Thursday, September 6, 2012

Singapore, USA ဆေးပညာ၊ ဆရာဝန်၊ သူနာပြုများနှင့် CT Scan






ကျွန်ုပ်ခေါင်းမူးရောဂါရှိသည်။ လူတိုင်း ခေါင်းမူး၊ ခေါင်းကိုက်၊ ခေါင်းကိုက်၊ ခေါင်းခဲ စသဖြင့် ဦးခေါင်းရောဂါ အနည်းနှင့်အများ ခံစားဖူးကြသည် ပင်ဖြစ်သည်။ အများအားဖြင့် ပင်နဒေါ၊ ဘတ်စပရို၊ ပါရာစီတမော့ စသည့် အက်စပရင်ဆေးများ၊ တိုင်းရင်းဆေးများကို စားလိုက်ပါက သက် သာသွားလေ့ရှိပါသည်။


ရောဂါပြင်းထန်လာတတ်သောကြောင့်၊ ခေါင်းမူးရသည်မှာ ဦးနှောက်အမှေးယောင်၊ ဦးနှောက်ပျက်ပြီလား ထင်လာမိသည်။ ဆေးရုံများစွာ တွင် CT Scan, MRI စက်များဖြင့် ဆေးစစ်ဖူးပါသည်။ တိုးတက်သောနိုင်ငံများတွင် ဦးနှောက်စစ်ဆေးခြင်းမှာ ဆီး၊ သွေး၊ နှလုံး၊ ပုံမှန်ဆေး စစ်ခြင်းတခုကဲ့သို့ သတ်မှတ်ထားပါသည်။ သို့သော် မြန်မာ၊ တရုတ်၊ ဗီယက်နမ် စသည့် မတိုးတက်သေးသောနိုင်ငံ (ဆင်းရဲနိုင်ငံ) များတွင် ဦးနှောက်စစ်ဆေးခြင်းကို သာမန်စစ်ဆေးခြင်းအဖြစ် မသတ်မှတ်ပါ။ စစ်ဆေးသောစက်မှာ ဒေါ်လာသန်းချီတန်သဖြင့် စက်ပစ္စည်းဈေးကြီး လှသောကြောင့် တော်ရုံဆေးရုံများတွင် ထိုစက်မျိုးမရှိကြပါ။ ထို့ကြောင့် CT Scan, MRI စက်များမှာ နောက်ဆုံးပေါ် Ultra Sound စက်ကဲ့သို့ စမ်းသပ်ခမှာလည်း ဈေးကြီးလှပါသည်။ ရှေးက အရိုးစစ်ဆေးသည့် အိတ်စ်ရေး X-ray (ဓါတ်မှန်) ရိုက်ခြင်းမှာ ယခုခေတ်တွင် ဈေးချိုသော စစ်ဆေးခြင်းဖြစ်လာပါသည်။ နောက်ပိုင်း CT Scan, MRI, Ultra Sound စသည့် အသား၊ အသွေးများကို ထိုးဖောက်ကြည့်နိုင်သည့် စက် များလည်း ဈေးနှုန်းကြီးရာမှ ဈေးနှုန်းချိုသာလာပါသည်။ နိုင်ငံမြို့ကြီးများ Custom ဌာနများ၊ လေဆိပ်အ၀င်များတွင် လက်နက်ပါမပါ စစ် ဆေးသော x-ray စက်များမှာ အစွမ်းထက်လှပါသည်။ ပိတ်ထားသောအိပ်အတွင်း အပ်ကလေးတခုပင်လျှင် မြင်နိုင်သည့်စက်များဖြစ်သည်။ ဈေးကြီးလှသော်လည်း စက်ထုတ်လုပ် စရိတ်မှာဈေးမကြီးလှပါ။ သို့သော် တိကျမှု (Quality) တွင် အနောက်နိုင်ငံစက်များကို တရုတ်၊ အိန္ဒိ ယစက်များ မယှဉ်နိုင်သေးခြင်းမှာ Quality