Thursday, September 6, 2012

KIO အား အမြစ်ပြတ် ချေမှုန်း စစ်ဆ င်နေ သည်ဟု ဦးလာနန်း ဆို



K_84_0099
အစိုးရသည် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) အား ၂၀၁၁ခုနှစ် ဇွန်လ (၉) ရက်နေ့ ကတည်းက စတင် တိုက်ခိုက် လာခဲ့ကြပါသည်။ တိုက်ပွဲပေါင်း (၁၇၇၀)ခန့် ရှိလာပြီး ဖြစ်သော်လည်း တိုက်ပွဲများ ပိုမို လာနေဆဲ ဖြစ်ပါသည်။
ဤသို့ကြောင့် KIO ရင်ဆိုင် နေရသော တိုက်ပွဲများ အခြေအနေများ၊ ဒုက္ခသည် အရေးနှင့် တွေ့ဆုံ ဆွေးနွေးပွဲ အခြေအနေများ သိနိုင်ရန် KIO ပြောခွင့်ရသူ ဦးလာနန်းနှင့် ဆက်သွယ် မေးမြန်း ခဲ့ပါသည်။
ရွှေဟသာင်္သတင်းဌာန ။   ။ လိုင်ဇာဘက်မှ တိုက်ပွဲအခြေအနေ သုံးသပ်ချက်တွေ နည်းနည်း ပြောပြ ပေးပါလား ဆရာ ?
 ဦးလာနန်း ။   ။ လောလောဆယ် (စက်တင်ဘာ ၄ရက်) မှာ လိုင်ဇာ တဝိုက်မှာ တိုက်ပွဲတွေ မရှိဘူး ခင်ဗျ။ မရှိဘူး ဆိုပေမဲ့ သူတို့ တပ်တွေ လျှော့သွားတာ မဟုတ် ဘူးပေါ့ဗျ။ ဒီလိုင်ဇာ တဝိုက် မှာတော့ သူတို့ တပ်တွေ နည်းနည်း ငြိမ်နေတယ်။ တခြား နေရာ မှာတော့ တိုက်ပွဲတွေ အတော် များများ ဖြစ်နေတယ် ခင်ဗျ။ ငြိမ်နေတယ် ဆိုတာ ကလည်း တိုက်ပွဲကြီးတွေ ပြင်းပြင်း ထန်ထန် မရှိတာကို ပြောတာပါ။ တိုက်ပွဲငယ် တွေကတော့ ၂ ရက်ခြား တစ်ရက်ခြားတော့ လိုင်ဇာ တဝိုက်မှာ  အမြဲတမ်းလိုလို ဖြစ်နေတာတော့ ရှိပါတယ်။ သူတို့တပ်တွေ ဆက်ပြီးတော့ လှုပ်ရှား လာလျှင် တိုက်ပွဲတွေ ဆက်ပြီး ဖြစ်ဖို့ များပါတယ်။
ရွှေဟသာင်္သတင်းဌာန။   ။ အဓိပ္ပါယ် ကတော့ သူတို့ ဘက်က ရှေ့မတိုးနိုင်တဲ့ သဘော များလား ဆရာ ?
ဦးလာနန်း ။   ။ အဲဒီလို မဟုတ်ပါဘူး ခင်ဗျ။ သူတို့ တပ်တွေ နည်းနည်း လှုပ်ရှား လာတာနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ တိုက်ပွဲတွေ ဖြစ်လာ တာပါပဲ။
ရွှေဟသာင်္သတင်းဌာန။   ။ အခု ရက်ပိုင်း အတွင်းမှာ လိုင်ဇာနဲ့ တဖြည်းဖြည်း နီးလာတဲ့ သဘောများလား ဆရာ ?
