Monday, March 4, 2013

ဖင်လန်က မြန်မာဖွံ့ဖြိုးရေးအတွက် ယူရို ၆ သန်းခွဲ ကူညီမည်


တနင်္လာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၅၂ မိနစ် ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖင်လန်နိုင်ငံမှ ယူရိုငွေ ၆သန်းခွဲ (အမေရိကန်ဒေါ် လာ ၈ သန်းခွဲခန့်) အကူအညီပေးသွားမည်ဟု ဖင်လန်နိုင်ငံ သမ္မတ က ပြောကြားလိုက်သည်။

ထိုအကူအညီကို ၂၀၁၄ ခုနှစ်တွင် ပေးအပ်သွားမည်ဟု မြန်မာ သမ္မတ ဦးသိန်းစိန်နှင့်အဖွဲ့ ဖင်လန်နိုင်ငံ သို့ ရောက်ရှိနေစဉ် မတ်လ ၁ ရက်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဖင်လန်နိုင်ငံ အနေဖြင့် ပဲရစ်ကလပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အားလျော်စွာ မြန်မာနိုင်ငံမှ ရရန် ကြွေးမြီများ၏ ၅၀ ရာခိုင်နှုန်းကို ပယ်ဖျက်ပေးခဲ့ပြီး ဖြစ်သည်။ ထို့အပြင် ကောင်းမွန်သော အုပ်ချုပ်မှုစနစ် တည်ထောင်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းမှု တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်း ဖင်လန်နိုင်ငံအနေဖြင့် ပါဝင်နိုင်သည်ဟု ဆိုသည်။

ဖင်လန်သည် မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ၁၉၅၄ ခုနှစ်ကပင် စတင်ထူထောင်ခဲ့ရာ လာမည့် နှစ်တွင် နှစ်ပေါင်း ၆၀ ပြည့်တော့မည် ဖြစ်သည်။

“ကျနော့်အနေနဲ့ ကမ္ဘာ့နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ပြည်သူများရဲ့ လူမှုစီးပွား ဘဝတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးပိတ်ဆို့မှုများ ရုတ်သိမ်းရေး၊ ကြွေးမြီ ကိစ္စများ အပြီးသတ် ရှင်းလင်းနိုင်ရေး စတဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ လိုအပ်တဲ့ အကူအညီများ ရရှိနိုင်ဖို့ ဥရောပနိုင်ငံ များကို သွားရောက်နေတာ ဖြစ်ပါတယ်” ဟု ဦးသိန်းစိန်က ၎င်း၏ မတ်လ ၁ ရက်နေ့ အသံလွှင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ဥရောပါ ငါးနိုင်ငံခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က နော်ဝေးနိုင်ငံ သို့ စတင်ရောက်ရှိခဲ့ပြီး သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီနိုင်ငံများသို့လည်း ဆက်လက်သွားရောက်မည် ဖြစ်သည်။
Mizzima - News in Burmese
 

No comments:

Post a Comment