အရည်အသွေးတွင် မမှီသေးခြင်းကြောင့်ဖြစ်သည်။ ဈေးကွက်တွင်လည်း Sumsung vs Apple များကဲ့သို့ Patents မူပိုင်ခွင့်များဖြင့် လက်ဝါးကြီးအုပ်ထားမှုလည်း ပါမည်ဖြစ်သည်။ တနေ့တွင် (အနှစ် ၃၀ အတွင်း၊ စာရေးသူအသက်ရှင်နေစဉ်) အရှေ့တိုင်းနိုင်ငံများ တက်ကနိုလိုဂျီတွင် အနောက်နိုင်ငံများကို ကျော်သွားတော့မည် မျှော်လင့်ပါသည်။ ယခုဆောင်းပါးတွင် ကွာလတီ Quality အရေးကြီးကြောင်း၊ အထူးသဖြင့် ဆေးပညာပိုင်းဆိုင်ရာ ခေါင်းမူးရောဂါတခုကို စစ်ဆေးသည့် CT Scan စက်ဖြင့် စမ်းသပ်ခြင်းကို (လူပြိန်းအမြင် Dummy View) အနည်းငယ်ရေးပါမည်။
ပထမဆုံး ဦးနှောက်စစ်ဆေးခြင်းမှာလွန်ခဲ့သော ၅ နှစ်ခန့်ကဖြစ်သည်။ စင်ကာပူနိုင်ငံ ဆေးရုံ၊ ဆေးခန်းများ သုံးခုတွင် စမ်းသပ်ဖူးပါသည်။ ခေါင်းမူရောဂါလေးအတွက် ဆရာဝန်များက ဈေးကြီးလှသည့်ဦးနှောက်စက်ဖြင့် စစ်ဆေးစရာမလိုကြောင်း ပြောဆိုပါသည်။ ကုမ္ပဏီစရိတ် သုံးမည်ဖြစ်သဖြင့် ကုမ္မဏီဆရာဝန်များက မလိုအပ်သော ဦးနှောက်စစ်ဆေးမှုကို မသုံးစေလိုပါ။ နောက်ဆုံး မိမိစရိတ်ဖြင့် Glan Eagle ဆေးရုံ၊ NUH National University Hospital နှင့် Orchard Lab များတွင် နှစ်စဉ်စစ်ဆေးခဲ့ပါသည်။ ဆရာဝန်များပြောသည့်အတိုင်း ဦးနှောက်ကောင်းပါသည်ဆိုသောအဖြေကို ရရှိခဲ့ပါသည်။ ဒါဆို၊ အစားမှား၊ အနေထိုင်၊ စိတ်နေစိတ်ထားမှားလို့လား ..စိတ်ညစ်စရာတွေကြောင့် ခေါင်းမူးရသလား .. အခြားဖြစ်နိုင်ချေများကို ဆင်ချင်ရပါသည်။ CT Scan အားဖြင့် မိမိဦးနှောက်ကောင်းသည်ဟုသိရသောကြောင့် ကျေနပ် ရသည်။ ပတမဆေးရုံတွင် ဒေါ်လာ US$ 1000 ခန့် ကျသင့်သည်။ စက်အရုပ်ပုံ Image သိပ်မကြည်လင်သောကြောင့် ဆေးထိုးပြီးထပ်မံ စမ်းပြန်သည်။ US$ 300 ခန့် အပိုကုန်သွားသည်။ အခြားဆေးရုံများ၊ ဓါတ်ခွဲခန်းများတွင်လည်း စက်အသစ်၊ အဟောင်းကို မူတည်ပြီး US$ 300 – US$ 1000 ဈေးရှိပါသည်။ စက်ကာပူတွင် ဆေးရုံသူနာပြုအများစုမှာ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မြန်မာစသည့် နိုင်ငံခြားမှ အရည် အချင်းရှိသော