Sunday, September 23, 2012

နန်းဆု အနှစ်သက်ဆုံး အလှအပ ပြုပြင်ထိန်းသိမ်းမှု



ရုပ်ရည် ရူပကာ အဆင်းတင့်တယ် လှပမှု၊ ဖက်ရှင် လှပမှု တွေဟာ သရုပ်ဆောင်၊ မော်ဒယ် အနုညာရှင်တွေအတွက် အရေးပါတဲ့ အခြေခံ အချက်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။


ဒီအချက်တွေ အခြေခံပြီး သရုပ်ဆောင် အနုပညာရှင် ဖြစ်လာကြသလို ပရိသတ် အတွက်ကိုယ့်ရဲ့ ဆက်လျှောက်မယ့် အနုပညာ ခရီး အတွက်လည်း ဒါတွေကို ဆက်လက်ထိန်းသိမ်းကြရ ပြန်ပါတယ်။ 
ဒါပေမဲ့ တကယ် လျှမ်းလျှမ်းတောက် အောင်မြင်သွားတဲ့ အနုပညာရှင် တွေမှာတော့ တစ်ခါတစ်ရံ အားလပ်ချိန် ဆိုတာ နည်းပါးပြီး အနုပညာ အတွက် အချိန်ကို လုယူနေရ တာကြောင့် အလှအပ အတွက် ထိန်းသိမ်းမှုတွေ လျော့နည်းလေ့ ရှိတတ်ပါတယ်။
ဒီအထဲမှာ နန်းဆုရတီစိုးလည်း ပါဝင်ပါတယ်။ နန်းဆုရတီစိုးက သီချင်းတွေလည်းဆို၊ သရုပ်ဆောင်လည်း လုပ်နေတာကြောင့် အနုပညာ၂ ခုကြားမှာ အချိန်ကို ခွဲခြားလုပ်ဆောင် နေရသူပါ။


နန်းဆုက ရှိုးပွဲ ဆိုရင်လည်း နယ်ရှိုးတွေ အထွက်များပြီး သရုပ်ဆောင် အတွက် ဆိုရင်လည်း ပြည်တွင်း ပြည်ပတွေ အထိပါ သွားရောက် ရိုက်ကူးနေ ရပြီး ဒီလို ခရီးစဉ် တွေထဲမှာ အသား အရေကို အလွန် ထိခိုက်စေတဲ့ ကမ်းခြေခရီး တွေလည်း အများကြီး ပါဝင်ပါတယ်။
 ဒီလိုခရီး တွေမှာ ပင်ကို အသားအရေ ဖြူဖွေး လှပတဲ့ နန်းဆုရတီစိုးအနေနဲ့ တခြားသူတွေလောက် အသားအရေ ပြောင်းလဲတာကို သိသိသာသာကြီး မသိသာလှပေမယ့် ထိန်းသိမ်းမှုတွေတော့ လုပ်ရတယ်လို့ ဆိုပါတယ်။

အလှအပ ထိန်းသိမ်းမှုအပိုင်းမှာ အကြောင်း အရာတွေ၊ ကဏ္ဍတွေ မျိုးစုံ ရှိနေတာပါ။
ဒီအထဲ ကမှ နန်းဆုရတီစိုး အမြဲ လုပ်ဖြစ်တဲ့၊ နန်းဆုရတီစိုး အကြိုက်ဆုံး ထိန်းသိမ်းမှုက လက်သည်း၊ ခြေသည်းနဲ့ ဆံပင်လို့ ဆိုပါတယ်။

“ပင်လယ် ကမ်းခြေလို နေရာမျိုး သွားရင်တော့ မသိသာဘူး ဆိုရင်တောင်မှ အသားအရေ နည်းနည်း ပြောင်း သွားတယ်။ ဖြူရာကနေ အနီဘက် သန်းသွားတော့ ပြန်တော့ လုပ်ရတယ်။ အမြဲတစေကြီး ပေါင်းတင်တာတို့ ဘာတို့ မလုပ်ဖြစ်တာတောင်မှ ကမ်းခြေက ပြန်လာရင်တော့ Skin Care ပြန်လုပ်ဖြစ်တယ်။ အသားအရေ ပြန်လည် ပေါင်းတင် ဖြစ်တယ်။ အသီး အနှံတွေနဲ့ ပေါင်းတင်တာ များတယ်။ ဒိန်ချဉ်နဲ့လည်း ပေါင်း တင်ဖြစ်တယ်။
ဒါပေမဲ့ နန်းဆု အမြဲ လုပ်ဖြစ်တာ ပြောပါဆိုရင် လက်သည်း ခြေသည်းရယ်၊ ဆံပင်ပုံစံ ပြောင်းတာရယ်ပေါ့” လို့ နန်းဆုရတီစိုးက ဆိုပါတယ်။