ဦးလာနန်း ။   ။ အဲလိုတော့ ပြောလို့ ရတယ်ခင်ဗျ။ အခု တဖြည်းဖြည်းနဲ့ လိုင်ဇာနဲ့ နီးစပ် လာတဲ့ သဘောရှိတယ်။ တဖြည်း ဖြည်းနဲ့ ချဉ်းကပ် လာတဲ့ ပုံစံပါ။ တပ်အင်အားကို တဖြည်းဖြည်း တိုးချဲ့ လာတဲ့ သဘော ရှိပါတယ်။
ရွှေဟသာင်္သတင်းဌာန။   ။ ဒီတော့ ရက်ပိုင်း အတွင်းမှာ လိုင်ဇာကို သိမ်းနိုင်တဲ့ သဘော ရှိပါသလား ?
ဦးလာနန်း ။   ။ သူတို့ ရည်မှန်းချက်က စောစော ကတည်းက သူတို့ ချထား ပြီးသားပါ။ ဒါပေမဲ့ သူတို့ ပုံဖော်တဲ့ ပုံစံက စိတ်တိုင်းကျ ဖြစ်လာနိုင်တဲ့ အကြောင်းတော့ မရှိဘူးလေး။ နှစ်ဖက်လုံးမှာ တိုက်ခိုက် နိုင်အား တပ်ဖွဲ့တွေ ရှိနေမှတော့ ထင်တဲ့ အတိုင်း ဖြစ်ဖို့ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ခင်ဗျ။
ရွှေဟသာင်္သတင်းဌာန။   ။ ဆရာ တွေ့ဆုံ ဆွေးနွေးရေးဖက်ကို ပြောရရင် အစိုးရဘက်က ထပ်မံ ကမ်းလှမ်း နေတယ်လို့ အဲဒီလို သတင်းတွေ ထွက်နေပါတယ်၊ ဒီအပေါ် မှာရော ဆရာဘာများပြောချင်ပါလဲ ?
ဦးလာနန်း ။   ။ တွေ့ဆုံ ဆွေးနွေးရေး ကိုတော့ လောလော ဆယ်မှာတော့ ဆက်သွယ်ရေး လမ်းကြောင်းက ပြတ်နေတယ်လို့ ပြောလို့ ရပါတယ်။
ရွှေဟသာင်္သတင်းဌာန။   ။ သူတို့ ဘက်က ဘာမှ ဆက်မပြော တော့တဲ့ သဘောပေါ့ ဆရာနော်၊ ဆရာတို့ ဘက်ကလည်း မီဒီယာနဲ့ တွေ့ ဆုံတိုင်း တွေ့ဆုံ ဆွေးနွေးရေးကို ကမ်းလှမ်း နေတယ်လို့ အဲဒီလိုမျိုးကို မီဒီယာ တွေမှာ တွေ့နေရတယ် ဆရာ။
ဦးလာနန်း ။   ။ ကျနော်တို့က အဲဒီ လောက်ထိတော့ မဟုတ်သေးဘူး ခင်ဗျ။ မီဒီယာ တွေရဲ့ မေးမြန်ချက် အပေါ် မှာဘဲ အလိုက်သင့် ဖြေကြားချက်တွေ လုပ်ပေး နေတာပါ။ ကျနော်တို့ နောက်ဆုံး အဆိုပြုချက်က တရုတ်နိုင်ငံ ရွှေလီမြို့ပါဘဲ။
La_Nan_0098
KIO ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်း
ရွှေဟသာင်္သတင်းဌာန။   ။ စစ်ရေးဖက်ကို ပြန်ပြောရရင် အစိုးရတပ်တွေရဲ့ ထောက်ပို့ လမ်းကြောင်းတွေကို နောက်ကနေ ဆရာတို့က ပြတ်တောက် သွားအောင် တိုက်ခိုက်မှု ရှိတယ်လို့ပြောနေ ကြပါတယ်။ အဲဒီ အခြေအနေ တွေကရော ?