ငယ်ရွယ်သူ၊ သူနာပြုအမျိုးသမီးငယ်များဖြစ်ကြသည်။ တလလျှင် US$ 500 – 1000 ခန့် လစာပေးထားသည်။ လူနာကို မ လိုအပ်လျှင် မကိုင်ရဲကြပါ။ အချို့ငွေချမ်းသာသူများ၏လူနာများသည် ကြီးကျယ်သောကြောင့် (ငွေစကားပြောလွန်းသဖြင့်) ဆေးရုံကို တရားစွဲတတ်ပါသည်။ သူနာပြုနှင့်ဆရာဝန်များမှာ လူနာနှင့်၊ လူနာရှင်များကို Customer အဖြစ် အထူးသတိထားဆက်ဆံရသည်။ လူနည်း စု လူတန်းစားဖြစ်သည်။ သူတို့က ဆေးရုံ၊ ဆရာဝန်၊ သူနာပြုများကိုငွေပေးပြီး သူတို့ကျန်းမာရေးကို ၀ယ်ယူသည့်ပုံစံမျိုး ဆက်ဆံသော ငွေ သာပဓာနလူများ၏ရန်ကို ကာကွယ်ရသည်။ ထို့ကြောင့် လူနာကို ဈေးကြီးသော iPhone, Galaxy မိုဘိုင်းဖုန်းကဲ့သို့ အလွန်သတိထား၊ စေတနာထား၊ ကိုင်တွယ်ရပါသည်။ သူနာပြု၊ ဆရာဝန်များမှာ လေးစားဖွယ် လူတန်းစားဖြစ်သည်။
မလေးရှားတွင် CT Scan လုပ်လျှင် ဈေးပိုချိုသဖြင့် မိတ်ဆွေတဦး၏ မိခင်၊ ကင်ဆာရောဂါဖြင့် နာမကျန်းဖြစ်သောကြောင့် CT Scan, Chemotherapy လုပ်ရာတွင် စင်ကာပူမှ မလေးရှားသို့သွားရောက် ဆေးကုသည်ကို တွေ့ဖူးသည်။ အများအားဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက် မြို့သို့ ဆေးကုပေးသော အကျိုးဆောင် (Agent) များရှိသလို၊ ဈေးကြီးလှသောစင်ကာပူသို့ လာရောက်ကုသပေးသည့် အကျိုးဆောင်များ လည်း ရှိပါသည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ခရစ်ယာန်ဆေးရုံတွင် ဇနီးသည် ၂၀၀၈ ခုနှစ် ဦးခေါင်းဒါဏ်ရာကြောင့် CT Scan လုပ်ရာတွင် US$ 200 ပင် မကုန်ကျခဲ့ဖူးပါသည်။
အမေရိကန်တွင်မူ ဆေးစစ်ခြင်းမှာ အထူးလုပ်ငန်းတခုဖြစ်သည်။ အသက်အာမခံကုမ္ပဏီများက ပြည်သူလူထုကို မထားမနေရ၊ အစိုးရဥပဒေ ကုမ္ပဏီများကို ပြဌာန်းထားသောကြောင့် ကုမ္ပဏီစရိတ်ဖြင့်လည်းကောင်း၊ ဆိုရှယ်စကျုရတီ Social Security အစိုးရစရိတ်ဖြင့်လည်းကောင်း၊ ဆေးစစ်ခြင်းများလုပ်ဆောင်သောကြောင့် City Scan လုပ်ခြင်းမှာ အမေရိကန်တွင် အလွန်ဈေးကြီးလှပါသည်။ အမေရိကန်၊ ဆန်ဖရန်စစ္စကို တွင်နေထိုင်ခဲ့စဉ်က