ဖုန်များတလိမ့်လိမ့်ထနေသော တောလမ်းကြမ်းထဲတွင် ကားများ သတိ ထားပြီးမောင်းနှင်နေကြသည်။ ထေရဖိုးကြီး
ဆိုသော ကရင်ရွာလေးမှ ရွာပုန်းရွာရှောင် ဒုက္ခသည်များကို အကူအညီပေးရေး
ပစ္စည်းများ သွားရောက်လှူဒါန်းရန် သွားနေကြခြင်းဖြစ်သည်။
လေးဘီး ကားများဖြစ်သော Double Cad ၊Pardo ၊Tiger တို့ကဲ့သို့ ကားမျိုးများဖြစ်၍သာ ယင်းလမ်းကိုမောင်းနိုင်ကြခြင်းဖြစ်ပြီး သာမာန် အိမ်စီးကားများသာဆိုလျင် ထိုတောလမ်းကြမ်းကို ဖြတ်နိုင်ကြမည် မဟုတ်ပေ။ ဖားအံမြို့မှ ၃ နာရီကျော်ခန့်ကားများနှင့် တောလမ်းခရီးကြမ်းကို သွားပြီးလျင် ထရေဖိုးကွီးရွာလေး ကို ရောက်ရှိကြသည်။ အသက်အရွယ်မျိုးစုံ ကရင်လူမျိုး ရွာပုန်းရွာရှောင် ဒုက္ခသည် ၁၀၀ခန့်ကိုတွေ့ ရသော်လည်း ဗမာစကားကို နားလည်ပြီးပြောနိုင်သူများမှာ လက်ချိုးရေတွက်နိုင်သည့် ပမာဏသာ ရှိနေသည်။
ဗမာစကားပြောတတ်သူ အသက်၅၀ကျော် ကရင်အမျိုးသမီးကြီး ဒေါ်အိုးကွဲကို ငြိမ်းချမ်းရေးဆိုတဲ့ စကားကို ဘယ်လိုနားလည်လဲဟု မေးကြည့်ချိန်တွင် “အမိုးလေးသေချာ မပြောတတ်ဘူး၊ အရင်ကဆို မသွားရဲဘူးမလာရဲဘူး။ တချိန်လုံးပြေးနေရတယ်။ တချိန်လုံးကြောက် နေရတယ်။ ကလေးတွေ စာမသင်ရဘူး။ အခုတော့အဲ့လိုမဟုတ်တော့ဘူး”ဟုသူမနားလည်သော ပုံစံဖြင့်ရှင်းပြသည်။
ရွာပုန်းရွာရှောင် ဒုက္ခသည်များတွင် ရင်ခွင်ပိုက်အရွယ် ကလေးငယ်များလည်းရှိနေသလို အသက် ၁၀နှစ်အောက် ကလေးငယ်များကိုလည်းမြင်တွေ့ရသည်။ သို့သော် ကရင်စကားကိုသာ နားလည်ပြီး ဗမာစကားကိုမူ နားမလည်ကြသောကြောင့် သွေးခြင်းများ အခြင်းခြင်း အပြုံးများဖြင့် နှုတ်ဆက်နေကြသော် လည်း ဖော်ရွေသော စကားများကို မပြောနိုင် ဖြစ်နေကြရသည်။
သူငယ်ချင်း သတင်းထောက်တစ်ယောက်က သူ့ တွင်ပါလာသော ပေါင်မုန့် တစ်လုံးအား ကလေးတစ်ဦး အားပေးသော်လည်း ထိုကလေးမှာ မရဲတရဲဖြင့် ယူသည်။ ပလပ်စတစ် ပါကင်ပိတ်ထားသော ပေါင်မုန့်ကို ဘာပစ္စည်းမှန်းသူမသိသဖြင့် ပါကင်ဖောက်ပေးပြီး လက်ထဲထည့်ပေးကာ စားသည့်ဟန် အမူအရာ လုပ်ပြမှသာ စားစရာမှန်းသိသည်ကို မြင်ကြရသည်မှာ စိတ်မကောင်းဖြစ်ကြရသည်။
ထိုထရေဖိုးကွီးဆိုသောရွာလေးတွင် ရွာပုန်းရွာရှောင်ဘ၀နှင့် စစ်ရှောင်ခဲ့ရသဖြင့် ယခင်က အတန်းပညာ သင်ကြား ခွင့် မရရှိခဲ့ကြသလို ဘွဲ့ရသည်အထိ အတန်းပညာသင်ကြားနိုင်ခဲ့သူ တစ်ယောက်မျှ မရှိကြောင်း၊ ယခုအစိုးရနှင့် အပစ်အခတ်ရပ်ပြီးနောက်ပိုင်းမှသာ အချို့ ကလေးငယ်များသည် ကျောင်းတက်နိုင်ကြပြီး၊ အဆိုပါ ကျောင်းသို့ ရောက်ရှိရန်လည်း တစ်နာရီခန့် လမ်းလျှောက်ရကြောင်း ဒေါ်အိုးကွဲက ပြောကြားသည်။
