ပစ်ကပ်ထရပ်ကားများတင်သွင်းရာတွင် လူစီးယာဉ်အုပ်စုမှ လုပ်ငန်း သုံးယာဉ်အုပ်စုသို့ ပြောင်းလဲတင်သွင်းခွင့်ပြုလိုက်သဖြင့် ပစ်ကပ် ထရပ် ကားများကို သက်သာသောအခွန်နှုန်းထားဖြင့် တင်သွင်းနိုင်ပြီ ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိ တစ်ဦး က မြန်မာ့အလင်းသို့ပြောကြားသည်။
"ပစ်ကပ်ထရပ်ကား (Pick-up truck) ကားများကို ယခင်က လူစီးယာဉ် အုပ်စုထဲမှာပါတဲ့အတွက် အခွန်ကို ၈၀ ရာခိုင်နှုန်းသတ်မှတ်ကောက်ခံ ပါတယ်။ ဒါပေမယ့် အချို့ပစ်ကပ်တွေက အိမ်သုံးဈေးနှုန်းမြင့် ကားတွေမဟုတ်ဘဲ လုပ်ငန်းသုံး ယာဉ်တွေဖြစ်နေတဲ့အတွက်ကညနနဲ့ ညှိနှိုင်းပြီး လုပ်ငန်းသုံးယာဉ်အုပ်စုထဲကို ထည့်ပေးလိုက်ပါတယ်။ ဒီလို အုပ်စုပြောင်းထည့်ပေး လိုက်တဲ့အတွက်ကြောင့် ပစ်ကပ်ထရပ်ကားတွေ တင်သွင်းရာမှာ လည်းလုပ်ငန်း ဆိုင်ရာယာဉ်တွေ တင်သွင်းတဲ့ အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်းသာ ကောက်ခံမှာဖြစ်ပါတယ် " ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မင်းနိုင် ကပြော ကြားသည်။
မတ် ၁ရက်မှစပြီး ပစ်ကပ်ထရပ်ကားများကို တင်သွင်းရာတွင် စီးပွားရေးလုပ်ငန်းသုံးယာဉ်များ တင်သွင်းသည့် အခွန်နှုန်းထားအတိုင်း ငါးရာခိုင်နှုန်း သာ ကောက်ခံပေးလျက်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ပစ်ကပ်ထရပ်ကားများ အခွန်နှုန်းထားများသက်သာစွာ တင်သွင်းနိုင်မည်ဖြစ်သော်လည်း တံခါးပေါက်နှစ်ပေါက်ပါ ပစ်ကပ်ကားများသာ ငါးရာခိုင်နှုန်း ဖြင့်တင်သွင်းခွင့် ပြုလိမ့်မည်ဖြစ်ကြောင်း ၊ တံခါးပေါက်လေးပေါက်ပါ ကားများမပါဝင်ကြောင်းသိရသည်။
လက်ရှိ ဂျပန်ထုတ်ပစ်ကပ်ထရပ်ကားအသစ်စက်စက်တစ်စီးလျှင်ဈေးကွက်တွင် အမေရီကန်ဒေါ်လာ ၁၅၀၀၀ မှ ၁၇၀၀၀ ကြားဈေးရှိကြောင်းကားတင်သွင်းရောင်းချသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ ပစ်ကပ်ထရပ်ကားများအခွန်နှုန်းသက်သာစွာ တင်သွင်းလာနိုင်သဖြင့် ပစ်ကပ်ထရပ်ကားများဈေးနှုန်း ကျဆင်း လာနိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက ခန့်မှန်းပြောကြားလျက်ရှိသည်။
တက္ကစီယာဉ်များ၊ ဘတ်စ်ကားများ၊ ကုန်ပစ္စည်းတင်ထရပ်ကားများကိုစီးပွားရေးလုပ်ငန်းသုံးယာဉ်အဖြစ် သတ် မှတ်ပြီး အခွန်ငါးရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြုထားသည်။ သို့ရာတွင် အိမ်စီးမော်ဒယ်မြင့် ကားများကို တင်သွင်းရာတွင် အခွန် ၈၀ ရာခိုင်နှုန်း ၀န်းကျင်ကောက်ခံကြောင်းသိရသည်။
သတင်း-မောင်နွေသစ်
မြန်မာ့အလင်းသတင်းစာ (မတ်လ-၁၀,၂၀၁၃)
Credit: မြန်မာ့အလင်းသတင်းစာ
TechSpace Journal
No comments:
Post a Comment