ခေါင်းမူးရောဂါဖြစ်ပေါ်လာချိန် ဦးနှောက်များထိခိုက်သွားပြီလားစိုးရိမ်သောကြောင့် ဆေးရုံသွားပြခဲ့သည်။ ဦးနှောက် မစစ်ဆေးသည်မှာ ၂ နှစ်ကြာပြီဖြစ်သောကြောင့် CT Scan လုပ်လိုပါသည်ဟု တောင်းဆိုခဲ့သည်။ ဆန်ဖရန်စစ္စကိုမှ အစိုရဆေးရုံက အပိုအ လုပ်ဟုယူဆပြီး၊ ချိုသာစွာ ဖြောင်းဖြပြောဆိုပြီး ငြင်းပယ်ခဲ့သည်။ ကျွန်ုပ်လည်း ဦးနှောက်ရောဂါရှိနေပါက ဆေးကုရန် ငွေမတတ်နိုင်ပါ။ မြန် မာပြည်ပြန်ပြီး မိမိနောက်ဆုံးအချိန်များကို ဘုရား (ဘာသာရေး) အလုပ်များစွာ လုပ်ကိုင်နေထိုင်တော့မည် ဆုံးဖြတ်ထားသည်။ ဦးနှောက် အမှေးယောင် ရှိ/ မရှိ သိလိုလှသည်။ ထိုကြောင့် ဆန်ဖရန်စစ္စကိုမှ SETON Private Hospital ဆရာဝန်များကို သွားပြခဲ့သည်။ သူတို့က မ လိုအပ်ပါဟုပြောသော်လည်း လူနာကလုပ်လိုပါသည်တောင်းဆိုသောကြောင့် CT Scan လုပ်ပေးလိုက်ပါသည်။ ဦးနှောက်ကောင်းသည် .. ဆိုသည့်အဖြေရရှိသောကြောင့် ကျေနပ်ရသည်။ ထိုကျေနပ်မှုအတွက် US$ 5000 ကျသင့်ပါသည်။
ယခု ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် အလုပ်လာလုပ်စဉ်၊ ခေါင်းမူးရောဂါဖြစ်လာသောအခါ အစားအသောက်၊ အပြောင်းအလဲကြောင့် ဟုယူဆမိသည်။ ဆီးချိုရောဂါ မိရိုးဖလာကိုလည်း သံသယဖြစ်သောကြောင့် သွေးစစ်ရန်၊ ဗီယက်နမ်ဆေးရုံတခု Hoar Hao Hospital တွင် ဗီယက်နမ်အဖော်တစ်ယောက်နှင့် သွားပြပါသည်။ အခြေအနေမကောင်းပါ။ ဆေးရုံမှာ သန့်ရှင်းသပ်ယပ်ပြီး၊ ဖော်ရွေသော ဗီယက်နမ် အမျိုး သမီးငယ်၊ သူနာပြု၊ ရုံးဝန်ထမ်းများစွာက ပျုငှာစွာကြိုဆိုကြသည်။ အားလုံး အင်္ဂလိပ်စကား မပြောနိုင်၊ နားမလည်နိုင်သောကြောင့် ဗီယက် နမ်ဆရာဝန်တယောက်ကိုလိုက်ရှာပြီး မေးမြန်းသည်။ ဆရာဝန်က မနက်ဖန်ဆေးစစ်ရန် Diabetic ဆိုပါက မနက်စောစော ၇ နာရီလာပါ။ အစားလုံးဝမစားခဲ့ရန် တော်သင့်သောအင်္ဂလိပ်စကားဖြင့် ပြောပြခဲ့သည်။ ကျွန်ုပ်လည်း နောက်နေ့မှသွားမည်ဆုံးဖြက်ခဲ့သည်။ မေးမြန်းစုံစမ်း ရာမှာ နောက်ဆုံးအင်္ဂလိပ်စကားပြောသော နိုင်ငံခြားသားများအတွက်ဖွင့်ထားသည့် Columbia Asia Hospital ဆေးရုံအသစ်ကြီးသို့ ရောက်သွားပါသည်။

