Tuesday, September 11, 2012

လစာ မလုံလောက်ဟု အကြောင်းပြကာ တပ်မတော်သားများ ပြည်သူများထံမှ အတင်းအဓမ္မ ငွေကောက်


ရခိုင်ပြည်နယ် ကျောက်တော်နှင့် ချင်းပြည်နယ် ပလက်ဝမြို့ အကြား ကုလားတန် မြစ်ကြောင်း  အတိုင်း သယ်ယူ ပို့ဆောင်နေသော စက်လှေများမှ လစာ မလုံလောက်ဟု အကြောင်းပြကာ တပ်မတော်သားများက အတင်း အဓမ္မ ငွေကောက်ခံနေသည်ဟု ဒေသခံများက ပြောသည်။

“ ကျွန်တော်တို့ ကျောက်တော်ကနေ ပလက်ဝ အထက်ပိုင်းကို ကုန်ပစ္စည်း တင်ပို့နေတဲ့ စက်လှေ တစ်စီးကို အ သွားအပြန် ကျပ်ငွေ ၁၀၀၀၀ စီ ကျောက်တော်အခြေစိုက် ခမရ ၃၇၅ ကို ပေးရပါတယ်။ သူတို့ တောင်းတဲ့ ငွေကို မပေးရင် မသွားရဘူး။ သူတို့ ဆီက ငွေသွင်း တဲ့ ပြေစာ လက်မှတ်ပါမှ သွားလာလို့ရပါတယ်” ဒေသခံ စက်လှေပိုင်ရှင် တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ထိုသို့ ကောက်ခံနေခြင်းမှာ လစာ မလုံလောက်သဖြင့် တပ်သားများကို ထောက်ပံ့ရန်အတွက် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။
“ တပ်က အကြောင်း ပြတာက ငါတို့မှာ လစာနဲ့ မလုံလောက်ဘူး။ ခင်ဗျားတို့ဆီက ရတဲ့ငွေနဲ့ တပ်ထဲမှာ ရံပုံငွေအဖြစ် စုဆောင်းပြီးတော့ တပ်သားတွေကို ပေးနေရတယ်လို့ သူတို့က အကြောင်းပြ ပြောဆိုပါတယ် ” ဟု ကျောက်တော်မှ စက်လှေ ပိုင်ရှင်တစ်ဦးက ပြောသည်။
ယခု စစ်တပ်ကို ငွေပေးသွင်းပြီး သွားလာနေကြသော စက်လှေများမှာ ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ ပလက်ဝ  အထက် ဒလက်မြေ၊ သရွန်အိုင် များသို့ ကုလားတန် မြစ်ကြောင်း အတိုင်း ကုန်ပစ္စည်းတင်ပို့နေသော စက်လှေများဖြစ်ကြသည်။
ကျောက်တော် အခြေစိုက် ခမရ ၃၇၅ တပ်ရင်းမှ ဗိုလ်ကြီး G 1  လက်မှတ်ဖြင့်သာ သွားလာ နေကြပြီး လက်မှတ် မပါက သွားခွင့် မပြုကြောင်း  သူက ဆိုသည်။
အဆိုပါ စက်လှေများသည် အကောက်ခွန်ဌာနနှင့် မြို့နယ် စည်ပင်သာယာတို့အား  တရားဝင် အခွန်ဆောင်ထားသော စက်လှေများ ဖြစ်ကြပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် အကြား သွားလာခွင့်ရထားသော စက်လှေများ  ဖြစ်ကြသည်။
တပ်စခန်းတွင် မီးထွန်းရန်အတွက်ဟု ဆိုကာ ကုလားတန် မြစ်ကမ်းဘေးရှိ ကင်းစခန်းများမှလည်း စက်လှေ တစ်စီးကို ဒီဇယ်ဆီ ၃ ပုလင်းစီ ကောက်ယူနေသည်ဟု လည်း အဆိုပါ စက်လှေ ပိုင်ရှင်က ပြောသည်။
၎င်းပြင် ကုလားတန် မြစ်ကြောင်း တွင် သွားလာနေသော စက်လှေများ ပေါ်တွင်  ပါလာသော ကုန်ပစ္စည်းများအလိုက်  မီးဝစခန်းမှ  ငွေများ ကောက်ယူနေသည်ဟုလည်း ပလက်မြို့သို့ ကုန်ပစ္စည်း တင်ပို့နေသူ ကုန်သည်တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

“ ကျွန်တော်တို့ ကျောက်တော်ကနေ ပလက်ဝအထက်ပိုင်းကို တင်ပို့နေတဲ့ ရေနံဆီ တစ်ပီပါကို ၅၀၀၀ ကျပ်၊ ဓါတ်ဆီ တစ်ပီပါ ၅၀၀၀၊ သကြား တစ်အိတ်ကို ၅၀၀၊ ပဲ၊ ကြက်သွန်၊ ငါးခြောက် တစ်အိတ် ကို ၃၀၀ ကျပ်စီ ပေးရ သလို အိန္ဒိယဖက်က ၀င်တဲ့ ပစ္စည်းတွေကျပြန်လည်းငွေကောက်ပါတယ်”  ဟု ဆိုသည်။
ကျောက်တော်မှ ပလက်ဝဖက်သို့ တင်ပို့သော ကုန်ပစ္စည်းများမှာ ဒီဇယ်ဆီ၊ ဓါတ်ဆီ၊ ငပိ၊ ငခြောက်၊ ငါးစိမ်း၊ အ၀တ်အထည်နှင့် လူသုံး ကုန်ပစ္စည်းများ တင်ပို့ပြီး အိန္ဒိယဖက်မှ ထမင်းချက်ပေါင်းအိုး၊ ဆိုလာ၊ လက်ကိုင်ဖုန်း များ တရားမ၀င်သွင်းသည့်အပြင် ပလက်ဝမှ ဥယျာဉ်ထွက် သီးနှံများ တင်ပို့သည်။
နိုင်ငံတော်အစိုးရမှ ထုတ်ပေးသော သာမန် တပ်သားတစ်ဦးမှာ လစာငွေ ၇၅၀၀၀ ကျပ်သာ  ဖြစ် သဖြင့် တပ်မတော်သား  မိသားစုများမှာ အဆိုပါလစာဖြင့် လုံလောက်မူ မရှိကြောင်း တပ်မတော် သားများက ပြောဆိုသည်ဟု သိရသည်။

From: NarinJara

No comments:

Post a Comment