နှစ်ဖက်စလုံးမှ စစ်ဘက်ရေးရာ ခေါင်းဆောင်များ ပါ ၀င်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်အဖွဲ့နှင့်
KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့၏ ဆွေးနွေးပွဲကို မတ်လ ၁၁
ရက်နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ပြီး တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ
ကျင်းချိန် (Jind Cheng) ဟိုတယ်၌ ပြုလုပ်နေပြီ ဖြစ်ပါသည်။
တရုတ်အစိုးရ၏
စီစဉ်ပေးမှုဖြင့် ထပ်မံ တွေ့ဆုံခဲ့သော မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲ တွင်
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ
ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အပြင် ကာကွယ်ရေးဝန်ကြီးဌာနမှ
အထူးစစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး ၊ မြောက်ပိုင်းတိုင်း
စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်နယ်ဝန်ကြီးဗိုလ်မှူးကြီး
သန်းအောင်တို့လည်း ပါဝင်ခဲ့ကြောင်းသိရသည်။ KIO/KIA ငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့ကို ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ခဲ့ပြီး KIA ၏ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် အက်စ်ဂွမ်မော်၊ ဗိုလ်မှူးကြီး ဇော်ရော်၊
ဗိုလ်မှူးကြီးလဖိုင်လ၊ ဗိုလ်မှူးကြီး ခွန်နောင်၊ ဆလန်ကဘာ ခွန်နောင်၊
ဗိုလ်မှူးကြီး ဇော်တောင်၊ ဒုတိယဗိုလ်မှူးကြီး နော်ဘူ၊ ဗိုလ်မှူးဆင်းခေါ၊နှင့် ဦးနော်ထွဲ တို့ ပါဝင်ခဲ့ ကြပါသည်။"တပ်မတော်ရဲ့ ပါဝင်မှုကိုတော့ ဆွေးနွေးပွဲ ပြီးရင်သိရမှာပါ။ အခုကတော့အားလုံးသိတဲ့ အတိုင်းပဲ ငြိမ်းချမ်းရေးရဖို့ဆိုရင် တပ်မတော်မပါဘဲနဲ့ ပြီးမှာမဟုတ်ဘူး။ တပ်မတော်က မပါလို့ မရတဲ့ အတွက်ကြောင့်မလို့ ဒီနေ့တာဝန်ရှိတဲ့ သူတွေပါလာတယ်။ တာဝန်ရှိတဲ့သူတွေ ပါလာတဲ့အတွက် အကောင်း ဆုံး ဖြစ်မယ်လို့တော့ ကျွန်တော်တို့ဘက်က မျှော်လင့်တယ်”ဟု ကာကွယ်ရေးဝန်ကြီးဌာနမှ အထူး စစ်ဆင်ရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆွေးနွေးပွဲ မစတင်မီအချိန်က ပြောကြားခဲ့ပါသည်။
"တပ်တွေ ရှုပ်ထွေးနေတယ်ဆိုတဲ့ ကိစ္စမှာတော့ ဒီဆွေးနွေးပွဲမှာ သိရမှာပေါ့။ ဘယ်ဟာကို အရင်လုပ်မလဲ။ အပစ်အခတ် ရပ်စဲရေးကိုအရင်လုပ်မလား။ တပ်တွေ နေရာချထားမှုကို ညှိတာအရင်လုပ်မလားဆိုတာ ဒါကို ဒီနေ့ ဆွေးနွေးပွဲမှာညှိမှာပေါ့"ဟု ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဆက်လက် ပြောကြားခဲ့သည်။
ဆွေးနွေးပွဲသို့ အသိသက်သေများအနေဖြင့် တရုတ်အစိုးရမှတာဝန်ပေးခဲ့သော အစိုးရအဖွဲ့ဝင်များ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)အဖွဲ့၏ ကိုယ်စားလှယ်များအဖြစ် ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ဒေးဗစ်သာကပေါ မွန်ပြည်သစ်ပါတီ (MNSP) ၏ ဥက္ကဋ္ဌ နိုင်ထောမွန်၊ ပအိုဝ် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဦးခွန်ဥက္ကာနှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP) မှ ဦးခူဦးရယ်တို့ တက်ရောက်မည် ဖြစ်ကာ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ ဗိုလ်မှူးကြီး စိုင်းတူးနှင့် ဗိုလ်မှူး ဘထွန်း၊ ရှမ်းပြည် တပ်မတော် (RCSS/SSA) မှ ဗိုလ်မှူးချုပ် စိုင်းလူနှင့် ဗိုလ်မှူး စိုင်းဦး၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ရှမ်းပြည်နယ် အရှေ့ပိုင်း) (NDAA/ESS) မှ ဦးအိုက်ရှားလနှင့် ဦးခမ်းမောင်တို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြစ်ကြီးနား အခြေစိုက် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ (PCG) မှ ဦးယွပ်ဇော်ခေါင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။
"ဒီနေ့ ဆွေးနွေးပွဲကတစ်ဆင့် ယုံကြည်မှု တည်ဆောက်တာ တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်တယ်။ နောက်ပြီး ဒီကနေ တစ်ဆင့်လိုအပ်တဲ့ ညှိနှိုင်းမှုတွေ အဆင့်လိုက် အဆင့်လိုက် ရရှိတဲ့အပေါ်မှာ အဓိပါယ်ပြည့် ၀တဲ့ နိုင်ငံရေး ဆွေးနွေးပွဲက ပေါ်လာမယ်။ ဒီမှာ မပေါ်နိုင်သေးရင်တောင် နောက်တော့ ပေါ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆွေးနွေးပွဲတွင် အသိသက်အဖြစ် ပါဝင်ခဲ့သော UNFC အဖွဲ့ဝင် ပအိုဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ ဥက္ကဋ္ဌ ဦးခွန်ဥက္ကာက Eleven Media Group သို့ ပြောပါသည်။
ဆွေးနွေးပွဲ မစတင်မီ ရက်ပိုင်းအလိုက “၀” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSP/UWSA မှ ဒုတိယ စစ်ဦးစီးချုပ် ကျောက်ကျုံးတန်းနှင့် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် လီးကျူးလျဲ့(ခေါ်) ဦးအောင်မြင့်တို့ တက်ရောက်မည်ဟု သတင်းထွက် ပေါ်ခဲ့သော်လည်း တရုတ်အစိုးရမှ ပြည်ဝင်ခွင့် မပေးခဲ့သည့်အတွက် ၎င်းတို့နှစ်ဦး တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း စုံစမ်း သိရှိရပါသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံဆွေးနွေး ခဲ့စဉ်က နှစ်ဖက် ခိုင်မာသည့် စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင် အထည်ဖော်ရန် သဘော တူညီကြကြောင်း ဆွေးနွေးမှုအပြီး ထုတ်ပြန်ခဲ့သော ပူးတွဲ ကြေညာချက်တွင် ဖော်ပြခဲ့ပါသည်။
ဖေဖော်ဝါရီလ အတွင်းက နောက်ဆုံးတွေ့ဆုံခဲ့ပြီး ဖေဖော်ဝါရီလ မတိုင်မီအချိန်တွင် ထပ်မံတွေ့ဆုံရန် အတွက် ကြိုတင်စီစဉ်ခဲ့သော်လည်း အစိုးရဘက်မှကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက် ပိုင်း ဒေသ များတွင် စစ်အင်အား တိုးချဲ့မှုများဆက်လက် ပြုလုပ်နေ သဖြင့် ဆွေးနွေး ပွဲရက် နောက်ဆုတ် ခဲ့ခြင်း ဖြစ် ပါသည်။
နှစ်ဖက် စစ်ရေး ခေါင်းဆောင်များပါဝင်သော မတ်လ ၁၁ ရက်နေ့ ဆွေးနွေးပွဲသည် ဖေဖော်ဝါရီလ ၄ ရက်နေ့ ဆွေးနွေးပွဲ၌အလွတ်သဘော သဘောတူညီမှုရရှိခဲ့သည့် နှစ်ဖက်စစ်ပြေငြိမ်းရေး ဆိုင်ရာ ကိစ္စရပ် များကို ပြန်လည် သုံးသပ် ဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကာ သဘောတူညီချက် တစ်ရပ်ကို လက်မှတ် ရေး ထိုးနိုင်မည်ဆိုသော သတင်းများထွက်ပေါ်နေပါသည်။
"သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိမ့်မယ်။ သဘောတူညီချက်ကဘာလဲဆိုတာတော့ မသိရသေးဘူး။ အစိုးရတပ်တွေ KIO နယ်မြေထဲ ကျွံဝင်နေတာတွေကိုလည်း ဆွေးနွေးကြလိမ့်မယ်။ အစိုးရ တပ်ဘက်က တစိုက်မတ်မတ် တောင်းဆိုနေတဲ့ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးနိုင်တဲ့ အဆင့်အထိ ရောက်ဖို့ ဆိုတာကတော့ ဒီနေ့ ဆွေးနွေးပွဲမှာ ဖြစ်နိုင်မယ် မထင်ဘူး”ဟု အမည်မဖော် လိုသူ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် တစ်ဦးက ပြောပါသည်။
"ကျွန်တော်တို့ကတော့ သဘောတူ စာချုပ်တစ်ခု လက်မှတ်ရေးထိုးနိုင်အောင် ကြိုးစားသွားမှာပဲ။ ဒီနေ့ကလည်း ကြိုးစားတဲ့ အဆင့်ပါ"ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကိုယ်စားလှယ် အဖွဲ့ဝင် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအုန်းမြင့်က ပြောသည်။
ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA တို့သည် တရားဝင်နှင့် အလွတ်သဘော (၁၂) ကြိမ်ခန့် တွေ့ဆုံခဲ့ပြီး ထိုသို့ တွေ့ဆုံခဲ့သည့် အကြိမ်တိုင်းတွင် အပစ်အခတ် ရပ်စဲရေး ထက် နိုင်ငံရေး ဆွေးနွေးပွဲများ ဖော်ဆောင်ရန် KIO ဘက်မှ အကြိမ်ကြိမ် တောင်းဆိုမှုများ ပြုလုပ်ခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး ကချင် ပြည်နယ်အတွင်း စစ်ရေး အရှိန်မြင့်တက် မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၄ ရက်နေ့ တွေ့ဆုံမှုသည် တိုးတက်မှု ရှိခဲ့ကာ အစိုးရနှင့် KIO အကြားခိုင်မာသော စစ်ပြေငြိမ်းရေးကို အလျင်အမြန် အကောင်အထည် ဖော်နိုင်ရန် ပဋိပက္ခ ဖြစ်ပွား ရာ နေရာများကို လေ့လာ စောင့်ကြည့် စိစစ်ရေး စနစ် ပေါ်ပေါက်ရန်အတွက် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြပါသည်။
၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့က ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် KIO/KIA ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီ မြို့၌ တွေ့ဆုံ ခဲ့စဉ်က နှစ်ဖက် တပ်များ နေရာ ပြောင်းရွှေ့ရေး ကိစ္စရပ်များကို ဆွေးနွေးရန် စီစဉ်ခဲ့သော်လည်း KIO/KIA ဘက်မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်အက်စ်ဂွမ်မော်တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက်ကာကွယ်ရေး ၀န်ကြီးဌာနမှ အထူး စစ်ဆင်ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးလည်းတက်ရောက်ခြင်း မပြုခဲ့သဖြင့် စစ်ရေး အဖြေထွက်ပေါ် ခဲ့ခြင်း မရှိသည့်အပြင် ဒီဇင်ဘာလအတွင်း၌ စစ်ရေးအရှိန်များ မြင့်တက်ခဲ့ပါသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) တို့သည် ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ဒုတိယ အကြိမ် တွေ့ဆုံခဲ့ပြီး UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နှင့် နိုင်ငံရေး ဆွေးနွေးရန် ခြေလှမ်းစတင်နိုင်ခဲ့ပါသည်။
ကာကွယ်ရေး ၀န်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် KIO/KIA ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်
From.. eleven
No comments:
Post a Comment