● Columbia Hospital

ဈေးကြီးလှသည်ဟု ဗီယက်နမ်မိတ်ဆွေကပြောသည်။ မတတ်နိုင်ပါ။ ကိုယ့်စကားသူမသိ၊ သနားပါဘိ၊ ပါပီကလေး ပုတုတုဘ၀ကို မရောက် လိုသောကြောင့် ငွေကုန်လဲ မတတ်နိုင်၊ အမေရိကန်နိုင်ငံ၊ စင်ကာပူနိုင်ငံလောက်တော့ ဈေးမကြီး၊ ထိုင်းနိုင်ငံထက်ပင် ဈေးချိုမည်ဟု သေချာပေါက်တွက်ထားပြီးသားဖြစ်ပါသည်။ ဗီယက်နမ်ရှိ ပုဂ္ဂလိကဆေးရုံတခုကိုလေ့လာသည့် လူနာတစ်ဦးအဖြစ် ဆေးရုံတွင်းသို့ဝင်လာပါ သည်။ ရုံးကားဒရိုင်ဘာဖြင့် ၀င်လာသောအခါ ယူနီဖေါင်း၊ တဆိပ်တပ် လုံခြုံရေးဝန်ထမ်းများက ရိုလေးစားစွာဖြင့် ကြိုဆိုကြသည်။ အဲယား ကွန်းခမ်းမကြီးသို့ တခါးဖွင့်ပေးပြီးဝင်လာချိန် အနောက်တိုင်းဝတ်စုံ၊ အနက်ရောင်၊ ကုတ်အင်္ကျီဝတ်ဆင်ထားသော အမျိုးသမီး အသက် ၃၀ ကျော် ၃ ဦးက ပျုငှာစွာ အင်္ဂလိပ်စကားကို ကောင်းစွာပြောဆို ကြိုဆိုပါသည်။ လူသားပီသစွာ ချိုသာပျုငှာမှုကို သာယာကျေနပ်မိသည်။ မိမိ ပတ်စပို့ MYANMAR Passport ကိုပေးလိုက်သည်။ အမျိုးသားဝန်ထမ်းက ကောင်တာမှကင်မရာအလုံးလေးကို ကြည့်ရန်ပြောဆိုပြီး ဓါတ် ပုံရိုက်သည်။ တမိနစ်အတွင်း ဆေးရုံးကပ်ပြား ID ဓါတ်ပုံနှင့် ပုံနှိပ်ပြီးသားထွက်လာပြီး၊ နောက်ကို ဆေးရုံလာလျှင် ဒီကဒ်ပြားကိုသုံးရန် ပြောကာ၊ ဆရာဝန်နှင့်တွေ့ရန် ခေါ်သွားသည်။ ဆရာဝန်နှင့်မတွေ့ခင် အသက် ၂၀ ကျော် ငယ်ရွယ်သည့် သူနာပြု ၅ ယောက်က ပျုငှာစွာ ကြိုဆိုပြီး၊ တယောက်က စစ်ဆေးအခန်းတခုတွင် ခေါ်သွားသည်။ တံခါးပိတ်လိုက်ပြီး အသက်၂၀ အရွယ် သူနာပြုအမျိုးသမီးငယ်လေးနှင့် ၂ ယောက်တည်း ၁၀ မိနစ်ခန့်၊ သွေးဖိအားတိုင်း၊ သွေးခုံနှုန်းစစ်၊ အလေးချိန်၊ အရပ်တိုင်း၊ လုပ်သည်။ အင်္ဂလိပ်စကားကို နားလည်ပြီး၊ အသင့်တင့်ပြောတတ်သည့် သူနာပြုငယ်ဖြစ်သည်။ လက်ကောက်ဝတ်ကို တမိနစ်ကြာအောင်နှိပ်ပြီး တမိနစ်သွေးခုန်နှုန်းကို စိတ်ဖြင့်ရေ တွက်သည်။ ရေတွက်ပြီး မှတ်တမ်းတွင်ရေးသွင်းလိုက်သည်။ ကျွန်တော်လည်း အားလုံးကိုလိုက်ကြည့်တော့ သွေးဖိအား၊ 120/80, သွေးခုန် နှုန်း 72, အရပ်မောင်း 1.70m, အလေးချိန် 67kg အားလုံးကောင်းပါသည်။

● ဆရာဝန်နှင့်တွေ့ခြင်း၊

အမျိုးသမီးတစ်ဦး လာခေါ်သည်။ ဆရာဝန်ခန်းတွင် Dr. Lam အသက် ၅၀ ခန့် နှင့် တွေ့သည်။ အင်္ဂလိပ်လို ကျွမ်းကျင်စွာပြောဆိုနိုင်သည့် ဆရာဝန်ဖြစ်သည်။ မိမိ ခေါင်းမူးရောဂါရာဇ၀င်နှင့် Diabetic သံသယဖြစ်မှုများကို ပြောပြသည်။ ဦးနှောက်ပုံမှန်ဖြစ်သလား လမ်းလျှောက်ခိုင်း သည်။ လက်ဆန့်တန်းခိုင်းသည်။ ကုတင်တွင် ပက်လက်လှန်ပြီး ဗိုက်ကိုလှန်လှောစမ်းသပ်သည်။ အသက်ရှုနှုန်း၊ နား၊ နှာခေါင်းများကို စက်ဖြင့် ထိုးပြီးစစ်သည်။ လက်နှိပ်မီးဖြင့် ပါးစပ်အာခေါင်ကို စစ်ဆေးသည်။ ၁၀ မိနစ်ခန့် မေးမြန်းစစ်ဆေးပြီး၊ သွေးစစ်ရန် ဦးနှောက်အတွက် CT Scan လုပ်မည်ပြောသည်။ ကျွန်ုပ်က CT Scan ဘယ်လောက်ကျသင့်သလဲ မေးမြန်းသောအခါ US$ 70 ကျသင့်သည်ဟု ပြောပါသည်။ ဆရာဝန်ခက ပိုဈေးကြီးမယ်ထင်တယ်မေးသောအခါ Doctor Fee is US$ 20 only. ဖြေပါသည်။ ရယ်စရာအဖြစ် ဟာ.. ဆရာဝန်က ပိုပြီး ဈေးကြီးရမှာ ဘာဖြစ်လို့ စက်စရိတ်က ဈေးပိုကြီးနေရသလဲဟု ပြောဆို၊ နှုတ်ဆက်ထွက်လာခဲ့ပါသည်။ မိန်းမငယ်တဦး လာရောက်ကြိုဆိုပြီး သွေးစစ်တဲ့နေရာသို့ ခေါ်သွားပြန်ပါသည်။