ဦးလာနန်း ။   ။ ဒါကတော့ စစ်မျက်နှာပေါ်မှာ မူတည်ပြီးတော့ အဲဒီ ကိစ္စတွေက လုပ်သင့်တဲ့ ကိစ္စတွေပါ။ ဘယ်နေရာမှာ လုပ်တယ်ဆိုတာ အသေးစိတ် ပြောဖို့တော့ ခက်တယ် ထင်ပါတယ်။ ဒါက လုပ်ရမယ့် စစ်ရေး လုပ်ဆောင်မှု တွေပါ လို့ ပြောလို့တော့ ရတယ်လေ။ အထိုက် အလျှောက်တော့ အောင်မြင်မှု ရှိပါတယ်။
ရွှေဟသာင်္သတင်းဌာန။   ။အဲဒါရဲ့ နောက်ဆက်တွဲ အကျိုးဆက်က လေကြောင်း စစ်ဆင်ရေး အစီအစဉ်တွေ စတင်လာခဲ့ တယ်လို့ မဆိုနိုင် ဘူးလား ?
ဦးလာနန်း ။   ။ သူတို့ တိုက်ပွဲ ဖြစ်တိုင်းမှာ လေယာဉ်နဲ့ အမြဲတမ်း လာပါတယ်။ လေကြောင်းနဲ့ တပ်အင်အားတွေ လက် နက်ခဲယမ်းတွေ ပို့ပေး နေတာမျိုးတွေ သူတို့ အမြဲတမ်း လုပ်နေကျပါ။ သူတို့ အကြောင်း ပြချက်က လူနာ တွေကို ပြန်သယ်မယ် ဆိုခဲ့ပေမယ့် အသွား မှာတော့ တပ်အင်အားတွေ တင်သွားတယ်။ နောက်ပြီး လက်နက် ခဲယမ်းတွေ အဓိက ကတော့လက် နက်ကြီးကျဉ်ဆံတွေ ပါသွားတယ်။ အပြန်မှာ ဒဏ်ရာရ လူနာကို သယ်တယ်။ စစ်ပွဲများမှာ လေတပ် အကူ အနေနဲ့ တိုက်တာ မျိုးကတော့ အသုံးပြုတာ မတွေ့သေးဘူး ခင်ဗျ။ ဒီဘက်မှာ အခု မိုးက သည်းသည်းမဲမဲ ရွာနေပေမဲ့ ဖါးကန့်ဘက်မှာ လိုင်ဇာနဲ့ တဖက်ကမ်းမှာ ရှိတဲ့ သူတို့ရဲ့ ဗျူဟာရုံး တစ်ခုရှိ နေတယ်။ အဲဒီ နေရာ လောက်တော့ သူတို့ သွားလို့ ရပါတယ်။ တပ်မဟာ (၁) ဒေသဘက်မှာ တောင်တွေ နဲနဲမြင့် တယ်ဆို တော့ မိုးရွာရင် သွားလို့ မရဘူး။
ရွှေဟသာင်္သတင်းဌာန။   ။ ကြုံတုန်း နည်းနည်း မေးချင်ပါတယ်၊ ဆရာတို့ရဲ့ တပ်မဟာဂွင်ကို ဘယ်လိုမျိုး သတ်မှတ် ထားတာ ရှိပါသလဲ ?
