Thursday, September 13, 2012

HIV ပိုးရှိသူများကိုလည်း နိုင်ငံသား အခွင့်အရေးပေး ရန်လို






HIV ပိုးရှိပြီး ကျန်းမာနေသူများအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ထပ်မံဖော်ဆောင်ပေးရန် လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။ဆေးပုံမှန်သုံးစွဲပြီး CD4 ကောင်ရေ
တက်မလာသည့် HIV ကူးစက်ခံထားရသူများအတွက် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းရှာဖွေပေးရန် လိုအပ်လျှက်ရှိနေ သေးကြောင်း  ကျန်းမာရေးကူညီမှုပေးနေသည့်  လူမှုရေးအဖွဲ့အစည်းများထံက သိရှိရသည်။
 မြန်မာနိုင်ငံရှိ ကုမ္ပဏီများအနက်မှ ကုမ္ပဏီ(၇ဝ)မှာ HIV ပိုးရှိပြီး ကျန်းမာနေသူများကို အလုပ်လုပ် ကိုင်ခွင့်ပေးမည်ဟု စက်တင်ဘာလ ဆန်းပိုင်းက စာချုပ်ချုပ်ဆိုချက်ထားရှိကြောင်းကိုလည်း လူမှု ကူညီရေးအသိုင်းအဝိုင်းက သိရှိရသည်။
 ''ပိုးရှိသူတွေကို အလုပ်လုပ်ပိုင်ခွင့်ပေးဖို့လိုအပ်တယ်။ အလုပ်လုပ်ခွင့်ဆိုတာ နိုင်ငံသားအခွင့် အရေး ပဲ။ ဒါကို နိုင်ငံတော်ကလည်း ချိုးဖောက်လို့ မရဘူး။ ပိုက်ဆံရှိတဲ့ လုပ်ငန်းရှင်တွေက ချိုးဖောက်နေရင်လည်းအစိုးရက ခွင့်မပြုသင့်ဘူး။ ပိုးရှိသူတွေကိုလည်း ခွဲခြားနှိမ့်ချဆက်ဆံ ဖို့ မသင့်ပါဘူး။''ဟု Burnet Institute မှ ဒေါက်တာလှဋ္ဌေးက ပြောသည်။
 ထို့အပြင့် ပိုးကူးစက်ခံရသည့် ကလေးအနေဖြင့် ကျောင်းတက်လို့မရသည့် ကိစ္စများမှာလည်း မရှိသင့်တော့ကြောင်း ဆေးရုံများတွင်လည်း ပိုးရှိသူများအား ခွဲစိတ်မှုပြုလုပ်လျှင် ဆေးရုံစရိတ်ကို နှစ်ဆတောင်းသည့် ဖြစ်ရပ်များလည်း အလားတူ မရှိသင့်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 ''ပိုးရှိလို့ ဆေးရုံဝန်ဆောင်ခ နှစ်ဆပေးရတယ်ဆိုတာ မဖြစ်သင့်ဘူး။ ပိုးရှိလို့ဆိုပြီး သာရေးနာရေး ကိစ္စတွေမှာလည်း ကန့်သတ်လိုက် တာတွေကလည်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေပါပဲ။''ဟု ထပ်ပြောသည်။
 HIV ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် သတင်းအချက်အလက်များရရှိရန် လိုအပ်ကြောင်း၊ ကာကွယ်ရေးနှင့်ကုသရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အဖွဲ့အစည်းများကိုလည်း စွမ်းဆောင် ရည်မြှင့်တင်ပေးရန်နှင့် ပညာပေးလုပ်ငန်းများပြုလုပ်ပေးရန် လိုအပ်ကြောင်းသိရှိရပြီး သို့မှာသာ ပိုးကူးစက်ခံရနှုန်းလျှော့ကျလာမည်ဖြစ်ကြောင်း သိရှိရသည်။
 '' HIV  ပိုးကူးစက်ခံရလို့ အလုပ်ကထုတ်ပစ်တာတွေ HIV  မှမဟုတ်ပါဘူး။ B ပိုး C ပိုးတို့  ရှိတယ် ဆိုရင်တောင် အလုပ်ဆက်လုပ်ခွင့် မပေးတော့တာတွေက စစ်တပ်ထဲမှာလည်း အများဆုံးရှိနေတယ်။ ဆေးသောက်လို့ ကျန်းမာနေတယ်ဆိုရင် အလုပ်ဆက်လုပ်နိုင်တယ်ဆိုရင် အလုပ်ဆက်လုပ်ခွင့်တွေ ပေးသင့်ပါတယ်။'' ဟု PLHIV တစ်ဦးက ပြောသည်။မြန်မာနိုင်ငံတွင် CD4 ကောင်ရေ(၂ဝဝ)အောက်ရောက်ရှိနေသူ ART ဆေးလိုအပ်ချက်ရှိသည့် လူနာ ပေါင်း (၇၆ဝဝဝ)ဦး၊  CD4 ကောင်ရေ(၃၅ဝ)အောက်ရောက်ရှိနေပြီး ART ဆေးလိုအပ်ချက်ရှိသည့် လူနာပေါင်း(၁၂ဝဝဝဝ)ဦးခန့်ရှိကြောင်း သိရှိရသည်။၂ဝ၁ဝ ခုနှစ်အထိ ART ဆေးတိုက်ကျွေးကုသနိုင်သည့် ကလေးလူကြီးပေါင်း(၂၉၈၂၅)ဦးရှိပြီး ဆေး လိုအပ်သည့် ၃၉ရာခိုင်နှုန်းသာ ဆေးပေးနိုင်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

From:Myitmakha

No comments:

Post a Comment