● Blood Test & CT Scan ဆေးစစ်ခြင်း

သွေးစစ်တဲ့ လူငယ်ယောက်ျားလေးက ကျွမ်းကျင်စွာ၊ စမ်းသပ်ပြီး ညာလက်ဖျံကိုစည်းပြီး သွေးကြောရှာပါသည်။ သွေးကြောကို ကောင်း ကောင်းမမြင်ရပါ။ စင်ကာပူတွင် သူနာပြုဆရာမ ကြီး/ငယ်များစွာနှင့် သွေးထုတ်ခြင်း၊ သွေးကြေဆေးသွင်းခြင်းများ လုပ်ဖူးပါသည်။ မကျွမ်း ကျင်မှု၊ သွေးကြောကောင်းကောင်း မမြင်ရမှုများကြောင့် အပ်နှင့်အသားထဲ သွင်းလိုက်၊ ထုတ်လိုက် လုပ်ခံရဖူးပါသည်။ နာကျင်သော်လည်း ခံရပါသည်။ ယခု ဗီယက်နမ် သူနာပြုအမျိုးသားငယ်လေးက လက်ဖျံမှ သွေးထုတ်မယ်စမ်းသောအခါ စိုးရိမ်မိပါသည်။ ဖတ်ကနဲ အပ်စိုက်မှုကို ခံစားလိုက်ပြီး မျက်စိဖွင့်ကြည့်လိုက်သောအခါ ပင်နယ်စလင်ပုလင်းငယ်တွင် သွေးများအပြည့်ဝင်လာနေသည်ကို တွေ့ရပါသည်။ သြော်.. ဒီလူငယ်လေးက မြန်မာပြည်က သူနာပြုများလို လူကိုကိုင်တွယ်တာ ကျွမ်းကျင်လှကြောင်း လက်တွေ့ကြုံရပါသည်။ စင်ကာပူ၊ အမေရိကား များတွင် လူကို အပ်နှင့်စိုက်မည့်အရေးဆိုလျှင် လူနာရော၊ သူနာပြုရော သိပ်မလုပ်ချင်ကြပါ။ မြန်မာပြည်နှင့်ဗီယက်နမ်များတွင် လူနာရော၊ သူနာပြုရော အပ်စိုက်သွင်းခြင်းအလုပ်ကို ထမင်းစားရေသောက်လို သဘောထားကြပါသည်။
ထိုနောက် Toshiba Aviator တံဆိပ်ကပ်ထားသော CT Scan စက်ကြီးတွင် စမ်းသပ်ခံရပါသည်။ စမ်းသပ်သည့် အမျိုးသားမှာ၊ အင်္ဂလိပ်စကား လည်း ကျွမ်းကျင်သည်။ ဘယ်နိုင်ငံကလည်းဟု မေးမြန်းစကားပြောရင်၊ စက်အ၀ိုင်းကြီးတွင် ၁၀ မိနစ်ခန့် စမ်းသပ်ပြီး ပြီးဆုံးသွားပါသည်။
အမျိုးသမီးတဦးရောက်လာပြီး စောင့်ဆိုင်းရန်နေရာတွင် နေရာချထားပါသည်။ အနောက်တိုင်းကုတ်အင်္ကျီနှင့် Accounting ဌာနမှ အမျိုး သမီးငယ်လေးတဦး ထပ်မံရောက်လာပြီး ကျသင့်ငွေများကို ပြောပြသည်။ Insurance အာမခံရှိသလား၊ ကုမ္ပဏီနာမည်နဲ့ ငွေရပြေစာ ရေး ရမလား၊ အသက်အာမခံ Insurance Claim Procedure များကို ရှင်းပြပြောဆိုပါသည်။


