Friday, September 7, 2012

ခြံဖောက်ခံရသည့် ခြံပိုင်ရှင် တ ရား စွဲခံရ

 
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု၌ မိမိခြံဖောက်ခံရသော်လည်း ခြံပိုင် ရှင်ကို ရဲကတရားစွဲဆိုသည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ပြောကြားချက်အရ သိရှိရ ပါသည်။

စက်တင်ဘာ ၂ ရက် နံနက် ၁၀:၃၀ နာရီ အသက် ၃၈ နှစ်ခန့်ရှိ စစ်မှုထမ်းဟောင်း နေ၀င်းအောင် (မူးယစ်ဆေးဝါးသုံးစွဲ)က လုံးစောမောင်၏ ပြောင်းဖူးခြံသို့ဝင်၍ ခိုးယူရန် ကြံစည်ရာ ရွာသားတစ်စု က တွေ့ရှိပြီး ရိုက်နှက်သည်ဟု ဆို၏။

“ရိုက်တုန်းကတော့ ခြံပိုင်ရှင် လုံးစောမောင် မပါဘူး။ ဒါပေမဲ့ ရဲနဲ့တွေ့တဲ့အခါ အဲဒီသူခိုးက လုံးစောမောင်ရဲ့ လက်ချက်လို့ ပြောတယ်” ဟု မိုင်းဝီးဒေသခံတစ်ဦးက ပြောပါသည်။

ရိုက်နှက်ဒဏ်ရာများအပြင် ဓါးရှဒဏ်ရာများ ပါရှိနေသဖြင့် အဆိုပါသူခိုးကို ရဲကစစ်ဆေးမေးမြန်း၍ မိုင်းဝီးကျေးရွာအုပ်စု ဆေးရုံသို့ ပို့ဆောင်ပြီးနောက် ထိုညပိုင်း၌ ခြံပိုင်ရှင် လုံးစောမောင် ကို ရဲက ခေါ်ယူစစ်ဆေးမေးမြန်းသည်ဟု လုံးစောမောင်နှင့် နီးစပ်သူတဦးက ပြောပါသည်။

“လုံးစောမောင်က သူမသိဘူး။ မပတ်သက်ဘူးလို့ ပြောပေမဲ့ ရဲက ရိုက်နှက်စစ်ဆေးပြီး အတင်း ဝန်ခံခိုင်းတယ်။ တကယ်လို့ ဝန်မခံရင် အမှုကြီးမယ်လို့လည်း ခြိမ်းခြောက်တယ်။ လုံးစောမောင် လည်း ကြောက်ပြီး ဝန်ခံလိုက်ရတယ်။”

ဆေးရုံရောက် အရိုက်ခံရသည့်သူခိုးအား လုံးစောမောင်မှ အစားအသောက်များ တာဝန်ယူပို့ဆောင် ရမည်ဟု ရဲကပြောကြောင်း၊ လုံးစောမောင် ထွက်ပြေးပါက ကျပ်ငွေ ၁၅ သိန်း ဒဏ်ရိုက်မည်ဟု လည်း ခြိမ်းခြောက်ထားကြောင်း သိရှိရပါသည်။

“လုံးစောမောင်ရဲ့ ပြောင်းဖူးစိုက်ခင်းက ပိုက်လိုင်းလုပ်သားတွေစခန်းနဲ့ သိပ်မကွာဘူး။ အလွန်ဆုံး ကိုက် ၂၀ − ၃၀ လောက်ဘဲရှိတယ်။ အဲဒီစခန်းမှာ သွားခိုးလာလို့ ဓားဒဏ်ရာရလာတယ် ထင်တာဘဲ။ ရွာသားတွေ ဝိုင်းရိုက်တုန်းကတော့ ဓားမပါဘူးဘဲ” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

မိုင်းဝီးဒေသ၌ မူးယစ်ဆေးဝါး အလွန်ပေါများပြီး ဒေသအာဏာပိုင်များက မူးယစ်ဆေးဝါး ပပျောက် အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိကြောင်း၊ ဘိန်းဖြူ ယာဘများကြောင့် ဒေသခံ အများအပြား ပျက်စီးနေကြောင်း၊ ထို့ကြောင့် ခိုးယူလုယက်မှုလည်း များပြားလာကြောင်း ဒေသခံများက ပြောပါ သည်။

“အရိုက်ခံရတဲ့သူခိုးက စစ်ထွက် ဗမာလူမျိုးဆိုတော့ ရဲနဲ့အကျွမ်းတ၀င်ရှိတာပေါ့။ ဒါကြောင့် တရားခံက တရားလိုဖြစ်သွားပြီ။ တကယ်လို့ သူခိုးက သျှမ်းလူမျိုးတာဖြစ်ရင် သေချင်သေဆိုပြီး ပစ်သွားမှာဘဲ” ဟု ဒေသခံနောက်တစ်ဦးကလည်း ပြောပါသည်။

လုံးစောမောင်ကို တရားစွဲဆိုရန် ဒေသရဲက နမ့်ခမ်းရဲစခန်းနှင့် နမ့်ခမ်းတရားရုံးထံ အကြောင်း ကြား ထားပြီဖြစ်ကြောင်း သိရှိရပါသည်။
From: ShanNews

No comments:

Post a Comment