နန်းဆုရတီစိုးက လက်သည်း၊ ခြေသည်း သန့်ရှင်းစင်ကြယ် လှပမှုကို အမြဲ ဂရုစိုက် လေ့ရှိပြီး လက်သည်း၊ ခြေ သည်း ဒီဇိုင်းတွေကို စိတ်ကြိုက် ပြောင်းလဲ အလှဆင်ချင် တတ်သူလည်း ဖြစ်ပါတယ်။
နန်းဆုရတီစိုး က လက်သည်း၊ ခြေသည်း ဒီဇိုင်းကို အနည်းဆုံး တစ်လ တစ်ခါ ပြောင်းလဲတတ်ပြီး ဇာတ်ကား ရိုက်ကူးေ ရးတွေ ရှိတဲ့အခါ မှာတော့ အ၀တ်အစား ဖက်ရှင်နဲ့ လိုက်ဖက်ပြီး ပြင်ဆင်လေ့ရှိတာကြောင့် တစ်ခါတစ်ရံ တစ်ပတ်တစ်ခါ ပြောင်းသွားလေ့ ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို လက်သည်း၊ ခြေသည်း ဖက်ရှင်ဒီဇိုင်း တွေထဲမှာ Crystal  ရောင်စုံ၊ ကျောက်ရောင်စုံ တွေနဲ့ ဖန်တီးတဲ့ ဒီဇိုင်း ကျောက်စီ ဆေးရေး ဒီဇိုင်းတွေကို ပိုကြိုက်တယ်လို့ နန်းဆုရတီစိုးက ပြောပြပါတယ်။


နန်းဆုရတီစိုးရဲ့ နောက်ထပ် ၀ါသနာ တစ်ခုကတော့ ဆံပင် ထိန်းသိမ်းမှုပါ။ အနုပညာ ရှင်ဖြစ်တဲ့ အတွက် ဆံပင်အလှ ခြယ်သရာမှာလည်း ဆံပင်အရောင်ဆိုးခြင်း၊ Hight Light ဖောက်ခြင်းစတဲ့ ဆံပင်နဲ့ ဆိုင်တဲ့ အရာတွေကို ငြင်းဆန်လို့ မရပြန်ပါဘူး။
ဒါတွေကလည်း လုပ်ပါများရင် ဆံပင်အသားကို ပျက်စီး စေတာပါ။ ဒီအတွက်လည်း နန်းဆုက ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်တတ်ပါတယ်။ ဆံပင်ကို ပုံစံ မျိုးစုံနဲ့ အလှ ခြယ်မှုန်းမှုကို စိတ်ဝင်စားတဲ့ နန်းဆုက ဆံပင် ပုံစံကို အဖြောင့်ထက် စာရင် ကောက်သားတွေပါတဲ့ ပုံစံကို ပိုပြီး နှစ်သက် စွာ ပြင်ဆင်လေ့ ရှိတယ် လို့ ပြောပြပါတယ်။

အခုလို မိမိ နှစ်သက်ရာ အလှအပ ထိန်းသိမ်း စောင့်ရှောက်မှု ပုံစံနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက “တကယ်တော့ အနုပညာရှင် ဆိုတာက ခန္ဓာကိုယ် တစ်ခုလုံး လှနေ နိုင်အောင်တော့ ကြိုးစားရတာ ပေါ့နော်။ သရုပ်ဆောင် ကောင်းဖို့လည်း အဓိက လိုအပ်သလို ဇာတ်ရုပ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ကလည်း အရေးကြီး တာပါပဲ။ နန်းဆုကတော့ အဲဒါတွေ အားလုံးလည်း ဖြစ်နိုင်အောင် ကြိုးစားတယ်။
ဒါပေမဲ့ ကိုယ်နှစ်သက်တဲ့ အလှအပ ရေးရာ ထိန်းသိမ်း စောင့်ရှောက်မှု လေးတွေကိုလည်း ကိုယ်က နှစ်သက် တာ ဆိုတော့ အချိန်လုပြီး လုပ်ရတာပေါ့။ လှပ သန့်စင်တဲ့ လက်သည်း၊ ခြေသည်းတွေ မြင်ရရင်၊ ဆံပင် ပုံစံတွေ တွေ့နေရရင် စိတ်အပန်း ပြေတယ်။ ပျော်ရွင်မိတယ်။
ပြီးတော့ ဒီအလှ ပြုပြင်မှုတွေ ကလည်း နန်းဆုတို့လို သရုပ်ဆောင်မှ မဟုတ်ပါဘူး၊ အပြင်က အလှအပ နှစ်သက် တဲ့ မိန်းကလေးတိုင်းလိုလိုလည်း လုပ်နေကြတဲ့ အရာတွေပါပဲ” လို့ ဆိုပါတယ်။

နန်းဆုက နောက်ပိုင်းမှာတော့ ဘယ်လိုပြောင်းလဲသွားမလဲ မသိနိုင်သေးပေမယ့် အခုချိန်ထိတော့ ဒီအရာတွေ ကို နှစ်သက်နေဆဲပါပဲ။  

ဖူးငုံမဂ္ဂဇင်း
http://shweamyutay.com

No comments:

Post a Comment