● စကားချပ်

Columbiaasia.com ဆေးရုံသည် အာရှတွင် ၂၁ ခု ဖွင့်လစ်ထားပြီး၊ ဗီယက်နမ်တွင် ၃ ခုဖွင့်ထားသည်။ ဟိုချီမင်းမြို့ထဲတွင် တခု၊ မြို့ပြင် ယခု ကျွန်ုပ်တို့စက်ရုံရှိရာ ဗီယက်နမ်-စင်ကာပူ စက်မှုဇုံ VSIP အနားတွင်တခု၊ နောက်တခုမှာ ဗီယက်နမ်မြို့တော် ဟနွိုင်းမြို့တွင် တခုဖွင့် ထားသည်ဟု ဆိုပါသည်။ ဗီယက်နမ် ဆိုရှယ်လစ်အစိုးရမှာ အခြေခံလူတန်းစားများကို လစာ 3,000,000 d (US$ 150) သတ်မှတ်ထားသည်။ ထိုငွေဖြင့် လူတိုင်း စားဝတ်နေရေး၊ အိုကေ၊ အဆင်ပြေကြသဖြင့် ဆေးရုံတွင်လည်း ၀န်ထမ်းများစွာ ခန့်ထားနိုင်ပါသည်။ ဆေးရုံလုပ်ငန်းမှာ ကုသိုလ်လည်းရ၊ ၀မ်းလည်းဝဖြစ်သော်လည်း ၀ိသမစီးပွားရေးသများများကြောင့် အသပြာဆေးရုံများ ဖြစ်သွားတတ်သည်။ ထို့ကြောင့် ဗီ ယက်နမ်တွင် အစိုးရက ထိန်းကျောင်းပေးပါသည်။ နိုင်ငံခြားသားဆေးရုံ နှင့် ဒေသခံများဆေးရုံ ၂ မျိုးရှိပါသည်။ အင်္ဂလိပ်စကားပြောတတ်ပါက ဆေးရုံသူနာပြုမှာ လစာ US$ 300 အထက်ရနိုင်ပြီး၊ အင်္ဂလိပ်စကားမတတ်ပါက US$ 200 အောက်သာ ရရှိမည်ဖြစ်သည်။
ဗီယက်နမ်များသည် နိုင်ငံခြားသားကို ပျုငှာခြင်းမဟုတ်၊ ပင်ကိုယ်စိတ်ရင်းပျုငှာမှုဟု စာရေးသူ ယူဆပါသည်။ စာရေးသူတွေ့ဆုံသော ဗီယက်နမ်အများစုမှာ နိုင်ငံခြားသားများ လစာဒေါ်လာထောင်သောင်းချီရသော်လည်း မနာလို၊ Chop ခေါင်းပုံဖြတ်လိုစိတ်မရှိသူ၊ ရတာ နဲ့ကျေနပ်သူများ ဖြစ်ကြပါသည်။ ရာဇ၀တ်မှုလည်းနည်းပါးပြီး၊ မိန်းမပျက်လုပ်ငန်းလည်း မရှိသလောက်ပင်ဖြစ်သည်။ ဘာသာတရား မရှိ သူများဖြစ်သော်လည်း လူမှုရေး၊ ကြီး၊ ငယ် ရိုသေလေးစားမှု Seniority ရှိပါသည်။ ဗီယက်နမ်တွင် အဖြူကောင်ဆိုသူ ဥရောပ၊ အမေရိကား တိုက်သားများမှာ Not Welcome အဆင့်တွင်ရှိသည်။ ပြင်သစ်၊ အမေရိကန် ကိုလိုနီဖြစ်ခဲ့ဖူးပြီး၊ တရုတ် – အမေရိကန် စစ်အေးခေတ်က နိုင်ငံခြားသားများကြောင့် တိုင်းပြည်လုံးပါးခဲ့သည်ကို ဗီယက်နမ်များ မမေ့ကြပါ။ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်များရှိကြပြီး၊ ဂျပန်နှင့်ကိုးရီး ယားများပင်လည်း ဗီယက်နမ်စကားမတတ်ပါက လူရာသွင်းမခံရပါ။ မြန်မာပြည်မြစ်ဆုံစီမံကိန်းကဲ့သို့ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီများ၏ ခေါင်းပုံဖြက်မှုကို ခံခဲ့ပြီးဖြစ်၍၊ ယခုနိုင်ငံတည်ထောင်ရာတွင် အမေရိကန်၊ တရုတ်တို့ထက် ရုရှားနိုင်ငံအကူအညီကို အများဆုံးယူထားပါသည်။ ဗီယက်နမ်၏ အလွန်ကြီးမားလှသော ကမ်းလွန်ရေနံလုပ်ငန်းအများစုကို ရုရှားရေနံကုမ္ပဏီများအား လုပ်ပိုင်ခွင့်ပေးထားပြီး၊ လူငယ်ပညာ တော်သင် အများစုမှာ ရုရှားနိုင်ငံသို့သွားနေဆဲဖြစ်သည်။