နှစ် ၆၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ထောက်ပံ့ရေး ပစ္စည်းများကို ရရှိခြင်းဖြစ်သည့်အတွက် ၀မ်းသာနေကြသည်။ ဆန်အိတ်များကို ပြုံးရွှင်စွာဖြင့် သယ်နေကြသည်။ ထောက်ပံ့ရေး ပစ္စည်းများတွင် ဘောလုံးများလည်းပါသဖြင့် လူလတ်ပိုင်းများက လေထိုးတံဖြင့် ဘောလုံးများ ကို လေ ထိုးနေကြ သည်။ အချို့သော ဘောလုံးများကို ကလေးငယ်များကိုင်ဆောင်ထားသော်လည်း ထိုဘောလုံးများကိုမည်သို့ဆော့ရမည်ကိုသိပုံမပေါ် ရင်ခွင်ထဲ တွင်သာ ပိုက်ထားကြသည်။
ထိုရွာမှ အသက်အရွယ်မျိုးစုံယောကျာ်း၊ မိန်းမတို့သည် စစ်ပြေးဘ၀တွင် ရွာပုန်းရွာရှောင်ကာ တောတွင်း တွင်သာနေခဲ့ကြရသဖြင့် ဗဟုသုတအလွန်နည်းပါးကြသည်။ ထောက်ပံ့ရေးပစ္စည်းများကို လှုဒါန်းသောဂျပန် နီပွန်ဖောင်ဒေးရှင်းမှ ဥက္ကဌမစ္စတာ ဆာဆာကာဝါက ဂျပန်နိုင်ငံကို သိတဲ့သူရှိလျှင် လက်ညှိုးထောင်ပါဟု စကားပြန်မှတဆင့် ရွာသားများကို မေးမြန်းရာ သိသူတတစ်ယောက်မှမရှိ၊ ဒါတင်မကသေး သတင်းထောက်များမှ ရွာသားများကို နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ကို သိပါသလားဟု မေးတော့လည်း မသိကြ။ ထိုရွာသားများကို အသိပညာ ဗဟုသုတများ တိုးတတ်စေရန် အကူအညီများစွာ ပေးရန် လိုအပ်နေသေး သည်။
ထောက်ပံ့ရေး ပစ္စည်းပေးအပ်ပွဲကို ထရေဖိုးကွီးရွာအစပ်နားတွင် ယာယီတဲလေးထိုးပြီး ပြုလုပ်ခဲ့ခြင်းဖြစ် သဖြင့် ထိုရွာပုန်းရွာရှောင် ဒုက္ခသည်များ နေထိုင်ရသည့်ပုံစံကိုမှု လေ့လာခွင့်မရခဲ့ကြပေ။ ထရေဖိုးကွီးရွာ အထိ ကားလမ်းမပေါက်သည့်အတွက် ရွာသူရွာသားများသည် ထောက်ပံ့ရေးပစ္စည်းများပေးအပ်မည့်
နေရာသို့ လမ်းလျှောက် လာခဲ့ကြခြင်းဖြစ်သည်။
ထောက်ပံ့ရေးပေးသော ဆန်အိတ်များကို ခွဲဝေပေးချိန်တွင် ရွာသူရွာသားများမျက်နှာတွင် အပြုံးပန်း များ ဝေနေသည်။ တစ်အိမ်ထောင်အတွက်ရသော ဆန်ပမာဏသည် ရက်အနည်းငယ်မျှ ၎င်းတို့အတွက် စားစရာ ရှားပါးသောဒုက္ခမှ ကင်းဝေစေမှာဖြစ်သည့်အတွက် ၀မ်းသာနေကြခြင်းဖြစ်သည်။
ထူးခြားသည်ကိုတွေ့ရသည်မှာ ကိုယ်တိုင်ကရွာပြောင်းရွာရှောင် ဒုက္ခသည်ဖြစ်ပြီး အစာရေစာ မလောက် မငှဖြစ်နေသော် လည်း မိမိအိမ်မွေးခွေးလေးကို သံယောဇဉ်ကြီးသော အသက်၅၀ ကျော်ခန့် အဖွားအို တစ်ဦးကို တွေ့ရသည်။ ဆေးတံကိုခဲပြီးဆောင့်ကြောင့် ထိုင်နေသော ထိုအဖွားအိုသည် အရွယ်ရောက် ခါစ ခွေးပေါက်လေးကို သူမ၏သားသမီးသဖွယ် ထွေးပိုက်ထားခြင်းဖြစ်သည်။ ရွာပုန်းရွာရှောင် ဘ၀နှင့် နေထိုင်စဉ်ကတည်းက ထိုကဲ့သို့သွားလေရာ ခေါ်သွားရသဖြင့် ယခုအပစ်အခတ်ရပ်ပြီး ထောက် ပံ့ရေး ပစ္စည်းများ ပေးအပ်သည်ကိုလာယူချိန်တွင်ပင် ထိုခွေးလေးကိုရွာတွင် မထားခဲ့နိုင်ပဲ ခေါ်လာပုံရသည်။