ဦးလာနန်း ။   ။ တပ်မဟာဂွင် ဆိုတာက ဧရာဝတီ မြစ်ဆုံ အထက်ပိုင်း အားလုံးက တပ်မဟာ (၁) ဂွင်။ မေခ- မေလိခ မြစ်ဆုံ အထက်ပိုင်း နယ်တဝိုက်မှာ အဲဒီကနေ မြောက်ဖျားပိုင်း အားလုံးက တပ်မဟာ (၁) ဧရိယာပါ။ တပ်မဟာ (၂) က မြစ်ဆုံရဲ့ အောက်ပိုင်း ဧရာဝတီ မြစ်ဆုံ အတိုင်း ဆင်းသွားပြီးတော့ ဧရာဝတီ နောက်ဘက်ခြမ်း အိန္ဒိယ နယ်စပ်အထိ။ တပ်မဟာ (၃) ဂွင်ကတော့ ဗန်းမော်ခရိုင် တစ်ခုလုံးက တပ်မဟာ (၃) ဖြစ်တယ်။ တပ်မဟာ (၄) က ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင် ပါမယ် မူဆယ် နံဖက်ကာ တွေပေါ့နော် ပါတယ်။ တပ်မဟာ (၅) ဂွင်ကတော့ ဧရာဝတီ မြစ်အတိုင်း စုန်ဆင်း သွားပြီး ဧရာဝတီ မြစ်ရဲ့ အရှေ့ဖက်ခြမ်း အားလုံးက တရုတ် နယ်စပ် အထိ ဖြစ်တယ်။ ကျနော်တို့မှာ ရှိရှိသမျှ တပ်ရင်းတွေ အားလုံးက အထူး တပ်ရင်းတွေပါ။ အားလုံးက တိုက်ခိုက်ရေး အတွက် ဖွဲ့စည်းထားတဲ့ တပ်ရင်း တွေပါခင်ဗျ။ ဒီတော့ နေရာတိုင်းမှာ တိုက်ပွဲ အတွက် အသင့် အနေအထား ဖြစ်ပါတယ်။
ရွှေဟသာင်္သတင်းဌာန။   ။ စစ်ရေး အခြေအနေက သုံးသပ် လိုက်လျှင် အစိုးရဘက်က အခြေအနေ ဘယ်လိုရှိ သလဲ ဆရာ ?
ဦးလာနန်း ။   ။ သူတို့ ကတော့ အမြဲတမ်းဘဲ ပြင်ဆင် အင်အား ပို့တာတော့ ရှိတယ်လေ။ သူတို့ရဲ့ စီမံချက်တွေ ရှိမှာပါ။ ဒါပေမဲ့ ဒီနှစ်ပတ် အတောတွင်း မှာတော့ တိုက်ပွဲတွေ ပြန်လည် သုံးသပ်ကြည့် မယ်ဆိုလျှင် ကချင် ဒေသမှာ ဖြစ်ပွားတဲ့ တိုက်ပွဲ အတွင်း အစိုးရ စစ်တပ်တွေ ကျဆုံးမှု အပါဝင် ဒဏ်ရာရတဲ့ သူတွေ အယောက် (၃၀၀) ရှိတယ်ခင်ဗျ။  လွန်ခဲ့တဲ့ သြဂုတ်လ (၂၀) ကနေ ဒီနေ့ အထိ စာရင်း ဖြစ်ပါတယ်။
ရွှေဟသာင်္သတင်းဌာန။   ။ ဆရာတို့ တပ်သားတွေ ထွက်ပြေးမှုတွေ ရှိနေတယ်လို့ ကြားရပါတယ်။ အဲဒီ အပေါ် ဆရာ ဘယ်လို ပြောချင်သလဲ ?
ဦးလာနန်း ။   ။ ကချင်တပ်ဖွဲ့ ထွက်ပြေးမှုတွေ များတယ် လို့တော့ ပြောလို့ မရဘူးခင်ဗျ။ တစ်ယောက်စ နှစ်ယောက်စတော့ ရှိတာပေါ့ ခင်ဗျ။ ဒါကတော့ သူတို့ရဲ့ ရှေ့တန်းမှာ တာဝန်ကျတဲ့ ရဲဘော်တွေရဲ့ အခက်အခဲတွေ ရှိပါ လိမ့်မယ်။ သူတို့ရဲ့ တစ်ဦးချင်းရဲ့ ခံယူချက်တွေ အပေါ်မှာ မူတည် ပါတယ်။ အစိုးရ ဘက်က ဖမ်းဆီး မိတာမျိုးလဲ ပါတယ်။ သူတို့ ဖမ်းဆီးလို့ ရတဲ့ လူတွေက အလင်းဝင် တယ်လို့ ဖန်းတီး လုပ်ဆောင်တာမျိုး လုပ်ကြ ပါတယ်။ ကချင်တပ်ဖွဲ့တွေ အလုံးအရင်းနဲ့ ၀င်တယ် ဆိုတာမျိုး မရှိပါဘူး။ တစ်ဦးချင်းရဲ့ ခံယူချက် အပေါ်မှာ အများကြီး မူတည်တယ်လို့ ပြောလို့ ရတယ်။
ရွှေဟသာင်္သတင်းဌာန။   ။အစိုးရ ပြည်သာယာ စစ်ဆင်ရေးရဲ့ နောက်ဆုံးပစ်မှတ်က ဘာများဖြစ်မလဲ ဆရာသိသလား ?