● ဆရာဝန်နှင့် နောက်ဆုံးတွေ့ဆုံခြင်း

Dr. Lam နှင့်တွေ့ရန် အမျိုးသမီးတဦး ပြုံးရွှင်စွာ လာခေါ်ပါသည်။ ဆရာဝန်အခန်းတွင် ၁၀ မိနစ်ခန့် ဆရာဝန်က သွေးစစ်ရလဒ်၊ ဦးနှောက်စစ် ဆေးမှုရလဒ်များကို ကွန်ပြူတာတွင် ပြသပြီးရှင်းပြပါသည်။ အားလုံးကောင်းပါသည်။ ဦးနှောက် အာရုံဆေး (ခေါင်းမူးခြင်းအတွက်) Betaserc 24MG, Tanganil 500mg ဆေးများ တပတ်စားသုံးရန် ပေးလိုက်ပါသည်။ နောက်တစ်ပတ် ပြန်လာရန် ချိန်းလိုက်ပါသည်။ ထို ဆေးများကို အင်တာနက်တွင်ရှာဖွေကြည့်ရာ ဦးနှောက်ဆေးများဖြစ်သည်။ တပတ်စားသောက်ပြီးပါ သက်သာသွားလျှင် နောက်ဆက်စား ရန်မလိုတော့ဟု Dr.Lam ကပြောပါသည်။ ဦးနှောက်အားဆေး Neuro နှင့်မတူပါ။ ကျေနပ်ပါသည်။ မိမိဦးနှောက်ကို မလိုအပ်သည့် စိတ် ဖိစီးမှုများ (ဥပမာ – ဇနီးသည်နှင့်ငြင်းခုံခြင်းများ) မလုပ်ရန်၊ ဇနီး၊သားသမီးများ ကွန်ပလိန်းအလုပ်မခံအောင်နေရန်၊ အလုပ်မှ ဘော့စ်နှင့် အလုပ်သမားများ ကွန်ပလိန်း၊ Complain & Protest သိပ်မလုပ်ရန် စိတ်နေစိတ်ထား Attitude ပြောင်းလဲဖို့လိုသည်ဟု သိရပါသည်။ ဗီယက်နမ်ဆရာဝန်ကတော့ စိတ်ဖိစီးမှုကိုမပြောပါ။ စင်ကာပူမှ ဆရာဝန်များကတော့ စိတ်ဖိစီးမှုကို အဓိကထားပြီးပြောပါသည်။
နောက်ဆုံး Billing Department တွင် ဆေးစစ်ရလဒ်များ၊ ဦးနှောက်ဓါတ်ပုံများကိုပေးအပ်က ကုန်ကျစရိတ် စုစုပေါင်း ဒေါ်လာ US$ 140 နှင့်ညီမျှသည့် ဗီယက်နမ် ဒေါင်းငွေ 2,700,000 d နှစ်သန်း ၊ခုနှစ်သိန်းကို ပေးလိုက်ပါသည်။ စိတ်ကျေနပ်မှုနှင့်၊ ဆေးသောက်ပြီးနောက်၊ စိတ်ဖိစီးမှုများကျဆင်းသွားသောကြောင့် နောက်နေ့တွင် ခေါင်းမူးရောဂါ ပျောက်သွားပါသည်။

● နိဂုံး

CT Scan ကို အမေရိကန်တွင် ငါးထောင်ပေးရသည်။ စင်ကာပူတွင် တစ်ထောင်ခန့်ပေးရသည်။ ထိုင်းနိုင်ငံတွင် နှစ်ရာခန့်ပေးရပြီး၊ ဗီယက် နမ်တွင် ခုနှစ်ဆယ်သာပေးရသည်။ မြန်မာပြည်တွင် ဘယ်လောက်ကျသင့်ပါသလဲ မေးချင်ပါသည်။

ရည်ညွှန်း –

CT Scan – X-ray CT Computed Tomography
MRI – Magnetic resonance imaging
VSIP – Vietnam Singapore Industrial Park
Sumsung vs Apple – Patent and Loyalty court issue in 2012

LWIN PWIN
NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

No comments:

Post a Comment