ထိုအဖွားအိုသည်လည်း ဗမာစကား မပြောတတ်ပေ။
ပြည်တွင်းစစ်အတွင်း ရွာပုန်းရွာရှောင်ရာမှ နယ်စပ်အနီးအနားရှိ တစ်ဖက်နိုင်ငံများ သို့ ရောက်ရှိသွားသော သူများရှိပြီး အပစ်အခတ် ရပ်စဲပြီး အစိုးရနှင့် ကရင်လက်နက်ကိုင်များကြား ဆွေးနွေးမှု များပြု လုပ် နေပြီဖြစ်သော် လည်း နေရပ်ဒေသကို ပြန်လည်လာရောက်ရန် ကြောက်လန့်နေကြသေး သဖြင့် ပြန် မလာသူများလည်း ရှိသေးကြောင်း၊ ထိုဒုက္ခသည်များကို ပြည်တွင်းတွင် ငြိမ်းချမ်းရေး ရရှိချိန်တွင် ပြန်လည် လာရောက်ပြီး နေထိုင်နိုင်ရန် အကူအညီများ ပေးမည်ဖြစ်ပြီး ယခုအချိန်ထိ UNHCR မှ ထောက် ပံ့ပေးနေကြောင်း မြို့ နယ်အုပ်ချုပ်ရေးမှုး ဦးစောဘထီးမိုးက ပြောကြားသည်။
“ဒီရွာပုန်းရွာရှောင် ဒုက္ခသည်တွေကို ဘ၀အတည်တကျ နေထိုင်နိုင်အောင် ပညာရေး၊ ကျန်းမာရေးတွေ တိုးတတ်လာအောင် လုပ်ပေးနိုင်ဖို့ဆိုတာက အဓိကက အစိုးရမှာတာဝန်ရှိတယ်။ အစိုးရရယ် ၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေရယ်၊ လူမှုရေး အဖွဲ့အစည်းတွေရယ် ပူးပေါင်းပြီး ကူညီပေးဖို့လိုအပ်တယ်။ အစိုးရကခွင့်ပြုချက်ပေးဖို့က အဓိကကျတယ်”ဟု KNUအဖွဲ့မှ ဦးစောရော်ဂျာခင် ကပြောကြားသည်။
ယခုအခါ အစိုးရနှင့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု များ ပြုလုပ်နေကြပြီဖြစ်ပြီး ရွာပုန်းရွာရှောင်ဒုက္ခသည်များကို ဦးစားပေးကာ အကူအညီများပေးရန် သဘောတူညီမှု ရရှိထားကြသည်။ ပြည်တွင်းတွင် ရွာပုန်းရွာရှောင် ဒုက္ခသည်ပေါင်း နှစ်သိန်း တစ်သောင်းလေးထောင် ရှိနေပြီး နယ်ခြားဒေသများသို့ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်သိန်းလေးထောင်ကျော် ရှိရာ ၎င်းတို့၏ဘ၀နေထိုင်မှု အတည်တကျ ဖြစ်စေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသုများက စီစဉ်လျက်ရှိနေကြပြီ ဖြစ်လေသည်။ထို့ကြောင့် ငြိမ်းချမ်းရေး အဓွန့်ရှည်ပြီး ရွာပုန်းရွာရှောင်ဒုက္ခသည်များ ဘ၀များမှ အမြန်ဆုံးလွတ်မြောက်ပြီး ပြည်ထောင်စုသားခြင်း တန်းတူ ညီမျှ နေ နိုင် ရန်မျှာ်လင့်နေကြရသည်မှာ မဝေးတော့ပြီ ထင်ရပေသည်။
ဆုဝေ
The Myanma Age

No comments:
Post a Comment