ဦးလာနန်း ။   ။ ပြည်သာယာ စစ်ဆင်ရေးရဲ့ ပစ်မှတ်က ကချင် လက်နက်ကိုင် သောင်းကျန်းသူများ အမြစ်ပြတ် ချေမှုန်းရေးဟာ အဓိက ပထမ ဦးစားပေး တိုက်ခိုက်မှု ဖြစ်တာပေါ့ ခင်ဗျ။
ရွှေဟသာင်္သတင်းဌာန။   ။ အဲဒီကချင် ချေမှုန်းရေး အစီစဉ်မှာ တွေ့ဆုံရေး ဆွေးနွေးရေး ဆိုတာ ဘယ်ကဏ္ဍမှာ ရှိပါသလဲ ?
ဦးလာနန်း ။   ။ ဒါက သူတို့ တပ်ထဲက စီမံချက် တွေပါ။ ဒီစီမံချက် ထဲမှာ တွေ့ဆုံရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတဲ့ စကားလုံးတော့ မပါဘူး ခင်ဗျ။ ပြတ်ပြတ်သားသား ချေမှုန်း တိုက်ခိုက်ရေး စကားလုံးဘဲ ရှိပါတယ်။
ရွှေဟသာင်္သတင်းဌာန။   ။ အခု ပလောင် ဒေသမှာလဲ စစ်ဆင်ရေးတွေ ထိုးစစ် ဆင်နေတာကို ဆရာ သိပါသလား ?
ဦးလာနန်း ။   ။ ပလောင်ဘက်မှာ တိုက်ပွဲငယ်တွေ ဖြစ်တာကို ကြားပါတယ်။ အဲဒီ ဘက်မှာ အစိုးရ စစ်တပ်တွေ အတော် တော်များများ ပို့ထားတာ ရှိတယ်။ အဲဒီဒေသက ကေအိုင်အေ တပ်ရင်း (၈) ဒေသပေါ့ဗျာ။ တပ်ရင်း (၈) တွေနဲ့ ပလောင် လွတ်မြောက်ရေး တပ်ဖွဲ့တွေ ပူးပေါင်းပြီးတော့ စစ်ဆင်ရေး လုပ်တာ ရှိတယ်ခင်ဗျ။ ပြောရ ရင်တော့ ကျနော်တို့ ဒေသ အားလုံးမှာကို တိုက်ပွဲတွေ ပြင်းထန် နေတာပါ။
ရွှေဟသာင်္သတင်းဌာန။   ။ ဆရာ ဒီအတိုင်း ဆိုလျှင် ဆရာတို့ရဲ့ တွေ့ဆုံ ဆွေးနွေးရေး မျှော်လင့်ချက် အလားအလာဟာ ရှိနိုင်ပါ သေးသလား ?
