနောက် ရွှေဂုံတိုင် လမ်း၊ လင့်လမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ ပြည်လမ်းတို့တွင် ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒပြမည် ဖြစ်ပြီး အင်းလျား ကန်ဘောင်သို့ ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် ရောက်ရှိ စုဝေးမည်ဖြစ်ပြီး၊ လူဦးရေ ၃၀၀ ခန့် ပါဝင်ဖွယ် ရှိကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ် ရုံးရှေ့တွင် စီတန်း လှည့်လည် ဆန္ဒပြမည့် Kachin Peace Network မှာလည်း ခွင့်ပြုမိန့် မရရှိကြောင်း အဆိုပါ အဖွဲ့မှ သတင်း ထုတ်ပြန်သည်။


လူအင်အား များပြား လာနိုင်သည့် အတွက် ယဉ်ကြော ပိတ်ဆို့မှုများ ဖြစ်နိုင်ခြင်း၊မြို့ချင်းဆက် လမ်းကြောင်း ရှည်သည့် အပြင် ၊ လူစည်ကားရာ နေရာများကို ဖြတ်သန်း သွားမည်ဖြစ်သဖြင့် အများပြည်သူ အနှောင့်အယှက် ဖြစ်နိုင်ခြင်း၊ မလိုလား အပ်သော အကြမ်းဖက်မှုများ ဖြစ်နိုင်သောကြောင့် ခွင့်ပြုချက် မပြေးခြင်း ဖြစ်ကြောင်း ရန်ကုန် အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သတင်း ထုတ်ပြန်သည်။
 
From- The Voice Weekly

No comments:

Post a Comment