Monday, March 4, 2013

လယ်ယာမြေများအား မတ်လကုန် နောက်ဆုံးထား မှတ်ပုံတင်ရမည်ဟု သတ်မှတ်ခြင်းမှာ ကုမ္ပဏီကြီးများကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပေးလိုက်ခြင်းဟု ဝေဖန်မှုများ ရှိလာပြီးနောက် သတ်မှတ်ကာလတိုးမြှင့်




လယ်ယာမြေသိမ်းယူမှု ပြဿနာများအား ဖြေရှင်းမှုမပြုနိုင်မီ လယ်ယာမြေမှတ်ပုံတင် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် မတ်လကုန်အပြီးမှတ်ပုံတင်စေခြင်းမှာ သိမ်းယူထားသည့်ကုမ္ပဏီကြီးများအား ပိုင်ဆိုင် ခွင့် ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် လယ်ယာမြေ မှတ်ပုံတင်ကာလအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်အထိ တိုးမြှင့်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်အရ မတ်လ ၃ ရက်နေ့က သိရှိရသည်။

လယ်ယာမြေ မှတ်ပုံတင်ခြင်း လုပ်ငန်းများအား တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ကွပ်ကဲမှုဖြင့် သက်ဆိုင် ရာ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဋ္ဌာနမှ ကွင်းဆင်းဆောင်ရွက်နေပြီး မှတ်ပုံတင်ကြေး အနေဖြင့် လယ်ယာမြေ မှတ်ပုံတင်အရ ဦးပိုင်လုပ်ကွက် တစ်ကွက်လျှင် ကျပ် ၅၀၀ သာ ပေးသွင်းရန် လိုအပ်ကြောင်းလည်း ထုတ်ပြန် ခဲ့သည်။

စက်မှုဇုန်နှင့် စက်မှုလယ်ယာများ အကောင်အထည် ဖော်နိုင်ရန် မြန်မာနိုင်ငံရှိ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေဧက ၉ သန်းအား ပုဂ္ဂလိကနှင့် ကုမ္ပဏီကြီးများထံ လွှဲပြောင်းလုပ်ကိုင်ခွင့် ပြုထားသော်လည်း စက်မှုဇုန်နှင့် စက်မှုလယ်ယာအဖြစ် အကောင်အထည် ဖော်နိုင်မှုမှာ ခွဲဝေရယူထားသော မြေဧက ၉ သန်း၏ ၂၉ ရာခိုင်နှုန်းသာ ရှိနေပြီး အဆိုပါ ၉သန်းတွင် လယ်သမားများထံမှ ၈၀ရာခိုင်နှုန်းခန့် သိမ်းယူ ခဲ့ခြင်း ဖြစ်ကြောင်း လယ်ယာမြေနှင့် ဆက်နွှယ်နေသူများက ပြောကြားသည်။

လက်ရှိကာလတွင် ဖြစ်ပွားနေသည့် မြေယာပြသနာများမှာ ၂၀၁၂ လယ်ယာမြေဥပဒေ အသက် မ၀င်မီ ဖြစ်ပွားခဲ့သည့် လယ်ယာမြေ ပြဿနာများအား မည်သည့် ဥပဒေဖြင့် ဖြေရှင်းပေးရန် ဆိုသည့် ပြဋ္ဌာန်းချက်နှင့် တရားမျှတစွာ ဖြေရှင်းပေးရေးမူ ပါဝင်မလာသဖြင့် မြေယာပြဿနာ ဖြေရှင်းရေး ဥပဒေတစ်ရပ် ထွက်ပေါ်လာရန် လိုအပ်ကြောင်းလည်း Purple Equity Law Firm မှ အတိုင်ပင်ခံ ဥပဒေ ပညာရှင် ဦးဖိုးဖြူက ပြောကြားခဲ့ပါသည်။

အလားတူပင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် တပ်မတော်မှ တပ်မြေအဖြစ်သိမ်းယူခဲ့သည့် လယ်မြေများမှာလည်း ဧကပေါင်း ၂၄၇၀၇၇.၆၀ အထိ ရှိနေကြောင်းလည်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်မှ သိရသည်။

လယ်ယာမြေမှတ်ပုံတင်ခြင်းအား မတ်လကုန်အပြီး ဆောင်ရွက်မည် ဆိုခြင်းကို နောက်ဆုတ်ပေး ရန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မြန်မာငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုတွင် ပြည်ထောင်စုဝန်ကြီးများနှင့် အလုပ်သမား အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် တွေ့ဆုံစဉ် တောင်ဒဂုံမြို့နယ် ပွင့်လင်း \လူ့အဖွဲ့အစည်း မှ ဒေါ်ဆုမွန် မှ တောင်းဆိုခဲ့ကြောင်းလည်း သိရသည်။

ပြည်ထောင်စုချုပ် မြေအသုံးချမှု စာရင်းအရ လက်ရှိလယ်ယာမြေ စိုက်ပျိုးမြေဧကမှာ ၃၀.၂၅သန်း အထိ ရှိနေကြောင်းလည်း သိရသည်။
From...Eleven Media Group

No comments:

Post a Comment