ဦးလာနန်း ။   ။ တွေ့ဆုံ ဆွေးနွေးရေး ကတော့ အစိုးရရဲ့ သဘောထား ဘက်မှာဘဲ မူတည် ပါလိမ့်မယ်။ အစိုးရ သဘောထား ပေါ့ဗျာ။ သူတို့ အမြဲတမ်း ပြောနေတာ ကတော့ အပစ်အခတ် ရပ်စဲရေးကိစ္စ တစ်ခုထဲ ကိုဘဲ ဇောင်းပေးပြီး ပြောနေပါတယ် ခင်ဗျ။ ကျနော်တို့ ဘက်က နဂို ကတည်းက ပြောထား ပြီးသားကတော့ အပစ်အခတ် ရပ်စဲရေး ဆိုတဲ့ဟာ လောက်နဲ့ ပြသနာ တခု လုံးကို ကျနော်တို့ ဖြေရှင်း ပြီးစီး သွားနိုင်ပြီ ဆိုတဲ့ ကိစ္စ မဟုတ်ဘူး ဆိုတာပါဘဲ။ အမှန်တကယ်မှာ နိုင်ငံရေးပြဿနာ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး အရ တွေ့ဆုံမှု နဲ့သာ ဖြေရှင်းမှ ပြီးတဲ့ ကိစ္စပါ။ ဒီအပေါ် မှာတော့ အစိုးရ ဘက်က တုန့်ပြန်မှုတွေ အားရစရာ ဘာမှ မရှိသေးပါဘူး။ အခုတလော ဖြစ်နေတဲ့ အပေါ်မှာ ကြည့်မယ် ဆိုလျှင် အစိုးရဟာ တွေ့ဆုံ ဆွေးနွေးမှု ကိစ္စကို ဘာမှ မပြောတော့တဲ့ အခြေ အနေမှာ ရှိနေတယ်။ ဒါကြောင့် ဆွေးနွေးမယ့် နေရာကို  ဟိုရွေ့ဒီရွေ့ လုပ်နေကြတယ် ဒါကို ကြည့်ရင် ဆက်မဆွေးနွေး ချင်တဲ့ သဘောလို့ သုံးသပ်လို့ ရပါတယ် ခင်ဗျ။
CI_aazရွှေဟသာင်္သတင်းဌာန ။   ။ ဆရာ၊ အစိုးရ ကလည်း သူတို့ နေရာမှာဘဲ ဆွေးနွေးချင်တယ်၊ ဆရာတို့ကလည်း ဆရာတို့ သတ်မှတ် နေရာမှာဘဲ ဆွေးနွေးချင်တဲ့ သဘော သက်ရောက် နေတယ်လေ။ ဒီတော့ ပြေလည် စေချင်ရင် တွေ့ဆုံတဲ့ နေရာ ကို တစ်လှည့်စီ ဆွေးနွေးမယ် ဆိုတဲ့ အဆိုပြုချက်မျိုး ဖြစ်ရင် မပြေလည် နိုင်ဘူးလား ဆရာ ?
ဦးလာနန်း ။   ။ အဲဒီလိုလဲ မဖြစ်နိုင်ဘူး ခင်ဗျ။ လောလောဆယ်မှာ ကျနော်တို့ရဲ့ တွေ့ဆုံမှုဟာ အစိုးရဘက်က ပြောတာက တော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုလို့ ပြောတာပေါ့။ ကျနော်တို့ ဘက်ကတော့ အဲဒီလို မပြောနိုင်ဘူး ခင်ဗျ။ ဒီနိုင်ငံရေး ဆွေးနွေးမှု လမ်းကြောင်း ဖြစ်ပေါ်လာဖို့ အတွက် လမ်းကြောင်း ရှာတဲ့ အနေနဲ့ တွေ့ဆုံတဲ့ သဘောလို့ ခံယူ ထားပါတယ်။ ဒါကြောင့်မို့လို့ ဒီတွေ့ဆုံမှုမှာ အမှန်တကယ် တည်တည် ငြိမ်ငြိမ်နဲ့ တွေ့ဆုံ ကြမယ်ဆိုရင် နှစ်ဦးနှစ်ဖက် ယုံကြည်မှုတွေ တည်ဆောက် လာတဲ့ အတိုင်းအတာ တစ်ခု ရောက်တဲ့ အခါမှာ နေရာ ရွေးချယ်မှုတွေ မဖြစ်လာ တော့ပါဘူး ခင်ဗျ။ အခုချိန် မှာတော့ တွေ့ဆုံစလို့ ပြောတယ် ဆိုပေမဲ့ ဘာတစ်ခုမှ အကောင်အထည် ဖော်တာမျိုး သဘောတူညီမှု မရှိသေးဘူး ဆိုတော့ ဒီနေရာ ရွေးချယ်မှုက တွေ့ဆုံမှုက အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါတယ် ခင်ဗျ။ ကျနော်တို့ အဖွဲ့အစည်း ကတော့ တခြား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ မတူညီတဲ့ အချက်တွေ ရှိတာကိုး။ ဘာကြောင့်လဲ ဆိုတော့ ဒီတစ်နှစ်တာ အတော အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲဟာ ကျနော်တို့ ကချင်ဘက်မှာ အများဆုံး ဖြစ်တယ်။ ပြီးတော့ လျှော့သွားတဲ့ လက္ခဏာလည်း မရှိ သေးဘူးလေ။ မနေ့ ညကအထိ ဖြစ်ပွားတဲ့ တိုက်ပွဲ အားလုံးက ၁၇၇၀ ကျော်သွားပြီ ၊တိုက်ပွဲ အကြိမ်ပေါင်းနော်။ ဒီလောက်ကြီး ပြင်းပြင်း ထန်ထန် ဖြစ်နေတဲ့ အချိန်မှာ အစိုးရ ဘက်က နေပြည်တော်တို့ ရန်ကုန်တို့ကို သွားပြီးတော့ တွေ့ဆုံဖို့ ကိစ္စ မူဆယ်မှာ တွေ့ဆုံတဲ့ ကိစ္စပြောနေ တာဟာ သာမာန်လူ တစ်ယောက် အနေနဲ့တောင် သူတို့ စိတ်ထားကို သဘောပေါက် ကြမှာပါ။ ဒါမဖြစ်နိုင်တဲ့ ကိစ္စပါ။
ရွှေဟသာင်္သတင်းဌာန ။   ။ တိုက်ပွဲပေါင်း (၁၇၇၀ ) ဆိုတာ ဒီတစ်နှစ် အတွင်းမှာ ဖြစ်တဲ့ တိုက်ပွဲကို ပြောတာလား ?
ဦးလာနန်း ။   ။ ဒါက ၂၀၁၁ ခုနှစ် ဇွန်လ ကစပြီး ဖြစ်တဲ့ တိုက်ပွဲ စာရင်းတွေပါ။ ဒါတောင် ကျနော်တို့ မရရှိ သေးတဲ့ တိုက်ပွဲ သတင်း တွေလည်း ရှိသေးတယ် ခင်ဗျ။ မှတ်တမ်း ပြုစု ထားချက် အရတော့ အဲဒီ လောက်ထိ ရှိသွားပြီ ခင်ဗျ။ အချိန်တို အတော အတွင်းမှာ ဒီလောက် များတဲ့ တိုက်ပွဲ အကြိမ်ပေါင်းဟာ ပြည်တွင်းစစ်ရဲ့ သမိုင်းမှာ ရှိခဲ့ လိမ့်မယ်လို့ မထင်ဘူးခင်ဗျ။  ဒီအပေါ် မှာ ကြည့်ခြင်း အားဖြင့် အစိုးရဟာ ကချင် ပြည်သူတွေ အပေါ်မှာ အမြစ်ပြတ် ချေမှုန်းရေးနဲ့ စစ်ဆင် နေတယ် ဆိုတာ ပေါ်လွင် ထင်ရှား မနေဘူးလား ခင်ဗျား။

From: ShweHinTa

No comments:

Post a Comment